NLD အစိုးရ လက်ကျန်သက်တမ်းအတွင်း အကောင်အထည် ပေါ်လာစရာမရှိဘူးလို့ သုံးသပ်ခံနေရတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း ဘာတွေ ဆက်ဖြစ်လာမလဲ

NLD အစိုးရ လက်ကျန်သက်တမ်းအတွင်း အကောင်အထည် ပေါ်လာစရာမရှိဘူးလို့ သုံးသပ်ခံနေရတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း ဘာတွေ ဆက်ဖြစ်လာမလဲ
NYDC က ဆက်လက်လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်ဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်းအတွင်းမှ ဒေသခံပြည်သူများအား မြေပေးမိန့်ထုတ်ပေးနေမှု မြင်ကွင်းကို တွေ့ရစဉ်  (Photo - NYDC)
NYDC က ဆက်လက်လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်ဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်းအတွင်းမှ ဒေသခံပြည်သူများအား မြေပေးမိန့်ထုတ်ပေးနေမှု မြင်ကွင်းကို တွေ့ရစဉ် (Photo - NYDC)
Published 28 June 2020
ဖြိုးဝေ

(၁)

ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဝေဖန်ခံရမှုတွေ၊ မျှတတဲ့အကျိုးအမြတ်ခွဲဝေမှု မရှိဘူးလို့ ဝေဖန်ခံရမှုတွေနဲ့ မြန်မာ့အချုပ်အခြာအာဏာကို တရုတ်နိုင်ငံလက်ထဲကို အပ်နှင်းလိုက်သလိုဖြစ်စေနိုင်တဲ့ အလားအလာတွေ ကြောင့် အစိုးရနှစ်ဆက် လုပ်ဆောင်နေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ NLD အစိုးရရဲ့ လက်ကျန်သက်တမ်း ကိုးလကျော်အတွင်း မှာ အကောင်အထည်ပေါ်လာမှာ မဟုတ်ဘူးလို့ သုံးသပ်ခံနေရပြီ ဖြစ်ပါတယ်။

လက်ရှိမှာ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးမြင့်ဆွေက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ်တာဝန်ယူ ခဲ့စဉ် ၂၀၁၄ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ထံ ရန်ကုန်မြို့သစ်စီမံကိန်းကို မြန်မာ့စေတနာ မြို့သစ်အများပိုင် ကုမ္ပဏီက လုပ်ဆောင်မယ်ဆိုတာနဲ့ မြေဧကပေါင်း ၃၀၀၀၀ အပေါ်မှာ ရန်ကုန်မြို့သစ် တည်ဆောက်သွားမှာဖြစ်တယ်လို့ သဝဏ်လွှာ ပေးပို့ခဲ့ချိန်ကစပြီး ဒီမြို့သစ်ဟာ တရုတ်က ထိန်းချုပ်သွားနိုင်မယ်လို့ ဝေဖန်ကန့်ကွက်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။။ ဒီလိုဝေဖန်သံ ကလည်း မှန်ကန်ခဲ့ပြီး လက်ရှိ ရန်ကုန်တိုင်း အစိုးရတည်ထောင်ခဲ့တဲ့ NYDC ကုမ္ပဏီရဲ့ CEO ဦးသိမ်းဝေကလည်း တရုတ်အစိုးရရဲ့ CCCC ကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်ကတည်းက နောက်ကွယ်ကနေ ပါဝင်ခဲ့တယ်လို့  Town Hall ဆွေးနွေးပွဲမှာ ဝန်ခံခဲ့ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ချုပ်ကိုင်နိုင်ရေးအတွက် တရုတ်ကုမ္ပဏီတွေ နောက်ကွယ်ကနေပါဝင်တယ်လို့ ဝေဖန်ခဲ့မှုတွေ ကြောင့် မြို့သစ်တည်ဆောက်မယ့် ကုမ္ပဏီတွေ ပြန်ရွေးရာမှာ ရန်ကုန်အနောက်တောင် ဒေသ ဖွံ့ဖြိုးရေးကုမ္ပဏီ၊ Business Capital City Development ကုမ္ပဏီနဲ့ ရွှေပုပ္ပားအ ပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီသုံးခုကို ပြန်လည်ရွေးချယ်ပေးခဲ့ပါတယ်။ ဒီလို ရွေးချယ်ခဲ့တယ်ဆိုပေမဲ့ USDP နဲ့ NLD အစိုးရအကူးအပြောင်းမှာ လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လက်ထက်မှာ ဦးမြင့်ဆွေလက်ထက်က ရွေးခဲ့တဲ့ ကုမ္ပဏီသုံးခုကို ပယ်ဖျက်ခဲ့ပြီး စီမံကိန်းအတွက် New Yangon Development ကုမ္ပဏီထူထောင်လိုက်တဲ့အပြင် တရုတ် အစိုးရရဲ့ CCCC (China Communication Construction Company) နဲ့ပဲ Framework Agreement လက်မှတ်ရေးထိုးပြီး CCCC ကို ပြိုင်ဘက်မရှိ ရွေးချယ်ခဲ့ ပြန်ပါတယ်။ ဒီလိုမျိုး ပြိုင်ဘက်မရှိ ရွေးချယ် လိုက်တဲ့အချိန်မှာ ဦးမြင့်ဆွေလက်ထက်က နောက်ကွယ်ကနေ မရိုးမသား ပါဝင်ခဲ့တဲ့ တရုတ်ကုမ္ပဏီ CCCC ကို  ဘာ့အတွက် ပြန် လည်ရွေးချယ်ခဲ့တာလဲဆိုတဲ့ မေးခွန်းတစ်ဖန် ပြန်လည်ထွက်ပေါ်လာပါတယ်။ ဒီလိုမျိုး မေးခွန်းထုတ်ခံရချိန်မှာ ၂၀၁၇ ခုနှစ်ကျမှ လာဘ်ပေးလာဘ်ယူ Blacklist ကနေ လွတ်မြောက်ခဲ့တဲ့ CCCC ကုမ္ပဏီရဲ့ နာမည်ပျက် ကြောင့်ပဲ  မေးခွန်းထုတ်သံ ပိုမိုဆူညံတဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အ ထည်ဖော်ဖို့ တရုတ်အစိုးရပိုင် CCCC ကို ရွေးချယ်ခဲ့တာ မှန်တယ်ဆိုပေမဲ့ CCCC အနေနဲ့ NYDC Challenge ကို ကျော် ဖြတ်ဖို့ လိုအပ်နေသေးတယ်လို့ ဦးသိမ်းဝေက ပြောခဲ့ပါတယ်။ ဒီလို ပြောခဲ့ပေမဲ့လည်း တရုတ်-မြန်မာအကြားက Belt and Road Initiative ၊ ပိုးလမ်းမ မဟာဗျုဟာစီမံကိန်း ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို မြန်မာနိုင်ငံက သဘော တူ လက်မှတ်ရေးထိုးထားမှု၊ ကျောက်ဖြူနဲ့ ရန်ကုန်မြို့သစ်ကို ချိတ်ဆက်မယ့် စီမံကိန်း နဲ့ အရင်အစိုးရ လက်ထက်ကတည်းက နောက်ကွယ်ကနေ ပါဝင်ခဲ့ပြီး NLD အစိုးရ လက်ထက်မှာ တရားဝင်ရွေးချယ်ခံခဲ့ရတဲ့ အခြေအနေတွေကြောင့် CCCC ကပဲ ရန်ကုန်မြို့သစ်တည်ဆောက်ခွင့်ရရှိသွားမယ့် အခြေအနေကို ပြည်သူတွေ မြင်တွေ့ခွင့်ရခဲ့ပါတယ်။

“Swiss Challenge လို့ ဘယ်လိုပဲပြောပြော အားလုံးက သိနေတယ်။  CCCC ကပဲ ရမယ်ဆိုတာ သိနေတယ်။ ဝင်ပြိုင်မယ့်သူတောင် ရှိပါ့မလားမသိဘူး။ ဒါကြောင့် ပြန် လည်သုံးသပ်ဖို့လိုတယ်” လို့ Sandhi Governance Institute ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ဝင်းက  “ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးစီမံကိန်း စောင့် ကြည့်လေ့လာရေး အစီရင်ခံစာ” မိတ်ဆက်ပွဲမှာ သုံးသပ်ပြောကြားပါတယ်။

 

 (၂)

CCCC ကပဲ ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ပိုင်ခွင့်ရရှိသွားမယ်ဆိုတဲ့ ထင်မြင်ချက် မှန်ကန်နိုင်သလို ပွင့်လင်းမြင်သာမှုမရှိခြင်း ရဲ့ အကျိုးဆက်နောက်မှာ ထပ်ပြီး ထွက်ပေါ် လာတဲ့ မေးခွန်းက မမျှတတဲ့  အကျိုးအမြတ် ခွဲဝေမှုပုံစံပါ။

ဦးမြင့်ဆွေလက်ထက် ရန်ကုန်မြို့သစ် စီမံကိန်းက မြေဧက ၃၀၀၀၀ အပေါ်မှာ တည်ဆောက်ဖို့ ရည်ရွယ်ခဲ့ပေမဲ့လည်း ဦးဖြိုးမင်းသိန်းလက်ထက်မှာ မြေဧကပေါင်း ၁၆၈၀၀၀ အထိ စီမံကိန်းဧရိယာ ကြီးမား လာပါတယ်။ ဒါ့အပြင် အကျိုးအမြတ်ခွဲဝေမှုမှာလည်း ရန်ကုန်မြို့သစ်စီမံကိန်းအတွက် CCCC ဒါမှမဟုတ် NYDC Challenge မှာ CCCC ကိုပြိုင်ပြီး နိုင်တဲ့ကုမ္ပဏီနဲ့ NYDC ကုမ္ပဏီပေါင်းပြီး Joint Venture လုပ်မယ်။ CCCC ဒါမှမဟုတ် နိုင်တဲ့ကုမ္ပဏီက ဒေါ် လာ သန်း ၁၆၈၀ စိုက်ထုတ်မယ်။ ဒီလို စိုက်ထုတ်တဲ့ ဒေါ်လာသန်း ၁၆၈၀ ကို IRR (International Rate Return) ၁၃ ရာခိုင်နှုန်း နဲ့ တွက်ပြီး အတိုးနဲ့ အရင်း နုတ်ယူမယ်။ အရင်းကျေကာလကို ၁၅ နှစ်၊ စီမံကိန်းကာ လက အနှစ် ၃၀ သတ်မှတ်ထားတယ်။ ဒီ အနှစ် ၃၀ အတွင်း CCCC က စိုက်ထုတ်ငွေ ဒေါ်လာသန်း ၁၆၈၀ နဲ့ IRR ၁၃ ရာခိုင်နှုန်း ပြန်မရမခြင်း CCCC က ဝင်ငွေရဲ့ ၉၅ ရာ ခိုင်နှုန်းအထိ ယူနေမှာဖြစ်ပြီး မြန်မာနိုင်ငံက ဝင်ငွေရဲ့ ငါးရာခိုင်နှုန်းပဲ ရရှိမယ်။

ဒီလို စိုက်ထုတ်ငွေရင်း ဒေါ်လာသန်း ၁၆၈၀ နဲ့ အဲဒီငွေအပေါ် IRR ၁၃ ရာခိုင်နှုန်း အကုန်လုံးအရင်းကျေသွားရင်လည်း မြန်မာနိုင်ငံအတွက် အကျိုးအမြတ်အများ ကြီးမရဘဲ မြို့သစ်တည်ဆောက်ပြီး ငွေကြေး စိုက်ထုတ်ပေးထားတဲ့ CCCC ကပဲ ငွေရင်း ကြေချိန်အမြတ်အပေါ် ၇၅ ရာခိုင်နှုန်း ဆက်ယူနေမှာဖြစ်ပြီး မြေစိုက်ထုတ်ပေးထားရတဲ့ မြန်မာနိုင်ငံက ၂၅ ရာခိုင်နှုန်းပဲ ဆက်ရမယ်။ စာချုပ်အရ အဲဒီလိုဆက်ရနေမယ်ဆိုတာက ရန်ကုန်မြို့သစ်တည်ရှိနေသရွေ့ ပုံစံမျိုးဖြစ်လို့ မြန်မာနိုင်ငံအတွက် မျှတတဲ့ စီမံကိန်းဖြစ်မလာနိုင်ဘူးဆိုတာကိုလည်း ပြည်သူတွေ ထပ်ဆင့်မြင်ခဲ့ရပါတယ်။

NYDC က ဆက်လက်လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်ဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်းအတွင်းမှ ဒေသခံပြည်သူများအား မြေပေးမိန့်ထုတ်ပေးနေမှု မြင်ကွင်းကို တွေ့ရစဉ် (Photo - NYDC)

(၃)

ဒီလို မမျှတမှုကို မြင်ရတဲ့အပြင် ပိုပြီး ဆိုးလာနိုင်တာက တရုတ် CCCC က ရန်ကုန်မြို့သစ်ကို လုံးဝ လက်မလွှတ်ဘဲ အသစ်တည်ဆောက်မယ့် ရန်ကုန်မြို့သစ်အာဏာပိုင်အဖွဲ့အစည်းမှာ အဓိကနေရာကို ဆက် ယူထားပြီး ရန်ကုန်မြို့သစ်ရဲ့ အချုပ်အခြာ အာဏာကို JV ကုမ္ပဏီနဲ့ ထိန်းကျောင်းမယ် ဆိုတဲ့ အခြေအနေပါ။ ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ဖွဲ့ထားတဲ့ CCCC နဲ့ NYDC တို့ရဲ့ JV ကုမ္ပဏီမှာ ငွေကြေးစိုက်ထုတ်ထားရတဲ့ CCCC က အရင်းနဲ့ အတိုးကျေချိန်မှာ ကို ၇၅ ရာခိုင်နှုန်းယူထားမယ့်အပြင် ရန် ကုန်မြို့သစ်တည်ရှိနေသရွေ့ သူကပဲ စီမံ ထိန်းချုပ်သွားမှာဖြစ်လို့ ဒီအခြေအနေဟာ အချုပ်အခြာအာဏာထိပါးစေမှုပဲ ဖြစ်စေနိုင်ပါတယ်။

လက်ရှိအခြေအနေမှာ ရန်ကုန်မြို့သစ် စီမံကိန်းဟာ NYDC ဘက်ကနေ လုပ်စရာ ရှိတာတွေ ဆက်လုပ်နေတယ်ဆိုပေမဲ့လည်း အကျိုးအမြတ်ခွဲဝေမှု မမျှတတဲ့ အခြေအ နေတွေ၊ တရုတ်အစိုးရရဲ့ ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံအတွင်းက မြို့သစ်တစ်ခုကို JV ကုမ္ပဏီနဲ့ လက်ဝါးကြီး အုပ်မယ့် အချုပ်အ ခြာအာဏာထိပါးမှုကို မြင်တွေ့နေရမှုတွေကြောင့် ဝေဖန်သံတွေ ထွက်ပေါ်လာမှုအဆုံးမှာ ဒီစီမံကိန်းဟာ ပြည်ထောင်စုအစိုးရအဖွဲ့ ဆီကို တင်ပြခဲ့ရတဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။     

သေချာတာကတော့ စီမံကိန်းမှာ မြေပေးမိန့်ရယူထားတဲ့ မူလဒေသခံပြည်သူတွေကတော့ စီမံကိန်းကို စတင်စေချင်နေတာကို တွေ့မြင်ရပါတယ်။ ဒီလို မြင်တွေ့စေချင်ပေမဲ့လည်း လက်ရှိအစိုးရရဲ့ လက်ကျန်သက် တမ်းအတွင်းမှာတော့ အကောင်အထည် ပေါ်လာမယ့်အခြေအနေမရှိတော့လို့ လွှတ်တော်ကို ပြန်လည်တင်ပြပြီး အတည်ပြုချက်ယူပြီးမှ ဆောင်ရွက်သွားသင့်တယ်လို့ ဒဂုံမြို့နယ်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားပါတယ်။         

“လက်ကျန်သက်တမ်းအတွင်း စီမံကိန်းကို မဖြစ်မနေတော့ ပြန်စချင်ရှာမှာပါ။ မူလကုမ္ပဏီ သုံးခုနဲ့ စာချုပ်ကို ဖျက်ပြီး ပြောင်းလဲကာ ဆောင်ရွက်တဲ့ ကိစ္စရပ်ရဲ့ နောက်ကွယ်မှာ မရိုးသားတဲ့အကြောင်းတွေ ရှိနိုင်ပါတယ်။ လက်ကျန်ကာလအတွင်း မြေယာလျော်ကြေးတွေကို အတင်းဖိအားပေး လုပ်ဆောင်နေတာကို တွေ့နေရပါတယ်။ ရန်ကုန်တိုင်းအစိုးရရဲ့ မြေသိမ်းမူဝါဒ ၂၀၊ ၈၀ ကိုလည်း အတိုင်ပင်ခံရုံးက မူအားဖြင့် သဘောတူညီထားပေမဲ့လည်း လက်တွေ့အရ အကောင်အထည်ဖော်ဖို့ ခက်ခဲနေပါတယ်။ ရွေးကောက်ပွဲနီးချိန် ဖြစ်တာကြောင့် မူလမြေပိုင်ရှင်တွေရဲ့ ပြန်လည်တုံ့ပြန်မှုအခြေအနေပေါ် မူတည်နေပါတယ်။ ဒါကြောင့် လက်ရှိအစိုးရအနေနဲ့ ပြန်စချင်ပေမဲ့လည်း အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။ အန်ကယ့်အမြင်တော့ လက်ကျန်သက်တမ်းအတွင်း​မှာ အကောင်အထည်ဖော်နိုင်မယ်လို့ မထင်ပါဘူး။ နောက်အစိုးရက ကာလမှာ မဖြစ်မနေ ဆက်လုပ်မယ်ဆိုရင်လည်း မြို့ မြေအဖြစ် ပြင်ဆင်သတ်မှတ်လျော်ကြေး ကိစ္စတွေကို တည်ဆဲမြေယာဥပဒေတွေ နဲ့အညီ ဆောင်ရွက်ဖို့လိုအပ်ပြီး ဖျက်သိမ်းခဲ့တဲ့ ကုမ္ပဏီသုံးခုရဲ့ သက်ဆိုင်ရာ လုပ်ငန်းရှင်တွေနဲ့ အသေးစိတ်ပြန်လည်ဆွေးနွေးပြီး နောက်ဆုံးစီမံမည့်အစီအမံကို  သက်ဆိုင်ရာ လွှတ်တော်ဆီ တာဝန်ရှိအစိုးရက ဆွေးနွေး ပြီး အတည်ပြုနိုင်ဖို့ ပြန်လည် လုပ်ဆောင် သင့်တယ်လို့ ထင်ပါတယ်” လို့ ဦးကျော်ဇေယျက ပြောကြားပါတယ်။

         

(၄)

ပွင့်လင်းမြင်သာမှုအားနည်းခဲ့တာ၊ အကျိုးအမြတ်ခွဲဝေမှု မမျှတခဲ့တာ၊ အချုပ် အခြာအာဏာအပေါ် ချုပ်ကိုင်နိုင်တဲ့ အခြေအနေတွေနဲ့ ဝေဖန်မှုတွေကြောင့် အစိုးရဘက်ကနေ စီမံကိန်းစတင်ရေး လုပ်ဆောင် မှုတွေ ဥပဒေကြောင်းအရ ပြန်ပြီး စိစစ်နေတယ်။ ဆိုင်းင့ံနေတယ်ဆိုပေမဲ့လည်း စီမံကိန်းကုမ္ပဏီ NYDC ကတော့ မြေသိမ်းခံထားရတဲ့ ပြည်သူတွေကို မြို့မြေအဖြစ် ပြန် အစားထိုးပေးနေတဲ့ မြေပေးမိန့်တွေ ပေး အပ်နေမှုကို ဆက်လက်ဆောင်ရွက်နေပါ တယ်။ ဦးသိမ်းဝေရဲ့ NYDC ကနေ ဆောင်ရွက်နေမှုတွေ ရှိနေပေမဲ့လည်း NLD အစိုးရ ရဲ့ လက်ကျန်သက်တမ်းကိုးလကျော်အတွင်းမှာတော့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ  Swiss Challenge ခေါ်ယူဖို့နဲ့ တည်ဆောက်မှုစတင်ဖို့ လုပ်ဆောင်နိုင်တော့မှာ မဟုတ်ဘူးလို့ သုံး သပ်ခံနေရပြီဖြစ်ပါတယ်။

“ဒီသက်တမ်းအတွင်းမှာတော့ အလားအလာကတော့ ကျွန်တော့်တစ်ဦးတည်းအမြင်အရ နည်းတယ်လို့ ထင်ပါတယ်။ နောက်တစ်ခုသတိထားမိတာက NLD အစိုးရဟာ PPP တွေကို စနစ်တကျ အကောင်အထည် ဖော်ဖို့ စည်းမျဉ်းစည်းကမ်းအုတ်မြစ်တွေ ချနေတယ်ယူဆပါတယ်။ PPP စင်တာ၊ Project Bank Notification ။ အခုဆိုရင် အွန်လိုင်းစီမံကိန်းဘဏ်။ သိပ်ပြီးတော့ သတင်းအချက်အလက် မပါသေးဘူးဆိုပေမဲ့ ဘာ စီမံကိန်းတွေ လုပ်မယ်ဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာတယ်။ နောက်တစ်ခုက  စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက  စစ်ဆေးပြီးမှ ပြည်ထောင်စုအစိုးရအဖွဲ့က ဆုံးဖြတ်မယ်လို့ ပြောတဲ့အခါမှာ စနစ်တကျ  တော့လုပ်နေတယ်။ စနစ်တကျ လုပ်တဲ့အခါ၊ အခု COVID-19 ဖြစ်သွားတဲ့အခါ ပိုပြီး တော့ဆိုးတာပေါ့။ ကြန့်ကြာမှုတွေလည်း ရှိ မယ်။ အဆင့်ဆင့်ကို တင်ရတယ်။ ရှေ့နေ ချုပ်ရုံးကတော့ စာချုပ်ကို ကြည့်မှာပေါ့နော်။ ပဋိပက္ခဖြစ်လာရင် ဘယ်တရားရုံးမှာ ဖြေရှင်းမလဲပေါ့။ PPP Documents တွေက အရမ်းကို ရှုပ်ထွေးပြီး ချေးငွေနဲ့ ပတ်သက်ရင် ချေးငွေတွေအတွက် သပ်သပ်စာချုပ် ချုပ်ရတယ်။ အဲဒီတော့ ရှေ့နေချုပ်ရုံးမှာလည်း ကြာနိုင်တယ်။ PPP စင်တာကလည်း PPP အနေနဲ့ Risk တွေကြည့်ပြီး လုပ်သင့်လား၊ မလုပ်သင့်လား မှတ်ချက်တွေ ပြန်ပေးလိမ့် မယ်။ အထက်အောက် တက်နေရတာနဲ့ဆိုရင်တော့၊ တရုတ်နဲ့ NLD အစိုးရကို ရင်းနှီးတယ်လို့သာ ပြောကြတာ တကယ့်တကယ် ကျတော့ အခုထိ အကောင်အထည်ပေါ်လာ တာ မတွေ့ရဘူး။ အဲဒီတော့ ကျွန်တော်ထင်တဲ့ တစ်ဦးတည်းအမြင်အရတော့ ရန်ကုန်မြို့သစ်စီမံကိန်းက ဒီသက်တမ်းမှာတော့ မဖြစ်တော့ဘူးလို့ထင်တယ်” လို့ ဦးခိုင်ဝင်းက သူ့ အမြင်ကို သုံးသပ်ပါတယ်။

အခြားတစ်ဖက်မှာလည်း တရုတ်နိုင်ငံအနေနဲ့ BRI စီမံကိန်းတွေကို အကောင်အထည်ဖော်မှု အရှိန်လျှော့ချနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်တို့အကြား ဖုန်းပြောဆိုမှုတွေနဲ့ တရုတ်သမ္မတခရီးစဉ်အတွင်း ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအရ တရုတ်နိုင်ငံဘက်ကနေ BRI စီမံကိန်းတွေ ကိုလျှော့ချမှာ မဟုတ်ဘူးလို့ NYDC- CEO  ဦးသိမ်းဝေက ပြောကြားပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေ ရန်ကုန်မြို့ သစ်စီမံကိန်းကို ပြန်လေ့လာမယ်ဆိုရင် စီမံကိန်းဟာ BRI မှာ အလုံးစုံပါဝင်နေတာမဟုတ်ဘဲ စီမံကိန်းရဲ့ အစိတ်အပိုင်းသေးသေးလေးကပဲ ပါဝင်နေတာလို့ သုံးသပ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့သစ်စီမံကိန်းကြီး တစ်ခုလုံးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သဘောမတူ၊ နိုင်ငံတော်သမ္မတကလည်း သဘောမတူဘူးလို့ သိထားရတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ စီမံကိန်းရဲ့ အခြေအနေမှန်ကို ပြည်သူတွေဆီ အမြန်ဆုံး ချပြသင့်တယ်လို့ Yangon Watch အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက သူ့အမြင်ကို ပြောပါတယ်။

“ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ အကြောင်း စ၊ လယ်၊ ဆုံး သုံးပါးစလုံးသိနေတဲ့ အန်တီတို့ လို နိုင်ငံရေးသမားတွေ ရှိနေသရွေ့ ဒီစီမံကိန်းက ဆက်ပြီးတော့ အောင်မြင်မှာမဟုတ် ဘူး။ ဒီစီမံကိန်းရဲ့ သရုပ်သဏ္ဌာန်အစစ်အ မှန်ပေါ်လာလိမ့်မယ်လို့ ယုံကြည်တယ်။ ဒီစီမံကိန်းက မရိုးသားမှုတွေနဲ့ ပြည့်နေတယ်။ အဲဒီလို မရိုးသားမှုတွေ ပြည့်နေတဲ့အတွက် ကြောင့်မို့လို့ ဒီစီမံကိန်းမှာ မရိုးဖြောင့်တဲ့သဘောနဲ့ ပါဝင်ပတ်သက်နေတဲ့ အာဏာရှိသူ တွေအကုန်လုံးက ဒါ သူတို့လုပ်ထားတဲ့ကိစ္စ ကို သူတို့တာဝန်ယူကြရမှာဖြစ်တယ်လို့ အန်တီတို့ ယုံကြည်တယ်။ အခုနက Belt and Road Initiative ပါတယ်တို့ ဘယ်မှာပါ တယ်ဆိုတာကလည်း အဲဒီစီမံကိန်းရဲ့ အပိုင်း အစသေးသေးလေးကပဲ ပါနေတာဖြစ်တယ်။ ရန်ကုန်မြို့သစ်စီမံကိန်းကြီးတစ်ခုလုံးကို နိုင်ငံတော်၏ အတိုင်ပင်ခံကလည်းသဘော မတူဘူး။ နိုင်ငံတော်သမ္မတကလည်း သဘောမတူဘူး။ Belt and Road Initiative ၊ မှာ ပါတယ်ဆိုတာက အဲဒီစီမံကိန်းရဲ့ အပိုင်းအစတစ်ခုလေးကပဲ BRI မှာ ပါထားတာဖြစ်တယ်။ ဒါကြောင့်မို့လို့ မရိုးသားဘူးလို့ပြောတာ။ ဒီစီမံကိန်းကြီးတစ်ခုလုံးကလည်း အကျိုးအမြတ်ထွက်မယ့် လူနည်းစုတစ်ခုက မှာ BRI ပါတယ်ဆိုပြီးတော့ ရောချတာ။ ဒီ စီမံကိန်းကြီးတစ်ခုလုံးကပဲ BRI မှာ ပါသလို သက်သက်မဲ့ မရိုးမဖြောင့်လုပ်တဲ့ ကိစ္စတစ်ခုသာဖြစ်တယ်။ စီမံကိန်းကြီးတစ်ခုလုံးက BRI မှာ ပါတာ မဟုတ်ဘူး။ စီမံကိန်းရဲ့ အချို့ သော အစိတ်အပိုင်းတွေကသာလျှင် အန်တီတို့ သိရသလောက် BRI မှာပါတာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ၁၀၀ ရာခိုင်နှုန်းအပြည့် အန်တီတို့ မြင်ချင်တယ်။ အခု စီမံကိန်းစတင်တဲ့ ၂၀၁၄ ကနေ ၂၀၂၀ အထိ ကြည့်ကြည့်ပါ။ အကျိုးအမြတ် ဘယ်သူတွေရှိသွားလဲဆိုတာ ရှင်းရှင်းလေးဆိုတာ အန်တီတို့ မေးခွန်းထုတ်လို့ရတယ်။ အဖြေကလည်း ထင်ထင်ရှားရှားရှိပြီးသားဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီစီမံကိန်းက လုံးဝဆက်မလုပ်သင့်ဘဲ လုံးဝ ကို ရပ်ရမယ်။ ဘာကြောင့် ဘာကြောင့် ရပ် ရတယ်ဆိုတာကိုလည်း အစိုးရက ပွင့်လင်း မြင်သာမှုအပြည့်နဲ့ သူ့သက်တမ်းမှာ ထုတ် ပြန်ကြေညာသွားဖို့လိုတယ်။ မဟုတ်ဘူး။ အ ခုလိုမျိုး ဆက်ပြီးလုပ်သွားမယ်ဆိုရင် တစ် စိတ်တစ်ပိုင်းပဲဖြစ်စေ။ တစ်စိတ်တစ်ပိုင်းပါတဲ့ ကိစ္စကို အားလုံးပါသယောင် အများပြည် သူထင်ယောင်ထင်မှားဖြစ်အောင် ဆက်ပြီး လုပ်သွားမယ်ဆိုရင် နောက်အစိုးရကျရင် ဒီ ကိစ္စက အများကြီးပြဿနာတွေ တက်လာနိုင်တယ်။ ဒါကြောင့်မို့လို့ အန်တီအနေနဲ့ NYDC ရော၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ရောက ဒီစီမံကိန်းကို ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ပေးသင့်တယ်လို့ မြင်တယ်လို့” Yangon Watch အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက သူ့အမြင်ကို ပြောပါတယ်။

ဦးသိမ်းဝေ ဘယ်လိုပဲ သုံးသပ် သုံးသပ် ရန်ကုန်မြို့သစ်စီမံကိန်းဟာ ပွင့်လင်းမြင်သာမှုအားနည်းခဲ့တာ၊ ပြန်လည်ဆန်းစစ်ဖို့ အတွက် အစိုးရအဖွဲ့ထံမှာ ဆိုင်းငံ့နေနိုင်တာ၊ ဥပဒေကြောင်းနဲ့ အကျိုးအမြတ်ခွဲဝေမှု မမျှတတာတွေ၊ အချုပ်အခြာ အာဏာထိပါးနေ တာတွေနဲ့ လွှတ်တော်မှာဆွေးနွေးဖို့ လိုအပ်နေတာ စတဲ့အချက်တွေအပြင်  Project ဘဏ်နဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေမှာ သတ်မှတ်ထားတဲ့ အချက်တွေအရ ဦးသိမ်းဝေကိုယ်တိုင်ကို ရန်ကုန်မြို့သစ်စီမံကိန်း ဒီနှစ်ထဲမှာ စတင်နိုင်ဖို့ ဆုတောင်းနေရတဲ့ အခြေအနေ ဆိုက်ရောက်နေပါတယ်။

“ NYDC ဆောင်ရွက်တဲ့လုပ်ငန်းက ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ဆောင်ရွက်တဲ့လုပ်ငန်းပါပဲ။ အဲဒီဟာ ဖြစ်ဖို့ မျှော်လင့်တယ်။  ဆုတောင်းပါတယ်။ ဒီတစ်နှစ်အတွင်းမှာ ဖြစ်မယ်လို့လည်း ကျွန်တော်ဒီနေ့အထိ ယုံကြည် ခဲ့ပါတယ်။ ဘာမှအပြောင်းအလဲရှိမယ်လို့ မမျှော်လင့်ပါဘူး။ သို့သော် ကျွန်တော့်အနေနဲ့  NYDC- CEO အနေနဲ့ ဆုံးဖြတ်နိုင်တဲ့ အချက်မဟုတ်ပါဘူး။ နိုင်ငံတော်က ဆုံးဖြတ်ရမှာပါ။ ဘယ်လိုပဲ ဆုံးဖြတ်တာပဲဖြစ်ဖြစ်။ သူ့ ရဲ့ Scale ဘယ်လောက်ပဲ ကြီးကြီး ငယ်ငယ်။ လုပ်ကိုလုပ်သင့်ပါတယ်။ အထူးသဖြင့် ကျွန် တော်တို့နိုင်ငံတော်က ထွက်ထားတဲ့ CERP (COVID-19 Economic Relief Plan) က ရှင်းရှင်းလေးပဲပြောထားတာ။ ကြီးမားတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းငါးခုကို အမြန်ဆုံး စရမယ်လို့ ရေးထားတာ။ ဒါကို ကြည့်ပြီးတော့ ဒီစီမံကိန်းကို စနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ ဦးသိမ်းဝေက ပြောကြားပါတယ်။

ဒီလိုပြောကြားခဲ့ပေမဲ့ ဦးသိမ်းဝေကိုယ်တိုင် လူသိ ရှင်ကြား ချပြမယ်ပြောနေတဲ့ Project Documents တွေကို အခုအချိန် အထိ ချပြနိုင်မှုမရှိသေးပါဘူး။ စာမျက်နှာ ၁၀၀၀ လောက်ရှိတဲ့ PPD လို့ ဦးသိမ်းဝေက ပြောနေပေမဲ့ PPD ကို တကယ်ချမပြလို့ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး လေ့လာသူတွေဟာ အသေးစိတ်လေ့လာနိုင်မှု မရှိဘဲ စီမံကိန်းရဲ့ကောင်းခြင်း ဆိုးခြင်းကို အကဲဖြတ်ဖို့ အခက်ကြုံနေရတဲ့ အခြေအနေပါ။

ဒီအချက်တွေအပြင် NLD အစိုးရရဲ့ CERP (COVID-19 Relief Plan) အရ ကြီးမားတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းငါးခုကို အမြန်ဆုံးစရမယ်လို့ ပြောထားပေမဲ့လည်း  ဒေါ်လာသန်း ၁၀၀ အထက် စီမံကိန်းတွေကို  အစိုးရအဖွဲ့က ဆန်းစစ်ခွင့်ပြုရမှာဖြစ်သလို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်တိုင်လည်း ဒေါ်လာငါးသန်းထက်ပိုတဲ့ စီမံကိန်းတွေကို ခွင့်ပြုနိုင်စွမ်းမရှိလို့ ရှေ့နေချုပ်ရုံးရဲ့ ဥပဒေပိုင်းဆိုင်ရာ ညှိနှိုင်းချက်၊ ခွင့်ပြုချက်ရပြီးလို့ အစိုးရအဖွဲ့ ခွင့်ပြုချက်ရပြီးရင်လည်း လွှတ်တော်မှာ ဆွေးနွေးသဘောတူပြီးမှ လုပ်ဆောင်ရတော့မှာဖြစ်လို့ ဒီစီမံကိန်းဟာ NLD အစိုးရ လက်ကျန်သက်တမ်းမှာ အကောင်အထည် ပေါ်လာနိုင်တဲ့ အလားအလာ အလွန်နည်းနေပါတယ်။

သေချာတာကတော့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ မြန်မာနိုင်ငံအတွက်တော့ Risk များလွန်းပါတယ်။ ပွင့်လင်းမြင်သာမှု မရှိတာ၊ အကျိုးအမြတ်ခွဲဝေမှု မမျှတတာ၊ အချုပ်အခြာအာဏာ ဆုံးရှုံးနိုင်ခြေများလွန်းတာ စတဲ့ အခြေအနေတွေအပြင် ကဏ္ဍစုံမှာလည်း ရင်ဆိုင်ရနိုင်တဲ့ ပြဿနာများစွာရှိနေပါသေး တယ်။ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ်အစုံရှိနေပြီး ပြည်တွင်းက မြို့ပြ ပညာရှင်တွေကလည်း စစ်အစိုးရလက်ထက်မှာတောင် ဒီလိုနေရာက ထိ ခိုက်မှုတွေ ကြုံရနိုင်တယ်လို့ သုံးသပ်ခံခဲ့ရတဲ့ နေရာဖြစ် ပြီး မြို့သစ်မဆောက်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ CCCC ကိုယ်တိုင်ကလည်း သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြန်လေ့လာမယ်ဆိုရင် တိုင်းပြည်အတွက် Risk များသလို တည် ဆောက်ရေးကာလမှာ နိုင်ငံခြားသား ရာခိုင် နှုန်း ၅၀ ကျော် ပါဝင်လာနိုင်လို့ လူမှုရေးဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်မဲ့ အခြေအနေနဲ့ ထိန်းချုပ်နိုင်မှု ရှိ မရှိ ဆိုတဲ့ မေးခွန်းထုတ်ရ မယ့် အန္တရာယ်လည်း ရှိ နေပြန်ပါသေးတယ်။  ဒါ့အပြင် ရေသန့်ရရှိရေးအခက်အခဲတွေကို လည်း ကြုံရမှာပါ။ ငွေကြေးရင်းနှီးမြှုပ်နှံမှု မှာလည်း စီမံကိန်းဟာ ပထမအဆင့်မှာတင် ဒေါ်လာ ၁ ဒသမ ၆ ဘီလျံံဖြစ်နေလို့ ဒီစီမံကိန်းသာ မအောင်မြင်ရင် ဒီငွေကြေးအရှုပ် အထွေးကို ဘယ်သူတာဝန်ခံမလဲဆိုတာကို  ပြည်သူတွေ ရှင်းရှင်းလင်းသိဖို့ လိုအပ်နေပါ တယ်။ အရင်းမကျေခင် ငါးရာခိုင်နှုန်းဟာ မြန်မာနိုင်ငံတည်သရွေ့ ဖြစ်နေမှာလားဆိုတာမျိုး တွေးစရာဖြစ်နေပြန်ပါတယ်။ စီမံကိန်းကို  CCCC  က အကြွေးနဲ့တည်ဆောက်ခဲ့လို့ စီမံကိန်းမအောင်မြင်ရင် ဒီချေးယူတဲ့ စီမံ ကိန်းကြွေတွေကို ရှယ်ယာ ၂၅ ရာခိုင်နှုန်း လောက် ရယူမယ့် NYDC က ပြန်ဆပ်ရမှာလား။ နိုင်ငံတော်က ပြန်ဆပ်ရမှာလား။ သီရိလင်္ကာလိုမျိုး အကြွေး မဆပ်နိုင်လို့ တရုတ်လက်ကို ရန်ကုန်မြို့သစ် ထိုးအပ်လိုက်ရမလား ဆိုတဲ့ စိုးရိမ်ဖွယ်ရာအခြေအနေတွေကိုလည်း ကျော်ဖြတ်ဖို့ လိုအပ်နေပါတယ်။

“ရန်ကုန်မြို့သစ် စီမံကိန်းစတင်စဉ်ကတည်းက ဒေသခံတွေအတွက် အကျိုးမရှိဘူး ဆိုတာ ထင်ထင်ရှားရှားကို သက်သေ၊ သာဓကတွေနဲ့ သိနေလို့၊ နိုင်ငံတကာအတွေ့အ ကြုံတွေအရလည်း ဒီလိုမျိုးစီမံကိန်းတွေဆို တာ ဒီလို အကျိုးဆက်ပဲပေးမယ် ဆိုတာ ကြို ပြီးမြင်ခဲ့လို့ အန်တီတို့အနေနဲ့ ပြီးခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်ကျော်ကတည်းက တစ်စိုက်မတ်မတ် ကန့်ကွက်ခဲ့တယ်။ အဲဒီလို ကန့်ကွက်ခဲ့ တဲ့နေရာမှာ အစိုးရအနေနဲ့ သူလုပ်တဲ့နေရာ မှာ အန်တီတို့ကန့်ကွက်ချက်တွေက တာသွားတယ်လို့ပဲပြောရမယ်။ သမ္မတကြီးဆီကိုလည်း သဘောထားမှတ်ချက်တွေ ပို့တယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကိုလည်း ပို့တယ်။ အဲဒီတော့ အန်တီတို့ နောက်ဆုံးသိ ရသမျှတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ကိုက ဒီစီမံကိန်းကို CCCC နဲ့ ဘယ်လိုမှ မလုပ်နိုင်ဘူးဆိုတဲ့ ကိစ္စကို သက်ဆိုင်ရာတရုတ်အစိုးရဘက်ကို ပြောလိုက်ပြီ လို့ အန်တီတို့သိရတယ်။ အဲဒီလိုပြောထားပြီးတဲ့အတွက်ကို CCCC နဲ့ ဒီစီမံကိန်းကို မလုပ်တော့ဘူးလို့ အန်တီတို့က မြင်ထားတယ်လေ။ ဒါပေမဲ့ တချို့သော ဒီကိစ္စမှာ ပါဝင်နေ တဲ့သူတွေက သူတို့ရဲ့မာန၊ သူတို့ရဲ့ သိက္ခာ ပေါ့။ သူတို့ရဲ့ သိက္ခာတွေ၊ မာနတွေကို ရှေ့ တန်းတင်ပြီးတော့ ဒီစီမံကိန်းကြီးက ဆက်ပြီး တော့ လုပ်သင့်တဲ့ ပုံစံမျိုးလုပ်ပြီးတော့ ယာယီမြေပေးမိန့်တွေ၊ မြေသိမ်းမြေပေးမိန့်တွေ ဆက်ပြီးဆောင်ရွက်နေတယ်လို့ အန်တီတို့ သိရတယ်။ အမှန်ကတော့ ဒီစီမံကိန်းကစပြီး လုပ်တဲ့အချိန်ကစပြီး ရိုးသားမှုမရှိခဲ့ဘူး။ အလယ်မှာလည်း ရိုးသားမှုမရှိဘူး။ အဆုံးမှာ လည်း ရိုးသားမှုမရှိဘူး။ အဲဒီတော့ ဒီစီမံကိန်း စ၊ လယ်၊ ဆုံး သုံးပါးစလုံးက ရိုးသားမှု မရှိဘူးဆိုတာတော့ အန်တီတို့က ထင်ထင် ရှားရှားသိထားတယ်ပေါ့။ သက်သေသက္ကာယ တွေ၊ သက်သေခံတွေလည်း အန်တီတို့မှာ ရှိ တယ်ပေါ့။ ဒါကြောင့်မို့လို့ တာဝန်ရှိပုဂ္ဂိုလ် တွေက ဒီစီမံကိန်းကို ပြည်သူ့ဘဏ္ဍာထဲက နေစိုက်ထုတ်ပြီး ဆက်လုပ်စရာအကြောင်း မရှိတော့ဘူးပေါ့။ ဒါပေမဲ့ ဆက်လုပ်နေတယ်လေ။ NYDC က စီမံကိန်းကို ဆက်လုပ်နေတယ်။ သူ့ရဲ့ စီမံခန့်ခွဲရေးစရိတ်တွေ ပြည်သူ့ ဘဏ္ဍာထဲက ကုန်ကျနေတယ်။ အဲဒါတွေက မဖြစ်သင့်၊ မဖြစ်ထိုက်ဘူး။ စာရင်းစစ်ချုပ်အနေနဲ့လည်း သက်ဆိုင်ရာသဘောထားမှတ်ချက်တွေ သူထိုက်သင့်သလို ပေးထားပြီးသား ဖြစ်တယ်။ အဲဒီတော့ သူ့ကို နိုင်ငံတော်အအတွက် အကျိုးမရှိဘူးဆိုတာ ထင်ရှားရဲ့သားနဲ့ အာဏာပိုင်တချို့က ဒါကို ဆက်ပြီးတော့ လုပ်မယ်။ တစ်ခါ NYDC ဘက်ကလည်း ရှေ့ဆက်ပြီး ဒါတွေလုပ်နေမယ်။ ပြည်သူ့ ဘဏ္ဍာထဲက စိုက်ထုတ်ပြီး လုပ်ဦးမယ်ဆိုရင် ဒါဟာကောင်းတဲ့ လက္ခဏာမဟုတ်ဘူး။ မရိုး သားဘူးဆိုတာ ဆက်လက်ပြီးတော့ ထင် ထင်ရှားရှားပေါ်လွင်လာလိမ့်မယ်။ အဲဒါဆို ရင် နိုင်ငံတော်နစ်နာစေတယ်ဆိုရင် နစ်နာစေတဲ့သူတွေက အာဏာရထားတယ်။ အာဏာရထားတဲ့အဖွဲ့တွေဖြစ်နေတယ်ဆိုရင် နောက်အစိုးရလက်ထက်မှာ ဒီကိစ္စဟာ ဥပဒေအရ ရင်ဆိုင်ရလိမ့်မယ်။ ဖြေရှင်းကြ ရလိမ့်မယ်လို့ အန်တီကတော့ ဥပဒေကြောင်းအရပဲ ပြောချင်တယ်။ အစိုးရကဖွဲ့ထားတဲ့အတွက်ကြောင့် ကျွန်တော်တို့က တရားဝင် လုပ်နေတာလို့ ပြောကောင်းပြောနိုင်တယ်။ ဒါပေမဲ့ NYDC သည် ဒီအခြေအနေကိုအသိဆုံးဖြစ်တယ်။ NYDC နဲ့ ပတ်သက်တဲ့သူတွေကလည်း ဒီအခြေအနေကို အသိဆုံးဖြစ်တယ်။ ဒါကြောင့်မို့လို့ အန်တီတို့ NYDC အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေကို သတိပေးချင်ပါတယ်။ ပြည်သူတွေကို သတင်းမှားတွေ မပေးပါနဲ့။ ရိုးရိုးသားသားနဲ့ ဒီစီမံကိန်းကို အဆုံးသတ်ပါ။ ဒီစီမံကိန်းက မအောင်မြင်ဘူးဆိုလည်း မအောင်မြင်ဘူး။ မအောင်မြင်တာတော့ သေချာတယ်လေ။ အဲဒီတော့ ကိုယ့်အစိုးရသက်တမ်းမဆုံးခင် မှာ ဒီစီမံကိန်းကို ရှင်းရှင်းလင်းလင်းအဖြေ ထုတ်ပြီးတော့ ပြည်သူကို ရိုးရိုးသားသားဝန်ခံတင်ပြသွားဖို့ အန်တီက မေတ္တာရပ်ခံချင်တယ်လေ။ မဟုတ်လို့ရှိရင် ဥပဒေကြောင်းအရ ရှင်းရမှာတွေ အများကြီးရှိလာလိမ့်မယ်” လို့ ရန်ကုန်မြို့သစ်စီမံကိန်းကို အမြဲတစေေ စာင့်ကြည့်ဝေဖန်နေတဲ့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဒေါက်တာညိုညိုသင်းက သိထားရတဲ့ အချက်တွေအပေါ် မေတ္တာရပ်ခံပြောကြားပါတယ်။

သေချာတာကတော့ ရန်ကုန်မြို့သစ် စီမံကိန်းဟာ ပွင့်လင်းမြင်သာမှုအားနည်းခဲ့ တာ၊ အကျိုးအမြတ်ခွဲဝေမှု မျှတမှုမရှိတာ၊ အချုပ်အခြာအာဏာထိပါးမှုအပြင် မမျှော်မှန်းနိုင်တဲ့အခက်အခဲတွေ အများကြီးရှိနေတာကြောင့် အစိုးရနှစ်ဆက်တိုင်တိုင် ရှေ့ဆက်မရဖြစ်နေတာပါ။ ဒီအခြေအနေမှာ အဖြစ်သင့်ဆုံးကတော့ စီမံကိန်းရဲ့ လက်ရှိအခြေအနေတွေကို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်းချပြပြီး NLD  အစိုးရလက်ကျန်သက်တမ်း ကိုးလကျော်အတွင်းမှာ အကောင်အထည် ဖော်နိုင်မှုရှိ မရှိဆိုတာနဲ့ စီမံကိန်းကို စတင်နိုင်မှုမရှိတော့ရင် နောက်အစိုးရသက်တမ်းမှာ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ပြည်သူတွေကို အမြန်ဆုံးရှင်းပြဖို့ပါပဲ။ ဒါမှလည်း စီမံကိန်းရဲ့ လက်ရှိအခြေအနေမှာ ဖြစ်ပေါ်နေတဲ့ သံသယတွေ ကင်းဝေးစေမှာပါ။

 

 

Most Read

Most Recent