အင်ဒိုနီးရှားက အရှေ့တောင်အာရှတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် အများဆုံးနိုင်ငံဖြစ်လာ

အင်ဒိုနီးရှားက အရှေ့တောင်အာရှတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် အများဆုံးနိုင်ငံဖြစ်လာ
ဘန်တမ်မြို့တွင် စူပါမားကက်တစ်ခု၌ ဝယ်ယူနေသူများအား မေ ၂၉ တွင် တွေ့ရစဉ်
ဘန်တမ်မြို့တွင် စူပါမားကက်တစ်ခု၌ ဝယ်ယူနေသူများအား မေ ၂၉ တွင် တွေ့ရစဉ်
Published 18 June 2020
Ref: CNA

အင်ဒိုနီးရှားတွင် ဇွန် ၁၈ ၌ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံရသူသစ် ၁၃၃၁ ဦး ရှိသောကြောင့် ကူးစက်ခံရသူစုစုပေါင်း ၄၂၇၆၂ ဦး ရှိလာခဲ့ရာ ကူးစက်သူစုစုပေါင်း ၄၁၄၇၃ ဦး ရှိသည့် စင်ကာပူကို ကျော်၍ အရှေ့တောင်အာရှတွင် ဗိုင်းရပ်စ်ကူးစက်မှုအများဆုံး နိုင်ငံဖြစ်လာခဲ့သည်။

ဇွန် ၁၈ တွင် ဗိုင်းရပ်စ်ကြောင့် ၆၃ ဦး ထပ်မံသေဆုံးခဲ့သောကြောင့် သေဆုံးသူ စုစုပေါင်း ၂၃၃၉ ဦး ရှိလာခဲ့ကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ကူးစက်ရောဂါဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအာချ်မတ်ယူရီအန်တိုက ပြောကြားခဲ့သည်။

ဇွန် ၉ တွင် အင်ဒိုနီးရှား၌ နေ့အလိုက် ကူးစက်ခံရသူအရေအတွက်သည် ပထမဆုံး အကြိမ်အဖြစ် ၁ç၀၀၀ ကျော်သွားခဲ့သည်။

အင်ဒိုနီးရှားတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်များကို စတင်ဖြေလျှော့ပေးနေပြီး ကျန်းမာရေးနှင့်သက်ဆိုင်သော တင်းကျပ်သည့်လုပ်ထုံးလုပ်နည်းများနှင့်အတူ ဗလီများ၊ ရုံးများ၊ စျေးဝယ်ကုန်တိုက်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုစဉ် ရောဂါကူးစက်မှုနှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ကူးစက်မှုအန္တရာယ်နည်းပါးသော ဒေသများရှိ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ပေးခြင်း၊ ဘတ်စ်ကားများ၊ လှေများ၊ ရထားများ၊ လေယာဉ်များစသော အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်များပေါ်တွင် လိုက်ပါစီးနင်းမည့် ခရီးသည်အရေအတွက်ကို ကန့်သတ်လျှော့ချခြင်းဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပြန်လည် စတင်ခွင့်ပြုခြင်းဖြင့် ကန့်သတ်ချက်များကို တစ်ဆင့်ချင်း ရုပ်သိမ်းပေးသွားရန် ဗဟိုအစိုးရအဖွဲ့က ယခုလတွင် ဆုံးဖြတ်ခဲ့သည်။

စျေးဆိုင်များ၊ ရုံးဌာနများကို ပြီးခဲ့သည့် သီတင်းပတ်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ပြီး စျေးဝယ်ကုန်တိုက်များကို ဇွန် ၁၅ ရက် တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခြင်းနှင့်အတူ မြို့တော်ဂျကာတာသည် မူလအခြေအနေသို့ ရောက်ရှိစေရန် စတင်လုပ်ဆောင်ခဲ့သည်။

လူစုလူဝေး ပိတ်ပင်ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းကြောင့် နိုင်ငံတွင်း၌ ဗိုင်းရပ်စ်ကူးစက်မှု တစ်ရှိန်ထိုး မြင့်တက်လာခြင်းဖြစ်သည်ဟူသော အချက်ကို ဇွန် ၁၇ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း ဒေါက်တာယူရီအန်တိုက ငြင်းဆိုခဲ့သည်။

COVID-19 အတည်ပြုလူနာအရေအတွက် မြင့်တက်လာရခြင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူနှင့် ထိတွေ့ခဲ့သူများအား ခြေရာခံခြင်းကို အင်တိုက်အားတိုက် လုပ်ဆောင်မှုကြောင့်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် အဆိုပါခြေရာခံခြင်းလုပ်ငန်းကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ရန် ဆုံးဖြတ်ထားပြီး ရောဂါပိုးစမ်းသပ်စစ်ဆေးမှုကိုလည်း တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း၊ ရောဂါပိုးစစ်ဆေးမှုကို ပြီးခဲ့သည့်သီတင်းပတ်အနည်းငယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ပြည်သူ့ကျန်းမာရေးပါရဂူ ဟာမန်ဝမ်ဆာပူထရာက အင်ဒိုနီးရှား၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူအရေအတွက် ဆက်လက်မြင့်တက်နေဦးမည်ဟု စီအင်န်အေသတင်းဌာနသို့ ပြောကြားခဲ့သည်။

ပိတ်ပင်ကန့်သတ်ချက်များကို ဖြေလျှော့မည့် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် အလောတကြီးဖြစ်နေကာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)က သတ်မှတ်ထားသော စံနှုန်းများနှင့် သွေဖည်နေကြောင်း၊ ယင်း၏သက်ရောက်မှုကို မကြာမီတွင် တွေ့မြင်ရတော့ မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အင်ဒိုနီးရှားတွင် COVID-19 ကူးစက်မှုကာလအတွင်း လူမှုရေးပိတ်ပင် ကန့်သတ်ချက်များကို ဖြေလျှော့ရာ၌ ပြဋ္ဌာန်းရန် လိုအပ်သော စည်းကမ်းချက်အများအပြားပါဝင်သည့် အစီရင်ခံစာကို ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ဇွန် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကူးစက်ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ ထဲမှတစ်ခုအရ သီတင်းပတ်နှစ်ပတ်ကျော်အတွင်း နယ်မြေဒေသတစ်ခုမှ စုဆောင်းရယူထားသော ဓာတ်ခွဲနမူနာများတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိသည့် ဓာတ်ခွဲနမူနာသည် ဓာတ်ခွဲနမူနာစုစုပေါင်း၏ ၅ ရာခိုင်နှုန်းအောက်တွင်သာ ရှိနေရမည်ဖြစ်သည်။

မေ ၂၅ ရက်မှ ဇွန် ၇ ရက်ကြားကာလ အတွင်း WHO အဖွဲ့၏ အကဲဖြတ်လေ့လာမှုအရ ဂျာဗားရှိ ပြည်နယ်ခြောက်ခုတွင် မည်သည့်ပြည်နယ်ကမျှ WHO ၏ စံသတ်မှတ်ချက်များကို ပြည့်မီခဲ့ခြင်းမရှိကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

 

Most Read

Most Recent