တရုတ်နယ်စပ်တွင် ထိပ်တိုက်တွေ့မှု၌ စစ်သားသုံးဦး သေဆုံးခဲ့ကြောင်း အိန္ဒိယထုတ်ပြန်

တရုတ်နယ်စပ်တွင် ထိပ်တိုက်တွေ့မှု၌ စစ်သားသုံးဦး သေဆုံးခဲ့ကြောင်း အိန္ဒိယထုတ်ပြန်
တရုတ်နှင့် အိန္ဒိယနယ်စပ် လာဒက်နယ်မြေမှ ပန်ကုန်ရေကန်ကို ၂၀၁၈ စက်တင်ဘာ ၁၄ က ရိုက်ထားသော ဓာတ်ပုံ
တရုတ်နှင့် အိန္ဒိယနယ်စပ် လာဒက်နယ်မြေမှ ပန်ကုန်ရေကန်ကို ၂၀၁၈ စက်တင်ဘာ ၁၄ က ရိုက်ထားသော ဓာတ်ပုံ
Published 16 June 2020
Ref: AFP

အိန္ဒိယနှင့်တရုတ်တို့အကြား သီတင်းပတ်နှင့်ချီ  တင်းမာမှုမြင့်တက်ခဲ့ပြီး တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ထပ်တိုးချထားမှု ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နယ်စပ်တွင် အင်အားသုံးမှုပါဝင်သော ထိပ်တိုက်တွေ့မှု၌ အိန္ဒိယ စစ်သားသုံးဦး သေဆုံးခဲ့ကြောင်း အိန္ဒိယစစ်တပ်က ဇွန် ၁၆ တွင် ထုတ်ပြန်ခဲ့သည်။

နျူကလီးယားလက်နက်များ ပိုင်ဆိုင်ကြသော အင်အားကြီး အိမ်နီးချင်းနှစ်နိုင်ငံသည် စနစ်တကျ ပိုင်းခြားထားခြင်းမရှိ‌သေးသည့် ကီလိုမီတာ ၃၅၀၀ (မိုင် ၂၂၀၀) ရှည်လျားသောနယ်စပ်တွင် ခိုက်ရန်ဖြစ်ပွားမှုများနှင့် ထိပ်တိုက်တွေ့မှုများ ပုံမှန်လိုလို ဖြစ်ပွားလေ့ရှိသော်လည်း ဆယ်စုနှစ်များစွာအတွင်း တစ်ဦးမျှ သေဆုံးခြင်းမရှိခဲ့ဖူးပေ။

ထိုဖြစ်ရပ်အတွင်း နှစ်ဘက်စလုံးတွင် သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း အိန္ဒိယစစ်တပ်က ထုတ်ပြန်ခဲ့သော်လည်း ပေကျင်းကမူ ထိုဖြစ်ရပ်အတွက် အိန္ဒိယကို အလျင်အမြန် အပြစ်တင်ခဲ့ပြီး ၎င်းတို့ဘက်မှ သေဆုံး သို့မဟုတ် ထိခိုက်မှုကိုမူ ရည်ညွှန်းခြင်း မရှိခဲ့ပေ။

ဇွန် ၁၅ ညတွင် အင်အားသုံးမှုပါသော ထိပ်တိုက်တွေ့မှုဖြစ်ပွားခဲ့ပြီး နှစ်ဘက်စလုံး၌ ထိခိုက်မှုများရှိခဲ့ကြောင်း၊ အိန္ဒိယဘက်တွင် အရာရှိတစ်ဦးနှင့် စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယစစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အခြေအနေတင်းမာမှု ဖြေလျှော့နိုင်ရန် နှစ်ဘက်စလုံးမှ စစ်ဘက်ထိပ်တန်းတာဝန်ရှိသူများသည် လတ်တလောတွင် ဆွေးနွေးနေကြကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ဒေသတွင်း အခြေစိုက် အိန္ဒိယစစ်ဘက်အရာရှိတစ်ဦးက ထိုဖြစ်ရပ်အတွင်း ပစ်ခတ်မှုများ မဖြစ်ပွားခဲ့ဘဲ အိန္ဒိယဘက်မှ သေဆုံးခဲ့သော အရာရှိမှာ ဗိုလ်မှူးကြီးတစ်ဦးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ မည်သည့် ပစ်ခတ်မှုမျှ မဖြစ်ပွားခဲ့သလို လက်နက်ခဲယမ်းများလည်း မပါဝင်ခဲ့ကြောင်း၊ ယင်းသည် လက်ချင်းယှဉ်သည့် ထိပ်တိုက်တွေ့မှုဖြစ်ကြောင်း အမည်မဖော်သော ထိုတာဝန်ရှိသူက ပြောကြားခဲ့သည်။

တရုတ်ကမူ ထိုဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ဇွန် ၁၆ တွင် အတည်ပြုခဲ့ပြီး အိန္ဒိယတပ်ဖွဲ့ဝင်များသည် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး တရုတ်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲထုတ်ပြန်ခဲ့သည်။

အိန္ဒိယတပ်ဖွဲ့ဝင်များသည် နယ်စပ်ကို နှစ်ကြိမ်ဖြတ်ကျော်ခဲ့ပြီး တရုတ်တပ်ဖွဲ့ဝင်များအား ရန်စကာ တိုက်ခိုက်ခဲ့ကြောင်း၊ ရလဒ်အနေဖြင့် နှစ်နိုင်ငံနယ်စပ်တပ်ဖွဲ့ဝင်များအကြား ပြင်းထန်သော ထိပ်တိုက်တွေ့မှု ဖြစ်ပွားစေခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန‌ ပြောခွင့်ရပုဂ္ဂိုလ် ‌ကျောင်းလီကျန်က ပြောကြားခဲ့သည်။

ထိုဖြစ်ရပ်သည် လာဒက်ဒေသ၏ Galwen Valley တွင်‌ ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယစစ်ဘက်က ထုတ်ပြန်ခဲ့သည်။

မေ ၉ တွင်လည်း အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့ဝင်အများအပြားအကြား ထိုးကြိတ်ခြင်းနှင့် ခဲဖြင့်ပေါက်ခြင်းစသည့် ခိုက်ရန်ဖြစ်ပွားမှုအတွင်း အများအပြားဒဏ်ရာရခဲ့ကြသည်။

နှစ်နိုင်ငံအကြား သံတမန်ရေးနှင့် စစ်ရေးလမ်းကြောင်းများမှတစ်ဆင့် ထိထိရောက်ရောက် ဆက်သွယ်နိုင်ခဲ့ပြီးနောက် နယ်စပ်ပိုင်ဆိုင်မှုအငြင်းပွားပြဿနာအား ဖြေရှင်းမှုတွင် အပြုသဘောဆောင်သော သဘောတူညီမှုရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သောသီတင်းပတ်ကမှ ထုတ်ပြန်ထားသည်။

သို့သော် အိန္ဒိယသည် တရုတ်တပ်ဖွဲ့ ဝင်များက မကြာသေးမီ သီတင်းပတ်များအတွင်း ထိန်းချုပ်ခဲ့သော အထူးသဖြင့် Pangong Taso Lake ၏ မြောက်ဘက်ခြမ်း၏ အစိတ်အပိုင်းများနှင့် မဟာဗျူဟာမြောက် အရေးပါသော ဂယ်ဝမ်မြစ်ဝှမ်းဒေသ၏ နေရာအချို့တို့ကို လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း သတင်းရင်းမြစ်များနှင့် အိန္ဒိယသတင်းဌာနများက ဖော်ပြခဲ့ကြသည်။

 

Most Read

Most Recent