အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တွင် ကိုရိုနာ‌ဗိုင်းရပ်စ်ကူးစက်သူအရေအတွက် မြင့်တက်လာသောကြောင့် Lockdown စီမံချက်များကို ပြန်လည်ချမှတ်မည်

အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တွင် ကိုရိုနာ‌ဗိုင်းရပ်စ်ကူးစက်သူအရေအတွက် မြင့်တက်လာသောကြောင့် Lockdown စီမံချက်များကို ပြန်လည်ချမှတ်မည်
နယူးဒေလီတွင် ကိုရိုနာဗိုင်းရပ်စ်လူနာများအတွက် ယာယီသီးသန့်ဆောင်ကို ဇွန် ၁၆ က ပြင်ဆင်နေစဉ်
နယူးဒေလီတွင် ကိုရိုနာဗိုင်းရပ်စ်လူနာများအတွက် ယာယီသီးသန့်ဆောင်ကို ဇွန် ၁၆ က ပြင်ဆင်နေစဉ်
Published 16 June 2020
Ref: AFP

အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူအရေအတွက် မြင့်တက်လာသောကြောင့် လူဦးရေ ၁၅ သန်းခန့် နေထိုင်သော ထိုမြို့နှင့်အနီးရှိ ခရိုင်အများအပြားတို့တွင် Lockdown စီမံချက်အား ‌ဇွန် ၁၉ တွင် ပြန်လည်ချမှတ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

ချန်နိုင်း၊ Thiruvallur၊ Chengapet နှင့် Kachipuram ခရိုင်တို့တွင် ဇွန် ၁၉ မှစတင်၍ လကုန်အထိ Lockdown အပြည့်အဝ ချမှတ်သွားမည်ဖြစ်ကြောင်း တမီလ်နာဒူပြည်နယ်အစိုးရက Twitter တွင် ဇွန် ၁၅ ၌ ကြေညာခဲ့သည်။

လူဦးရေ ၁.၃ ဘီလျံရှိသော အိန္ဒိယတွင် ဗိုင်းရပ်စ်ကူးစက်သူအရေအတွက် မြင့်တက်လာနေသော်လည်း အစိုးရက ပြီးခဲ့သော သီတင်းပတ်များအတွင်း Lockdown စီမံချက်များအား တဖြည်းဖြည်းချင်း ဖြေလျှော့ပေးခဲ့သည်။

ချန်နိုင်းက မြို့တော်အဖြစ်ရှိသော တမီလ်နာဒူပြည်နယ်သည် အိန္ဒိယတွင် မဟာရက်ရှ်ထရာပြီးလျှင် ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယအဆိုးရွားဆုံးပြည်နယ်ဖြစ်သည်။

အိန္ဒိယနိုင်ငံတစ်ဝန်း ဇွန် ၁၅ အထိကို ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၃၂၅၀၀ နီးပါးအနက် နိုင်ငံတောင်ပိုင်း၏ တမီလ်နာဒူပြည်နယ်တွင် ကူးစက်ခံရသူ ၄၄၀၀၀ ကျော် ရှိနေသည်။

ထိုပြည်နယ်တွင် ကူးစက်မှုအများစုသည် ချန်နိုင်းမြို့မှဖြစ်‌ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ Lockdown ကာလအတွင်း မရှိမဖြစ် အရေးပါသောပစ္စည်းများ ရောင်းချသောဆိုင်များနှင့် စားသောက်ဆိုင်များအား နံနက်အစောပိုင်းမှ မွန်းလွဲ ၂ နာရီအထိ ဖွင့်ခွင့်ပြုထားမည်ဖြစ်သည်။

ကပ်ရောဂါပျံ့နှံ့မှုအား ဟန့်တားရန်အတွက် ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ အကြံပြုမှုများရရှိခဲ့ပြီးနောက် Lockdown ပြန်လည်ချမှတ်ရန် ပြည်နယ်အစိုးရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ၂၀၀ ထက်မနည်းသည် အစိုးရ၏ တရားဝင်ထုတ်ပြန်ထားသော ဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်း ၄၃၅ စာရင်းတွင် ထည့်သွင်းခဲ့ခြင်းမရှိကြောင်း မီဒီယာများက ဖော်ပြခဲ့ပြီးနောက် သေဆုံးသူ အရေအတွက်ကို စာရင်းစစ်ဝင်ရန် ပြည်နယ်အစိုးရက ညွှန်ကြားခဲ့သည်။

အိန္ဒိယတွင် ပြီးခဲ့သောမတ်နှောင်းပိုင်း၌ နိုင်ငံတစ်ဝန်း Lockdown စီမံချက်များ ချမှတ်မှုသည် ကူးစက်ပျံ့နှံ့မှုအား ဟန့်တားနိုင်ခဲ့ခြင်းမရှိဘဲ နေ့အလိုက် ကူးစက်သူအရေအတွက် ပုံမှန်မြင့်တက်နေမှုအတွက် မေးခွန်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ယခုကဲ့သို့ Lockdown စီမံချက်များ ပြန်လည်ချမှတ်ရန် ကြေညာချက်ထွက်လာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ၏မြို့တော် နယူးဒေလီ၊ မဟာရက်ရှ်ထရာပြည်နယ်၏မြို့တော် မွမ်ဘိုင်းတို့ကဲ့သို့ အခြားအဓိကမြို့ကြီးများတွင် လူနာများသည် ဆေးရုံခုတင်ရရန်အတွက် အခက်အခဲများစွာ ကြုံနေရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ကပ်ရောဂါကြောင့် ဆေးရုံများတွင် ဝန်နှင့်အား မမျှတမှု ဖိစီးနေစဉ် အိန္ဒိယသည် မုတ်သုံရာသီနှင့် နှစ်စဉ်ဖြစ်ပွားနေကျ ခြင်ကြောင့်ဖြစ်သော ရောဂါများအတွက် ကြိုတင်ပြင်ဆင်နေရပြီးဖြစ်ပြီး အလွန်အမင်း ဝန်ပိနေပြီဖြစ်သည့် အများပြည်သူ ကျန်းမာရေးဝန်ထမ်းများကသာ အဓိကခံတပ်ဖြစ်နေသည်။

အိန္ဒိယတွင် မုတ်သုံရာသီ၌ အလွန်အမင်းလိုအပ်နေသော ရေကို ရရှိသော်လည်း သဘာဝဘေးနှင့် ရောဂါဘေးများကို ကြုံတွေ့နေရစဉ် နှစ်စဉ် လူသန်းဝက်ကျော်သည် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားတို့ကဲ့သို့ ရောဂါများ ကူးစက်ခံနေရသည်။

နိုင်ငံတစ်ဝန်း ဆင်းရဲသားရပ်ကွက်များတွင် နေထိုင်နေကြရသော သန်းနှင့်ချီသည့် ဆင်းရဲသားများက ၎င်းတို့၏နေအိမ်များသည် ကိုရိုနာဗိုင်းရပ်စ်နှင့် အခြားရောဂါများအား ကြိုတင်ကာကွယ်နိုင်စွမ်း အားနည်းနေမှုအတွက် စိုးရိမ်နေကြရသည်။

 

Most Read

Most Recent