ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ဇွန် ၁၈ ရက်တွင် ပြုလုပ်ရန် အကြောင်းကြား

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ဇွန် ၁၈ ရက်တွင် ပြုလုပ်ရန် အကြောင်းကြား
ဇွန် ၂ ရက်မှ ၅ ရက်အထိ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တက်ရောက်လာသူများကို တွေ့ရစဉ်
ဇွန် ၂ ရက်မှ ၅ ရက်အထိ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တက်ရောက်လာသူများကို တွေ့ရစဉ်
Published 15 June 2020
ဆန်းထူးအောင်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို စွပ်စွဲပြစ်တင်ထားသည့် တိုင်းလွှတ်တော် အရေးပေါ် အစည်းအဝေးအား ဇွန် ၁၈ ရက်တွင် ခေါ်ယူထားကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၇၇ နှင့် ၂၀၁၃ ခုနစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ တို့အရ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး ၃/၂၀၂ဝကို ဇွန် ၁၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်​က​ ကြေညာထားသည်။

“၁၈ ရက်နေ့ ပြုလုပ်မှာ ဖြစ်တယ်။ ပြီးခဲ့တဲ့ အရေးပေါ် အစည်းအဝေးတုန်းက ရန်ကုန်မြို့တော် စည်ပင်ဥပဒေကို ဆွေးနွေးအတည်ပြုချင်း မလုပ်နိုင်ခဲ့ဘူး။ အဲ့ဒါတစ်ချက်။ စည်ပင်ဥပဒေ ပြင်ဆင်ဖို့က အရေးကြီးတယ်။ အစိုးရအဖွဲ့သက်တမ်းနဲ့ ရွေးကောက်ခံ ကော်မတီသက်တမ်းကို ချိန်ညှိဖို့တင်တာ အဲဒါလဲ အတည်ပြုသင့်တယ်။ နောက်တစ်ခါ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တာ အရေးပေါ် အစည်းအဝေးမှာ လုပ်မယ်ထင်တယ်” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား အယုံအကြည်မရှိကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် USDP မှ လွှတ်တော်ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးကာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်းထံ တင်ပြထားသည်။

ဇွန် ၅ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး စတုတ္ထနေ့ (နောက်ဆုံးနေ့) တွင် လွှတ်တော်အား နံနက် ၁၀ နာရီတွင် ကျင်းပမည် ဖြစ်သော်လည်း ကျင်းပချိန်ထက် မိနစ် ၄၀ ကျော် နောက်ကျခဲ့ရာ မည်သည့်အကြောင်းအရာကြောင့် နောက်ကျခဲ့သည်ကို သိရှိရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များထံ ဆက်သွယ်မေးမြန်းရာ စွပ်စွဲပြစ်တင်ရန် လွှတ်တော်တင်မည့် ကိစ္စကြောင့် ကျင်းပခဲ့သည့်အချိန် နောက်ကျခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦးရှိကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၈၇ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သုံးဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ တစ်ဦး၊ ရခိုင်အမျိုးသားပါတီမှ တစ်ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၃၁ ဦးဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးအား ဇွန် ၂ ရက်မှ ၅ ရက်အထိ ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှု ဥပဒေကြမ်းအား အတည်ပြုခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ရသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) အား အတည်ပြုခြင်းများ၊ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းနေရာတွင် နေပြည်တော် ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦးအား အစားထိုးခန့်အပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ လွှတ်တော်အစည်းအဝေး စတင်သည့်နေ့တွင် ဦးကျော်ဇေယျက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်များကို အရေးယူဆောင်ရွက်ရေး အရေးကြီးအဆို တင်ခဲ့သော်လည်း တင်သွင်းခွင့် မရခဲ့ကြောင်း သိရသည်။