မြန်မာနိုင်ငံ၌ အမျိုးသားမိုင်းကင်းစင်ရေးဆိုင်ရာ ဗဟိုဌာန ထူထောင်ရန်ဆောင်ရွက်နေပြီး ၂၀၁၉ -၂၀၂၀ ခုနှစ်တွင် မိုင်းဒဏ်သင့်ပြည်သူ ၁၆၁ ဦးအား ကျပ် ၃၂ ဒသမ ၂ သန်း ထောက်ပံ့ထား

မြန်မာနိုင်ငံ၌ အမျိုးသားမိုင်းကင်းစင်ရေးဆိုင်ရာ ဗဟိုဌာန ထူထောင်ရန်ဆောင်ရွက်နေပြီး ၂၀၁၉ -၂၀၂၀ ခုနှစ်တွင် မိုင်းဒဏ်သင့်ပြည်သူ ၁၆၁ ဦးအား ကျပ် ၃၂ ဒသမ ၂ သန်း ထောက်ပံ့ထား
မြဝတီခရိုင်အတွင်းရှိ စစ်ဘေးဒဏ်နှင့် မြေမြုပ်မိုင်းဒဏ်သင့်ပြီး ခြေလက်အင်္ဂင်္ါ ဆုံးရှှုံးခဲ့ရသူများကို ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၇ ရက်က အသေးစားပြုပြင်မှုများ အခမဲ့ဆောင်ရွက်ပေးနေစဉ် (ဓာတ်ပုံ- ရွှေသိန်း)
မြဝတီခရိုင်အတွင်းရှိ စစ်ဘေးဒဏ်နှင့် မြေမြုပ်မိုင်းဒဏ်သင့်ပြီး ခြေလက်အင်္ဂင်္ါ ဆုံးရှှုံးခဲ့ရသူများကို ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၇ ရက်က အသေးစားပြုပြင်မှုများ အခမဲ့ဆောင်ရွက်ပေးနေစဉ် (ဓာတ်ပုံ- ရွှေသိန်း)
Published 13 June 2020
ဇေယျာထွန်း

မြန်မာနိုင်ငံတွင် အမျိုးသား မိုင်းကင်းစင်ရေးဆိုင်ရာဗဟိုဌာန ထူထောင်ရန်ဆောင်ရွက်နေပြီး ၂၀၁၉-၂၀၂၀ ခုနှစ်တွင် မိုင်းဒဏ်သင့်ပြည်သူ ၁၆၁ ဦးအား ကျပ် ၃၂ ဒသမ ၂ သန်း ထောက်ပံ့နိုင်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

နေပြည်တော်တွင် ဇွန် ၁၂ ရက် ပြုလုပ်သည့် အစိုးရ၏ စတုတ္ထတစ်နှစ်တာကာလ ဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့နိုင်ငံမှာ မိုင်းနဲ့ပတ်သက်ရင် လိုအပ်ချက်တွေ ရှိနေတယ်။ အဲဒီတော့ အမျိုးသား မိုင်းကင်းစင်ရေးဆိုင်ရာ ဗဟိုဌာန မရှိသေးဘူး။ ဒါကြီးကို အခုကျွန်တော်တို့ ထူထောင်မယ်ထူထောင်ဖို့  အဆင့်ဆင့်ဆွေးနွေးပြီးတော့ အောင်မြင်အောင် ဆောင်ရွက်နိုင်တော့မှာဖြစ်တယ်။ အမျိုးသား မိုင်းကင်းစင်ရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ ဖွဲ့စည်းဖို့ ကျွန်တော်တို့ ဆောင်ရွက်နေတယ်။ အဲဒီလိုဆောင်ရွက်ခြင်းအားဖြင့် ကျွန်တော်တို့ မိုင်းနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အများကြီးအထောက်အကူဖြစ်မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် နေရပ်စွန့်ခွာပြည်သူများအား မူလနေရာဒေသသို့ ပြန်လည်ရောက်ဆောင်ရွက်နေသော်လည်း ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ ဒေသခံများအနေဖြင့် မူလဒေသသို့ ပြန်လည်ရောက်ရှိရေးတွင် မိုင်းရှင်းရေးကိစ္စသည် အလွန်အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“ အခုကျွန်တော်တို့ မိုင်းနဲ့ပတ်သက်ရင် မိုင်းထိတဲ့သူတွေကို ထောက်ပ့ံနိုင်တဲ့အဆင့်ပဲ ရှိသေးပြီးတော့ မဖြစ်အောင် တားဆီးတဲ့အခါမှာ မိုင်းရှင်းလင်းရေးက အလွန်အရေးကြီးတဲ့လုပ်ငန်း ဖြစ်ပါတယ်။ အခု ကျွန်တော်တို့က မိုင်းထိတဲ့သူတွေကို တစ်ဦးကို နှစ်သိန်းနှုန်းနဲ့ ထောက်ပံ့တယ်။ နောက်တစ်ခုက ကလေးစစ်သားများ ပြန်ထွက်လာရင် တစ်ဦးကို ငါးသိန်းကို မိသားစုကို ထောက်ပံ့တယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် လူ/ကယ်ပြန်ဝန်ကြီးဌာနအနေဖြင့် မူးယစ်ဆေးသုံးစွဲသူများအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ၁၅ ရာခိုင်နှုန်းသာ မူးယစ်ဆေးအပြီးပြတ်နိုင်ခဲ့ပြီး ၈၅ ရာခိုင်နှုန်းမှာ မူးယစ်သံသရာသို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက “ အဲဒီလိုသံသရာ မလည်အောင် မူးယစ်သံသရာကို ပျက်သွားအောင် ပြန်လည်ထူထောင်ရေးကို စနစ်တကျလုပ်ဖို့ လိုတယ်။ ဒါကိုကျွန်တော်တို့ ကြိုးစားဆဲ။ အောင်မြင်တဲ့အခြေအနေတော့ မရောက်သေးဘူး။ ကြိုးစားဆဲပဲ။ သို့သော် ကြိုးစားမှု အတိုင်းအတာအနေနဲ့ကတော့ တော်တော်လေးကို ထိထိရောက်ရောက် ဖြစ်လာပြီလို့ပြောရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများအား ပြန်လည် ထူထောင်ရေးဆောင်ရွက်ရာ၌ နိုင်ငံတော်အစိုးရ၏ စတုတ္ထ တစ်နှစ်တာကာလအတွင်း ၆၁၄ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မူးယစ်သံသရာပြန်မလည်စေရန် ရပ်ရွာအခြေပြု မူးယစ်ပြန်ထူလုပ်ငန်းများ ဆောင်ရွက်ပေးရန် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး ၁၂၁၆  ဦးအား လေ့ကျင့်မွေးထုတ်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent