၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော်သားများ တပ်ပြင်ပရှိ မဲရုံများတွင် မဲပေးနိုင်ရန် တပ်မတော်သားသီးသန့် မဲရုံများနှင့် အရပ်သားနှင့် တပ်မတော်သား ပူးပေါင်း၍ သတ်မှတ်ရမည့် မဲရုံများလည်းရှိကြောင်း သိရ

၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော်သားများ တပ်ပြင်ပရှိ မဲရုံများတွင် မဲပေးနိုင်ရန် တပ်မတော်သားသီးသန့် မဲရုံများနှင့် အရပ်သားနှင့် တပ်မတော်သား ပူးပေါင်း၍ သတ်မှတ်ရမည့် မဲရုံများလည်းရှိကြောင်း သိရ
Published 13 June 2020
မင်းသူဝင်းထွဋ်

 ၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော်သားများအနေဖြင့် တပ်ပြင်ပရှိ မဲရုံများတွင် မဲပေးနိုင်ရေးအတွက် တပ်မတော်သားသီးသန့် မဲရုံများနှင့် အရပ်သားနှင့် တပ်မတော်သား ပူးပေါင်းမဲပေးရန် သတ်မှတ်ရမည့် မဲရုံများ လည်းရှိပြီး သက်ဆိုင်ရာ တပ်ရင်းတပ်ခွဲများ၏ အနီးတွင်သာ မဲရုံဖွင့်လှစ်ပေးနိုင်ရန် ညှိနှိုင်း လုပ်ဆောင်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

တပ်မတော်သားများ မဲပေးနိုင်ရေးအတွက် ယခင်က တပ်တွင်း၌သာ မဲရုံများ ထားရှိသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင်မူ တပ်တွင်းမဲရုံများ မထားရှိတော့ဘဲ တပ်မတော်သားများအနေဖြင့် မိမိတို့တာဝန်ကျရာ တပ်ရင်း တပ်ခွဲများအနီးရှိ မဲရုံများတွင်သာ မဲပေးနိုင်ရေးအတွက် စီမံဆောင်ရွက်နေပြီး ညှိနှိုင်း ဆောင်ရွက်မှုများအရ သက်ဆိုင်ရာတပ်များကလည်း လက်ခံကြောင်း၊ မဲရုံနေရာများကို အတည်ပြု ရွေးချယ်ပြီးပါက သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“တပ်မဲရုံတွေ ကိစ္စပေါ့နော်။ အဲဒီဟာက နည်းနည်းတော့ ကြာပြီဗျ။ အရင်တုန်းကတော့ ကျွန်တော်တို့ဆီကို လျှို့ဝှက်အဆင့်နဲ့ လာတယ်။ တပ်က မဲရုံတွေ ဘယ်မှာဆောက်မလဲ အဲဒါက လျှို့ဝှက်နဲ့ ကျွန်တော်တို့ ဆီလာတယ်။ အဲဒီတော့ ကျွန်တော်တို့ မီဒီယာတွေလည်း ဘယ်လိုမှ ပြောလို့မဖြစ်ဘူးလို့ ပြောခဲ့တယ်။ အခုတော့ အခုက လျှို့ဝှက်အဆင့်တော့ မဖြစ်တော့ဘူး။ ဖိုင်နယ် မဖြစ်သေးတဲ့အတွက် ကျွန်တော်တို့ အားလုံးတော့ ပြောလို့မရသေးဘူး။ ပြောလို့ရသလောက် ပြောပြပါ့မယ်။ အဲဒီတော့ တပ်အတွင်းမှာ အရင်က တပ်အတွင်းမှာ မဲရုံတွေ ရှိတယ်။ အခုတပ်ရဲ့ပြင်ပကို ထားရမယ်။ အဲဒီမှာ တပ်နဲ့ အဝေးကြီးလည်း သွားထားလို့ မရဘူး။ ကျွန်တော်တို့ လူကြီးတွေရဲ့ ညွှန်ကြားချက် ပြည်ထောင်စုကော်မရှင်ရဲ့ ညွှန်ကြားချက်ပေါ့။ အဲဒီလို ကန့်သတ်ချက်လေးတွေ ရှိတယ်။ တပ်ရဲ့ပြင်ပကို ထုတ်လိုက်တဲ့အခါကျတော့ တပ်ကလူတွေ ပေးမယ့် မဲရုံသီးသန့် ရှိတယ်။ အရပ်နဲ့ပေါင်းပြီးတော့ ပေးမယ်ဆိုတာလည်း ရှိတယ်။ အဲဒါကို ကျွန်တော်တို့က ပထမတုန်းက လျှို့ဝှက်အစီအစဉ်နဲ့ လာရတာ ဖြစ်တဲ့အတွက် စစ်တပ်ကိုလည်း ကျွန်တော်တို့ ဘာမှမပြောဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆွဲလိုက်တာ ကျွန်တော်တို့ အတွေ့အကြုံနဲ့ ဘယ်နေရာဆိုရင်တော့ အရပ်နဲ့ ပူးပေါင်းလို့ ရတယ်၊ ဘယ်နေရာ ဆိုရင်တော ့သီးသန့်ထားမယ်လို့ ကျွန်တော်တို့မှာလည်း အတွေ့အကြုံ ရှိနေတဲ့အတွက် ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ဆွဲလိုက်တယ်။ ဆွဲလိုက်ပြီးတော့ ပြည်ထောင်စုကော်မရှင်ကို တင်တယ်။ ပုံစံတွေ ချပေးထားတယ်။ A ဆိုတဲ့ စစ်တပ်တစ်ခုက တပ်အပြင်မှာ ထားမယ်။ တပ်ကလူတွေက သီးသန့်ပေးမယ်ဆို အဲဒီလိုဆိုရင် အဲဒီတပ်ကနေပြီးတော့မှ အပြင်ကို လာလို့ရှိရင် ဘယ်နှမိုင်ဝေးမလဲ ဘယ်သူမှတော့ မြေတိုင်း သွားမတိုင်းဘူး ခန့်မှန်းတာပေါ့ဗျာ။ မနီးမဝေးပေါ့ အရမ်းနီးတဲ့ နေရာကျတော့ ကျွန်တော်တို့အုပ်ချုပ်ရေးနယ်နဲ့ စမ်းလိုက်ရင် အုပ်စု မတူဘူးဗျ။ အုပ်ချုပ်ရေးအုပ်စု တူတဲ့နေရာမှာ ထားရတာပေါ့ဗျာ။ သူနဲ့ ကပ်နေတာတော့ ရှိတယ်။ အုပ်စုမတူတော့ ထားလို့မရဘူး။ တပ်မဲရုံသီးသန့် ဘယ်နှရုံဆိုတာ ကျွန်တော်တို့ လုပ်ထားပြီးသား အခုပြောလို့ မရသေးဘူး။ အဲဒီစာရင်းကို ဆိုင်ရာတပ်တွေကို ပေးပြီးပြီ၊ သွားညှိနှိုင်းပြီးပြီ။ ကြေကြေလည်လည် ဆွေးနွေးပြီးပြီ၊ အဆင်ပြေပါတယ်။ နေရာကတော့ အတိအကျပြောလို့ မရသေးဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ ၆၄ ဒသမ ၁၉သိန်းရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ဦးရေ မှာ ၄၄ သိန်းကျော်ရှိကြောင်း သိရသည်။