ကျိုင်းတုံမြို့နယ် ဝမ်မိုင်ကျေးရွာအနီး ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ သတင်းပေးဟုယူဆရသူကို ယင်းမူးယစ်ဆေးဝါးများနှင့် ဆက်နွှယ်သူများက သေနတ်ဖြင့်ပစ်ခတ်သောကြောင့် သေဆုံးခဲ့ကြောင်း တပ်မတော် ထုတ်ပြန်

ကျိုင်းတုံမြို့နယ် ဝမ်မိုင်ကျေးရွာအနီး ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ သတင်းပေးဟုယူဆရသူကို ယင်းမူးယစ်ဆေးဝါးများနှင့် ဆက်နွှယ်သူများက သေနတ်ဖြင့်ပစ်ခတ်သောကြောင့် သေဆုံးခဲ့ကြောင်း တပ်မတော် ထုတ်ပြန်
Published 11 June 2020
မင်းနိုင်စိုး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ဝမ်မိုင်ကျေးရွာအနီးတွင် ဇွန် ၇ ရက် ညနေပိုင်းတွင် ICE နှင့် ဘိန်းဖြူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပြီး ထိုသို့ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ သတင်းပေးဟု ယူဆခံရသူကို မူးယစ်ဆေးဝါးများနှင့်ပတ်သက်ဆက်နွှယ်သူများက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန် ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

“အဲဒီကိစ္စက တစ်နေ့တည်းမှာ ဖြစ်သွားတာပါ။ ကျွန်တော်တို့က ပထမမူးယစ် ဆေးဝါးဖမ်းဆီးရမိတဲ့ဖြစ်စဉ်ကိုပဲ သတင်းထုတ်ပြန်လိုက်တာ။ နောက်ထပ်မံစုံစမ်းသိရှိ ရတာက အဲဒီသေနတ်နဲ့ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ပေါ့။ အဲဒါကို အခုထုတ်ပြန်ပေးတာပါ” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ကျိုင်းတုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇွန် ၇ ရက် ညနေ ၄ နာရီခန့်တွင် ဝမ်မိုင်ကျေးရွာအနီးရှိ ကျိုင်းတုံမြို့ရှောင်လမ်း၌ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် Vigo အမျိုးအစား မော်တော်ယာဉ်သုံးစီးအား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေးသွားခဲ့ပြီး ကျန်မော်တော်ယာဉ်နှစ်စီးကို ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထွက်ပြေးသွားသော မော်တော်ယာဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ် စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ AAA တံဆိပ်ပါ ICE တစ်ကီလိုထုပ် ၂၈ ထုပ်ပါ ကျောပိုးအိတ် ၂၅ လုံး (၇၀၀ ကီလိုဂရမ်)၊ တံဆိပ်မပါ ICE တစ်ကီလိုထုပ် ၂၅ ထုပ်ပါ ဆာလာအိတ် ၁၂ လုံး(၃၀၀ ကီလိုဂရမ်) စုစုပေါင်း ခန့်မှန်းတန်ဖိုး ၂၅ ဘီလျံ၊ ဘိန်းဖြူ သုံးကီလိုဂရမ်ခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၄၈၀၊ ဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း ဇွန် ၈ ရက်က မြဝတီသတင်းစာတွင် တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အဆိုပါ မော်တော်ယာဉ်များ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ပြီး ဖမ်းဆီးရမိသူများအား စစ်ဆေးမေး မြန်းချက်များအရ ၎င်းတို့သည် မူးယစ်ဆေးဝါးများအား မိုင်းပေါက်မှ မိုင်းညှင်း၊ မိုင်းညှင်းမှ ဟွေပုံအောက်ကျေးရွာ- ကတ်ထိုက် ကျေးရွာ-ကတ်တောင်ကျေးရွာ-ယန်းကျိန်ကျေးရွာ-ကတ်ဖကျေးရွာ-ဝမ်မိုင်ကျေးရွာ တို့မှတစ်ဆင့် ပြည်ထောင်စုကားလမ်းမကြီးအတိုင်း မိုင်းဖြတ်-တာချီလိတ်သို့ ပို့ဆောင်ရန် ဇွန် ၇ ရက် ညနေပိုင်းတွင် ထွက်ခွာလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့်အချိန်နှင့် တစ်ချိန်တည်းတွင် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရာ လမ်းကြောင်းပေါ်ရှိ ဟွေပုံအောက်ကျေးရွာမှ လားဟူလူမျိုးတစ်ဦးဖြစ်သူ ဦးလီးဘိုအား မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်နွှယ်သူများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဇွန် ၁၀ ရက် တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရမှုဖြစ်စဉ်မှာ ဦးလီးဘိုသည် ဇနီးဖြစ်သူ မနားဟယ်၊ သမီးဖြစ်သူ မဒီစီညီးတို့နှင့်အတူ ကျိုင်းတုံမှ ဟွေပုံသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဝမ်လပ်ရှမ်းရွာသို့အရောက်၌ အနောက်မှ ဆိုင်ကယ်တစ်စီးလိုက်ပါလာသည်ကို တွေ့ရှိသဖြင့် လမ်းယာဘက်သို့ ကပ်ပေးစဉ် နောက်မှလိုက်ပါလာသော ဆိုင်ကယ်သည် ဦးလီးဘို၏ ဆိုင်ကယ်ဘေးမှကပ်၍ ဦးလီးဘိုအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ရာ ဦးလီးဘိုသည် ဝဲဘက်နားနှင့် နဖူးတို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

မြေပြင်သတင်းစုံစမ်းချက်များအရ ဦးလီးဘိုအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သူများမှာ ဝမ်မိုင်ကျေးရွာအနီး ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်နွှယ်သူများဖြစ်ကြောင်း၊ ဦးလီးဘိုမှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ပတ်သက်၍ ကျော်စောသတင်းရှိသူဖြစ်ပြီး ဝမ်မိုင်ကျေးရွာအနီးဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများသယ်ဆောင်မှုကို သတင်းပေးသည်ဟု ထင်မြင်ယူဆ၍ လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရှိရသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ဆက်နွှယ်သူများအား ဖော်ထုတ်၍ လုပ်ထုံးလုပ်နည်းအရ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။