ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ ညှိနှိုင်းဆွေးနွေးနေပြီး ၂၁ ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း RCSS အတွင်းရေးမှူး ပြောကြား

ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ ညှိနှိုင်းဆွေးနွေးနေပြီး ၂၁ ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း RCSS အတွင်းရေးမှူး ပြောကြား
Published 10 June 2020
မင်းနိုင်စိုး

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေပြီး ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့၏ အစည်းအဝေးကို ဇွန် ၁၀ ရက်တွင် Online Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယင်းအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီးစိုင်းငင်းက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မိမိတို့ ဒီနေ့မှာ အစည်းအဝေးကျင်းပသလိုပဲ နေပြည်တော်မှာလည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ အစည်းအဝေးထိုင်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးနေတယ်လို့ ကြားသိရပါတယ်။ အစည်းအဝေးနှစ်ခုကနေ ကောင်းမွန်တဲ့ရလဒ်တွေ ရရှိပြီး သဘောတူတဲ့ အချိန်အတောအတွင်း ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

NCA-SEAO ကိုယ်စားလှယ်များ၏ ယခုအစည်းအဝေး၌ ပြည်ထောင်စုသဘော တူစာချုပ် အစိတ်အပိုင်း (၃) တွင် ထည့်သွင်းချုပ်ဆိုမည့် ဖက်ဒရယ်လမ်းညွှန် အခြေခံမူများ၊ လက်ရှိဖြစ်ပွားနေသော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေးအခြေအနေများ၊ COVID-19 ရောဂါဆိုင်ရာ ကာကွယ်တားဆီးထိန်းချုပ်ကုသရေး လုပ်ငန်းများနှင့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လာမည့် ဇူလိုင်တွင် ကျင်းပလိုကြောင်း အစိုးရက NCA_ SEAO များထံ ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် တရားဝင် အဆိုပြုလာခဲ့ပြီးဖြစ်ကာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် ထည့်သွင်းချုပ်ဆိုမည့် အချက်များ၊ ညီလာခံကျင်းပသည့် အခင်းအကျင်းပုံစံများကို အစိုးရက အဆိုပြုလာသည့်အပေါ် NCA_ SEAO များအနေဖြင့် အကြောင်းပြန်ရန်လိုအပ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

“အစိုးရရဲ့ အဆိုပြုချက်အပေါ် တစ်ဖွဲ့ချင်းရဲ့ သဘောထားကို စုစည်းရယူပြီး အစိုးရဆီ မိမိတို့ရဲ့ အဆိုပြုချက်ကို ပြန်လည်ပေးပို့မှာဖြစ်ပါတယ်။ ဖက်ဒရယ်လမ်းညွှန် အခြေခံမူတွေနဲ့ပတ်သက်လို့ တခြားညီနောင် EAO တွေရဲ့ သဘောထားအမြင်တွေကို ညှိနှိုင်းရယူသွားဖို့ရှိပါတယ်။ မိမိတို့အချင်းချင်းကြား ဟန်ချက်ညီညီ အချိတ်အဆက်မိမိဖြစ်ဖို့ ကြိုးပမ်းသွားရမှာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

COVID-19 ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား လူမျိုးဘာသာမရွေး၊ နယ်မြေဒေသမရွေး၊ အဖွဲ့အစည်းမရွေးဘဲ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ခြင်းသည် ပြည်သူလူထုအရေး၊ ပြည်ထောင်စုအရေးကို ရှေ့တန်းတင်ခြင်းကြောင့်သာဖြစ်ပြီး ယင်းအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။