မြန်မာဘာသာဖြင့် ရေးသားထားသော Wikipedia တွင် ရှစ်လေးလုံး အရေးတော်ပုံနှင့်ပတ်သက်၍ အချက်အလက်အချို့ မှားယွင်းဖော်ပြထား

မြန်မာဘာသာဖြင့် ရေးသားထားသော Wikipedia တွင် ရှစ်လေးလုံး အရေးတော်ပုံနှင့်ပတ်သက်၍ အချက်အလက်အချို့ မှားယွင်းဖော်ပြထား
Published 6 June 2020
မင်းနိုင်စိုး၊ ယဉ်မျိုးသွယ်

မြန်မာဘာသာဖြင့် ရေးသားထားသော Wikipedia တွင် ရှစ်လေးလုံး အရေးတော်ပုံနှင့်ပတ်သက်၍ အချက်အလက်အချို့ မှားယွင်းဖော်ပြထားကြောင်း ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ကျောင်းသားဟောင်း ဦးညိုထွန်းက ပြောကြားသည်။

ရှစ်လေးလုံးအရေးတော်ပုံနှင့်ပတ်သက်၍ “ ခွပ်ဒေါင်းပုံသရုပ်ဖော်ထားသည့် NLD အလံသည် မြန်မာနိုင်ငံ၏လမ်းများပေါ်ရှိ ကန့်ကွက်ဆန္ဒပြပွဲများ၏ အမှတ်အသား ဖြစ်လာခဲ့သည်” ဟု မှားယွင်းဖော်ပြထားကြောင်း ဦးညိုထွန်းက ပြောကြားသည်။

ရှစ်လေးလုံးအရေးတော်ပုံကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပေါ်ပေါက်ခြင်းမရှိသေးဘဲ အရေးတော်ပုံကာလအလွန် ၁၉၈၉ ခုနှစ်မှသာ NLD ပါတီပေါ်ပေါက်ခဲ့ခြင်းဖြစ်ကာ မြန်မာဘာသာဖြင့် ရေးသားထားသော Wikipedia တွင် ရှစ်လေးလုံးအရေးတော်ပုံဆိုင်ရာ ဖော်ပြချက်သည် သမိုင်းဆိုင်ရာ အချက်အလက် မှားယွင်းနေကြောင်း အရေးတော်ပုံကာလက ခွပ်ဒေါင်းအလံအား ရေးဆွဲခဲ့သူ ဦးညိုထွန်းက ဆိုသည်။

“ ခွပ်ဒေါင်းနဲ့ပတ်သက်လို့ ပြောချင်တာက ၁၉၈၈ မတ်လ ၁၆ ရက်နေ့ အင်းလျားကန်ဘောင်ကိစ္စမှာ အစ်ကိုကိုယ်တိုင် ဆွဲပြီးတော့ အလံကို အခု Eco ပေါ့နော်။ ရန်ကုန်တက္ကသိုလ်ဝင်းထဲက စီးပွားရေး တက္ကသိုလ်ရှေ့မှာ လွှင့်ခဲ့တာ။ လွှွင့်ခဲ့တယ်ဆိုတာသည် ဝှက်ထားတဲ့နေရာကနေပြီးတော့ အပေါ်ကို လွှင့်ပစ်လိုက်တာ။ အဲဒီမှာ ၀ါးရှာပြီးတော့ ကျောင်းသားတွေက “ ဒို့ခွပ်ဒေါင်းအလံကွ” ဆိုပြီးတော့ ဆွဲတယ်။ အစ်ကိုဆွဲတဲ့ ခွပ်ဒေါင်းမှာတောင်မှ အစ်ကို့မှာ အမှားတွေ ရှိတယ်” ဟု ဦးညိုထွန်းက ပြောကြားသည်။

ဦးသန့် အရေးအခင်းပြီးကတည်းက နှစ်အတန်ကြာ ပျောက်ကွယ်နေခဲ့သော ခွပ်ဒေါင်းအလံအား ၁၉၈၈ အရေးတော်ပုံကာလတွင် ပြန်လည်လွှင့်တင်ခဲ့ပြီး NLD ပါတီက ခွပ်ဒေါင်းပုံပါသောအလံကို အသုံးပြုခြင်းအတွက် ၎င်းအနေဖြင့် ပြန်လည်စဉ်းစားသုံးသပ်ပေးရန် ထိုစဉ်က အကြံပြုစာပင် ပေးပို့ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ ကြယ်ဖြူကြီးကို ခွပ်ဒေါင်းက ခွပ်နေသလို ဖြစ်နေသည်မှာ နိမိတ်မကောင်း၍ တစ်ကြောင်း၊ သမိုင်းဆိုင်ရာ အမျိုးသားခေါင်းဆောင်ကြီးများမှာ ကျောင်းသားခေါင်းဆောင်ဟောင်းများ ဖြစ်နေ၍တစ်ကြောင်း၊ ထိုသို့သော သမိုင်းဆိုင်ရာအကြောင်းနှင့် လက်ငင်းရှုပ်ထွေးမှုများ ဖြစ်နေသည့် အကြောင်းများကြောင့် ခွပ်ဒေါင်းနှင့်ပတ်သက်၍ အလေးအနက် ပြန်လည်ဆွေးနွေးစဉ်းစား သုံးသပ်ကြပါရန်ဆိုပြီးတော့ အစ်ကို စာသွားပို့ဖူးတယ်” ဟု ဦးညိုထွန်းက ပြောကြားသည်။

ယခုနောက်ပိုင်းကာလတွင် ကျောင်းသားသမဂ္ဂအမှတ်တံဆိပ်ဖြစ်သော ခွပ်ဒေါင်းပုံပါသည့် အမှတ်တံဆိပ်အား နိုင်ငံရေးပါတီအချို့က တိုက်ရိုက်အသုံးပြုခဲ့သည့်အတွက် စာရေးဆရာများနှင့် ကာတွန်းဆရာများက ကန့်ကွက်ခဲ့ကြသော်လည်း NLD ပါတီ၏ ခွပ်ဒေါင်းပုံပါသောအလံအား မကန့်ကွက်ခဲ့ကြကြောင်း ၎င်းက ဆိုသည်။

“ အဖွဲ့အစည်းနဲ့ မဆိုင်ဘူး။ ကျောင်းသားတွေနဲ့ ဆိုင်တယ်။ ဥပဒေ မပြဋ္ဌာန်းပေမဲ့လို့ သမိုင်းဆိုင်ရာဥပဒေအရ ခွပ်ဒေါင်းဟာ ကျောင်းသားပဲ ပိုင်တယ်” ဟု ဦးညိုထွန်းက ပြောကြားသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းပုံကို ၁၉၆၀ ပြည့်နှစ်၊ ခြောက်ကြိမ်မြောက် ကျောင်းသားကွန်ဂရက်တွင် ခေတ်နှင့်အညီ ပြန်လည်ပြင်ဆင်ခဲ့ကြပြီး အဆိုပါကွန်ဂရက်တွင် ဗကသသီချင်းနှင့် ခွပ်ဒေါင်းအလံကိုသမဂ္ဂ၏ အမှတ်တံဆိပ်အဖြစ် အတည်ပြုခဲ့ကြောင်း ဦးညိုထွန်းက ပြောကြားသည်။

ထို့ပြင် မြန်မာဘာသာဖြင့် ရေးသားထားသော Wikipedia ၏ ရှစ်လေးလုံးဆိုင်ရာရေးသားချက်များတွင် ရှစ်လေးလုံးအရေးအခင်းဟု ရေးသားထားပြီး ယင်းသို့ရေးသားချက်သည် စော်ကားရာရောက်ကြောင်းလည်း ဦးညိုထွန်းက ပြောကြားသည်။

Wikipedia ဆိုသည်မှာ အများက ဝိုင်းရေးသည့် စွယ်စုံကျမ်းတစ်ခုဖြစ်ပြီး Wikipedia ခေတ်မတိုင်မီ အခြားအွန်လိုင်းစွယ်စုံကျမ်းများ ရှိခဲ့ကြောင်း၊ Wikipedia ၏ Content မှာ စွယ်စုံကျမ်းအနေဖြင့် သတင်းများ ရေးသားပါက အားလုံးဝိုင်းဝန်းဖြည့်ခြင်းဖြစ်ကြောင်း Alpha Computer Mandalay တည်ထောင်သူ IT ပညာရှင် ဦးရဲမြတ်သူ ပြောကြားသည်။

“ ဆိုလိုချင်တာက Facebook ထဲမှာ သတင်းတင်သလိုပဲ။ ယုံကြည်ရသလား မေးရင် မသေချာဘူး။ ဒါပေမဲ့ Facebook ထဲမှာ သတင်းတင်သလိုမျိုး မယုံကြည်ရတာမျိုးတော့ မဟုတ်ဘူး။ သူ့မှာ လိုက်ပြီးတော့ စစ်နေတဲ့ Editor တွေတော့ ရှိတယ်။ အဲဒီ Editor တွေက မဟုတ်တာတွေတင်ထားတာတို့လို အဆင်မပြေဘူးဆိုရင် လိုက်ဖျက်တာတွေ၊ လိုက်လုပ်နေတာတွေ ရှိနေတယ်။ ရှိနေတော့ အဲဒီအဖွဲ့တွေကနေပြီးတော့ မဟုတ်တာတွေ လျှောက်တင်လို့ရှိရင်တော့ ဖျက်တယ်။ ဒါပေမဲ့ သတင်းကို Update တင်တဲ့ကိစ္စကို လူတိုင်းကို ပေးထားတယ်။ တင်နေကျ Level တွေနဲ့ သူ့ရဲ့အဆင့်အပေါ်မှာမူတည်ပြီးတော့မှ Contributor Level အပေါ်မှာ မူတည်ပြီးတော့မှ သူက Power ရှိတယ်။ ရှိတော့ မြန်မာနိုင်ငံရဲ့သတင်းဆိုရင် မြန်မာနိုင်ငံရဲ့သတင်းကို နားလည်တဲ့ မြန်မာ စာလုံးနဲ့ နားလည်တဲ့အဖွဲ့တစ်ဖွဲ့ကို သူက ပေးထားတယ်။ အဲဒီအဖွဲ့ကနေပြီးတော့မှ စိစစ်ပေါ့၊ စိစစ်ပြီးတော့မှ ဒါကိုခွင့်ပြုတာ၊ ခွင့်မပြုတာလုပ်တယ်။ အဲဒီတော့ အခုလိုမျိုး တင်ထားတာတစ်ခုက မှားနေတယ်ဆိုလို့ရှိရင် နောက်တစ်ဖွဲ့က ဒါကြီးက မှားနေပါတယ်ဆိုပြီး ပြင်ပြီး တင်လို့ရတယ်။ အဲဒီရတဲ့ဟာကို စနစ်တကျတော့ ပြန်တင်ဖို့လိုတယ်။ ပထမဟာ အမှားကိုပြန်တင်တဲ့ဟာကို မှန်မှန်ကန်ကန် Complain လုပ်နိုင်ဖို့ သက်သေသာဓက ပြနိုင်တယ်ဆိုလို့ရှိရင် ဟိုဟာကို၊ သည်ဟာကို ပြင်တဲ့ကိစ္စက ရတယ်။ တကယ်တမ်းကျတော့ Wikipedia Organization ဆိုတာ Facebook လိုပဲ။ သူများရဲ့ Content တွေကို Management လုပ်ပေးတဲ့ အဖွဲ့အစည်းပဲ။ အဲဒီတော့ သူက Content က သူပိုင်တာမဟုတ်ဘူး။ သူက အများကနေယူပြီး အများကို ပြန်ပေးတာဆိုတော့ သူကို့ ဘာလို့ လူကြိုက်များသလဲဆိုတော့ ဘောလုံးသမား တစ်ယောက်အကြောင်းက အသင်းပြောင်းသွားရင်တောင် ချက်ချင်းသိတယ်ဆိုပြီးတော့မှ သူက Update အရမ်းဖြစ်တယ်ဆိုပြီးတော့မှ Wiki ပေါ်မှာ သုံးကြတာများတယ်” ဟု Wiki ပညာရှင် ဦးရဲမြတ်သူ ပြောကြားသည်။

ယခုနောက်ပိုင်းတွင် ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများအား မည်သို့ခေါ်ဝေါ်သည်ကို Wiki တွင် ခေါင်းစဉ်ဖြင့် ရိုက်ရှာပါက အကြမ်းဖျင်းအားဖြင့် ဖော်ပြကြောင်း၊ ထို့ကြောင့် ခေါင်းစဉ်တစ်ခုရှိပါက Wiki တွင် လူတိုင်းရှာလေ့ရှိကြောင်း ၎င်းက ရှင်းပြသည်။

“ Wiki မှာ အချက်အလက်တွေ တင်လေ့ရှိတယ်။ အဲဒါ သတင်းတော့ မဟုတ်ဘူး။ သတင်းတင်တာက သပ်သပ်။ သတင်း မဟုတ်တဲ့ Data ကိုကျတော့ Wiki မှာတင်တယ်ပေါ့။ အခုဟာကလည်း အဲဒီလိုပဲ ရှစ်လေးလုံးနဲ့ ပတ်သက်တဲ့ကိစ္စကို အချက်အလက်တွေ အကုန်လုံးကို Wiki မှာတင်လို့ရတယ်။ ဒါပေမဲ့ အဲဒီတင်ထားတဲ့ဟာကြီး မှန်ခြင်း၊ မှားခြင်းဟာ ရေးတဲ့သူက ဘယ်သူတင်သလဲဆိုတဲ့ Contributor အပေါ်မှာပဲ မူတည်တယ်။ သူကလည်း ဘယ်ဟာကို ရည်ညွှန်းကိုးကားပြီးတော့ ဘယ်စာအုပ်ထဲက နေကူးချပါတယ် ဆိုပြီးတော့လည်း ပြန်တင်မှာပဲ။ အဲဒါကို မှားတယ်ဆိုလို့ရှိရင် နောက်တစ်ခုက တင်လိုက်လို့ရှိရင် နောက်တစ်ခုက ပြောင်းသွားပြီးတော့ အရင်ဟာကို ပြန်ဖယ်ပစ်တာမျိုးရှိတယ်။ နောက်တစ်ခါ အရင်တုန်းကတော့ ဒီလူက ဒါတင်လိုက်တယ်။ ဒါကိုတော့ ပြထားတယ်။ ဒါပေမဲ့ အရင်တုန်းကတော့ ဒါတင်ဖူးတယ်ဆိုပြီးတော့ ပြန်ဖော်ပြတာတွေလည်းရှိတယ်။ အဲဒါတွေကတော့ Facebook မှာရှိတဲ့ ပေါ်လစီတွေလိုပဲ Wiki မှာ ပေါ်လစီတွေရှိတယ်။ How to G Word ဆိုတဲ့ စာအုပ်တစ်အုပ် ၂၀၀၈ တုန်းက ထွက်သေးတယ်။ အဲဒါ စာအုပ်တစ်အုပ်သပ်သပ်ရှိတယ်။ အဲဒီတော့ Wiki ရဲ့ သဘောက အရင်တုန်းကတော့ ဗမာလို မရှိဘူး။ အခုနောက်ပိုင်းမှာဗမာလို ဘာလို့ရှိသလဲဆိုတော့ တခြားနိုင်ငံတွေက တစ်ခုနဲ့ တစ်ခုကြားထဲမှာ Translator တွေနဲ့ Wiki တွေ ဖတ်လို့ရအောင် လုပ်လာတယ်။ လုပ်လာတော့ အဲဒီဗမာစာတွေကိုလည်း အင်္ဂလိပ်လိုအားလုံးကို Wiki နဲ့ ဖတ်လို့ရအောင်ဆိုပြီးတော့ လုပ်တာတွေနဲ့ ဗမာ Wiki မှာဆိုရင်တော့ Original Translation တွေက အဆင်မပြေတော့ ဗမာ Content တွေကို ပြန်တင်တယ်။ အဲဒီတော့ အဲလိုတင်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့မှာ Moderator တွေ ရှိတယ်။ ဘာညာတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ အငြင်းအပွားမှုတွေလည်း အများကြီးရှိတယ်။ အခုလိုကိစ္စတွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ သူဟာ မှန်ကန်တဲ့အချက်အလက်လို့ သူတို့ကိုယ်တိုင်လည်း အာမခံမထားဘူး။ ကောင်းတာကတော့ ဒါကို နားလည်တဲ့သူတွေက ဒါတွေမှားနေပါတယ်လို့ Wiki အဖွဲ့အစည်းကို ပြန်ပြင်နိုင်ဖို့ ကြိုးစားအားထုတ်သင့်တယ်လို့ မြင်တာပေါ့။ နောက်တစ်ချက်က ကျန်တဲ့သူတွေလည်း အဲဒီလို Wiki ထဲကို တက်ကြည့်ပြီးတော့ အချက်အလက်အမှားတွေကို နိုင်ငံတကာကနေ အမှားမမြင်အောင် ဒါတွေကို လေ့လာပြီးတော့ ပြန်ပြင်ဆင်တဲ့ကိစ္စက ဒါက မီးမောင်းထိုးပြသလို ခေါင်းလောင်းထိုးပြသလို ဖြစ်တယ် ဘာညာဆိုပြီးတော့ Alert လုပ်လို့တော့ ရတာပေါ့။ တကယ်တမ်း ဒါတွေက ဖြစ်ပျက်နေတဲ့ဟာတွေ။ ဆိုလိုတာက Facebook ထဲမှာ ပါလာတယ်၊ အင်တာနက်ထဲမှာ တွေ့တယ်ဆိုပြီး အပြင်မှာ သတင်းလျှောက်ဖြန့်သလိုပဲလေ။ Facebook က လိမ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လိမ်ချင်တဲ့ကောင်က Facebook ပေါ်မှာ လိမ်မှာပဲလေ” ဟု IT ပညာရှင် ဦးရဲမြတ်သူ ပြောကြားသည်။

Most Read

Most Recent