COVID-19 ရောဂါကြောင့် ထိခိုက်မှုရှိသည့် MSMEs လုပ်ငန်းများကို တစ်နှစ်အတိုးနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြားဖြင့် ချေးငွေ ကျပ် ၆၄ ဘီလျံခန့် ထုတ်ချေးမည်ဖြစ်ပြီး တစ်ဦးလျှင် ချေးငွေအများဆုံး ကျပ်သန်း ၃၀၀ အထိ ထုတ်ချေးမည်

COVID-19 ရောဂါကြောင့် ထိခိုက်မှုရှိသည့် MSMEs လုပ်ငန်းများကို တစ်နှစ်အတိုးနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြားဖြင့် ချေးငွေ ကျပ် ၆၄ ဘီလျံခန့် ထုတ်ချေးမည်ဖြစ်ပြီး တစ်ဦးလျှင် ချေးငွေအများဆုံး ကျပ်သန်း ၃၀၀ အထိ ထုတ်ချေးမည်
ရန်ကုန်မြို့ရှိ စက်မှုလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
ရန်ကုန်မြို့ရှိ စက်မှုလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
Published 3 June 2020

COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းထိခိုက်မှုရှိခဲ့သည့် MSMEs လုပ်ငန်းများအား အပေါင်ပစ္စည်းအပေါ်မူတည်၍ တစ်နှစ်လျှင် အတိုးနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြားဖြင့် ချေးငွေကျပ် ၆၄ ဘီလျံခန့် ထုတ်ချေးမည်ဖြစ်ပြီး တစ်ဦးလျှင် ချေးငွေအများဆုံး ကျပ်သန်း ၃၀၀ အထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ NSNEs ဖွံ့ ဖြိုးတိုးတက်စေရန် ဂျပန်နိုင်ငံမှရရှိသော ချေးငွေဖြင့် JICA SME TWO STEP LOAN စီမံကိန်းကို ၂၀၁၅ ခုနှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ ချေးငွေစီမံကိန်း အဆင့် (၁)သည် ပြီးမြောက်ခဲ့ပြီးဖြစ်ပြီး ချေးငွေစီမံကိန်းအဆင့် (၂) ကို အကောက်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ချေးငွေစီမံကိန်း အဆင့် (၂) တွင် ထုတ်ချေးရန်ကျန်သော ပမာဏမှာ ကျပ် ၆၄ ဘီလျံခန့်ရှိသည်။

အဆိုပါ ကျပ် ၆၄ ဘီလျံခန့်ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် JICA တို့ ညှိနှိုင်း၍ COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းထိခိုက်မှုရှိခဲ့သည့် MSMEs လုပ်ငန်းများအပေါ်တွင် အပေါင်ပစ္စည်း ပေးအပ်နိုင်မှုအပေါ်မူတည်၍ တစ်နှစ်လျှင် အတိုးနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်းရှိသော ချေးငွေများကို ထုတ်ချေးသွားမည်ဖြစ်သည်။

ချေးငွေသက်တမ်းမှာ သုံးနှစ်မှ ငါးနှစ်အထိဖြစ်သည်။ ချေးငွေသက်တမ်း သုံးနှစ်အောက်ချေးငွေတွင် ဆိုင်းငံ့ကာလ ခြောက်လ၊ ချေးငွေသက်တမ်း သုံးနှစ်မှ ငါးနှစ်အထိ ချေးငွေတွင် ဆိုင်းင့ံကာလ တစ်နှစ်ရရှိနိုင်မည်ဖြစ်သည်။ လုပ်ငန်းတစ်ခုလျှင် ချေးငွေအများဆုံး ကျပ်သန်း ၃၀၀ အထိရရှိနိုင်မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါချေးငွေကို ရယူလိုသော MSMEs လုပ်ငန်းရှင်များအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ သမဝါယမဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ နေပြည်တော်ဖွံ့ဖြိိုးရေးဘဏ်လီမိတက်၊ မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ ပထမပုဂ္ဂလိကဘဏ်လီမိတက်၊ ယူအေဘီဘဏ်လီမိတက်၊ ကမ္ဘောဇဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်သည်။

JICA နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့် (၁) တွင် ချေးငွေထုတ်ချေးမှု၏ ရာခိုင်နှုန်း ၅၀ ကျော်သည် ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများမှ လုပ်ငန်းရှင်များ ရရှိကြသဖြင့် အဆင့်(၂)တွင် ဝေးလံခေါင်းပါးသည့် ဒေသများရှိ  SME လုပ်ငန်းရှင်များသို့ ထုတ်ချေးရန် မူဝါဒတွင် ထည့်သွင်းထားကြောင်း JICA SME- Two Step Loan- TSL (Phase II) မှ Team Leadr ဖြစ်သူ  Mr. Toshiyuki KATAGIRI က ပြောကြားထားသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသည် JICA SME Two Step Loan (TSL) (PhaseII) Consultant Team နှင့် ပူးပေါင်း၍ ချေးငွေဆိုင်ရာ သတင်းအချက်အလက်များအား နိုင်ငံတစ်ဝှမ်းရှိ MSME လုပ်ငန်းရှင်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုအပ်သော ငွေကြေးအရင်းအနှီးများ လျှောက်ထားရယူနိုင်ရန် အသိပညာပေး ဆွေးနွေးပွဲများကို ကျင်းပပေးလျက်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့စီးပွားရေးတိုးတက်မှုတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည့်အတွက် ချေးငွေအာမခံလုပ်ငန်းများတွင် ချေးငွေအာမခံ အဖွဲ့အစည်းတည်ထောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားထားသည်။

Most Read

Most Recent