သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီ ၁၀၃ ခုက ဒေါ်လာ ၁ ဒသမ ၈၆ ဘီလျံ မြှုပ်နှံထားပြီး ကုမ္ပဏီ ၁၆ ခုမှာ လုပ်ငန်းများ တိုးချဲ့နေ

သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီ ၁၀၃ ခုက ဒေါ်လာ ၁ ဒသမ ၈၆ ဘီလျံ မြှုပ်နှံထားပြီး ကုမ္ပဏီ ၁၆ ခုမှာ လုပ်ငန်းများ တိုးချဲ့နေ
သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းအတွင်း မြင်ကွင်းများကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းအတွင်း မြင်ကွင်းများကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
Published 1 June 2020

သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီ ၁၀၃ ခုက ဒေါ်လာ ၁ ဒသမ ၈၆ ဘီလျံ မြှုပ်နှံထားပြီး ကုမ္ပဏီ ၁၆ ခုမှာ လုပ်ငန်းများတိုးချဲ့နေကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန် Zone A တွင် ငှားရမ်းနိုင်သော မြေဧရိယာစုစုပေါင်း ဟတ်တာ ၃၀၀ ၌ ၉၉ ရာခိုင်နှုန်းကို ကုမ္ပဏီ ၈၄ ခုသို့ ငှားရမ်းခဲ့ပြီး Zone B ၊ အဆင့် (၁)၊ အဆင့် (၂) နှင့် အဆင့် (၃) တို့တွင် ငှားရမ်းနိုင်သော မြေဧရိယာပေါင်း ၁၈၂ ဟတ်တာရှိသည့်အနက် ၄၈ ရာခိုင်နှုန်းကို ကုမ္ပဏီ ၂၀ သို့ ငှားရမ်းခဲ့ပြီး လက်ရှိတွင် Zone B ၊ အဆင့် (၄) ကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

လက်ရှိအချိန်တွင် သီလဝါအထူးစီးပွားရေးဇုန် Zone B ၏ စတုတ္ထအဆင့် ၃၈ ဟက်တာ (၉၄ဧက) ခန့် ဆက်လက်တည်ဆောက်လျက်ရှိပြီး စုစုပေါင်းဧရိယာ၏ ၂၈ ရာခိုင်နှုန်းခန့် အကောင်အထည်ဖော်ပြီး ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန် Zone A ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ၄၀၅ ဟက်တာ (ဧက ၁၀၀၀) ခန့်ကို စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ သီလဝါအထူးစီးပွားရေးဇုန် Zone B ပထမအဆင့် ၁၀၁ ဟက်တာ (ဧက ၂၅ဝခန့်) ကိုလည်းကောင်း၊ ဒုတိယအဆင့် ၇၇ ဟက်တာ (ဧက ၁၉၀ ခန့်) ကိုလည်းကောင်း၊ တတိယအဆင့် ၄၆ ဟက်တာ (၁၁၄ ဧက ခန့်) ကိုလည်းကောင်း အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိအချိန်တွင် စတုတ္ထအဆင့် ၃၈ ဟက်တာ ( ၉၄ ဧကခန့်) ကို အကောင်အထည်ဖော်လျက်ရှိရာ စုစုပေါင်းဧရိယာ၏ ၂၈ ရာ ခိုင်နှုန်းခန့်ကို အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“ သီလဝါအထူးစီးပွားရေးဇုန်ကတော့ အတိုးတက်ဆုံးပေါ့။ သီလဝါက နိုင်ငံနှစ်ခုက အစိုးရနှစ်ခု ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ မြန်မာရယ်၊ ဂျပန်ရယ်၊ ဒီအစိုးရနှစ်ခုက ဘာကို Provide လုပ်လည်းဆိုတော့ လိုအပ်တဲ့အခြေခံအဆောက်အအုံပိုင်းကို လုပ်တယ်။ ရေ၊ မီး၊ ဆိပ်ကမ်းတွေ လုပ်ပေးတယ်။ လုပ်ပေးတဲ့အခါမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အခြေခံလိုအပ်ချက်ကလည်း ဒါတွေပဲဖြစ်နေတယ်။ ဒါတွေပြည့်စုံတာနဲ့အမျှ ရင်းနှီးမြှုပ်နှံသူတွေ ရောက်လာတာတွေ့ရတယ်။ ဒါကြောင့်မို့ သီလဝါဟာဆိုရင် တိုးတက်လာတဲ့ အခြေအနေရှိတယ်” ဟု ဦးအောင်ထူးက ပြောကြားထားသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် အထူးစီးပွားရေးဇုန်ဥပဒေအရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီ (MIC) က ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၌ ကုန်ထုတ်လုပ်မှုလုပ်ငန်း ရာခိုင်နှုန်း ၈၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး အရောင်းအဝယ်လုပ်ငန်း ကိုးရာခိုင်နှုန်းနီးပါးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွင် ငါးရာခိုင်နှုန်းခန့်ပါဝင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

“ သီလဝါအထူးစီးပွားရေးဇုန်မှာ ကုမ္ပဏီများက လုပ်ငန်းလည်ပတ်လျက်ရှိတဲ့ စက်ရုံအရေအတွက် များလာတာနဲ့အမျှ ရေနဲ့ လျှပ်စစ်ဓာတ်အား အသုံးပြုနှုန်းကလည်း တိုးတက်လာမယ်လို့ မျှော်မှန်းထားပြီး အဲဒီလုပ်ငန်းတွေက ဝင်ငွေတိုးတက်လာမယ်လို့ သုံးသပ်ပါတယ်” ဟု Myanmar Thilawa SEZ Holdings Public Co.,Ltd (MTSH) ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

အစိုးရသစ်သက်တမ်း လေးနှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁ ဘီလျံကျော်ရှိပြီး ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုကဏ္ဍများ၌ အများဆုံး ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

Most Read

Most Recent