ဇွန် ၁ ရက်မှစ၍ အားကစားပြိုင်ပွဲများ ကွင်းပိတ်ကျင်းပခွင့်ရပြီဟု ဗြိတိန်အစိုးရ ကြေညာ

ဇွန် ၁ ရက်မှစ၍ အားကစားပြိုင်ပွဲများ ကွင်းပိတ်ကျင်းပခွင့်ရပြီဟု ဗြိတိန်အစိုးရ ကြေညာ
Photo : premier league
Photo : premier league
Published 1 June 2020

ဗြိတိန်ရှိ အားကစားပြိုင်ပွဲများကို ဇွန် ၁ ရက် (ယနေ့)မှစ၍ ကွင်းပိတ်စနစ်ဖြင့် ပြန်လည်ကျင်းပခွင့်ရပြီဖြစ်ကြောင်း အစိုးရက မေ ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ သည်။

အားကစားပြိုင်ပွဲများ ပြန်လည်စတင်ရေး တတိယအဆင့်လမ်းညွှန်မှုကို ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနှင့်အားကစားဝန်ကြီး အိုလီဗာဒေါဒန်က ကြေညာခဲ့ခြင်းဖြစ်သည်။

ဘောလုံး၊ တင်းနစ်၊ မြင်း၊ ဖော်မြူလာဝမ်း၊ ခရစ်ကတ်၊ ဂေါ့ဖ်၊ ရပ်ဘီ၊ စနူကာစသည့် အားကစားပြိုင်ပွဲများစွာကို ကွင်းပိတ်စနစ်ဖြင့် ပြန်လည်ကျင်းပခွင့်ရရှိခဲ့ပြီဖြစ်သည်။

''စောင့်ခဲ့ရတဲ့အချိန်တွေ ကုန်ဆုံးသွားပါပြီ။ ဗြိတိန်အားကစားပွဲတွေက ဘေးကင်းလုံခြုံပြီး စနစ်တကျထိန်းချုပ်ထားတဲ့ ပတ်ဝန်းကျင်တစ်ခုအဖြစ် မကြာခင် ပြန်ရောက်လာတော့မှာပါ။ အားကစားပြိုင်ပွဲတွေကို ကွင်းပိတ်ပြီး ပြန်လည်ကျင်းပတာက ဘေးကင်းတဲ့အခြေအနေဖြစ်စေမယ်လို့ လမ်းညွှန်ချက်မှာ ဖော်ပြထား ပါတယ်။ အားကစားနည်းတစ်ခုချင်းစီအနေနဲ့  အခုအချိန်ကစပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာဆောင်ရွက်ပြီးတော့ ဘယ်အချိန်ပြန်စမလဲဆိုတာ ဆုံးဖြတ်ရမှာပါ။ ဘောလုံး၊ တင်းနစ်၊ မြင်းပြိုင်ပွဲ၊ ဖော်မြူလာဝမ်း၊ ခရစ်ကတ်၊ ဂေါ့ဖ်၊ ရပ်ဘီ၊ စနူကာတို့အပါအဝင် တခြားအားကစားပြိုင်ပွဲတွေက ကျွန် တော်တို့ရဲ့ ဖန်သားပြင်တွေဆီ မကြာခင် ပြန်လာတော့မှာပါ''ဟု ဝန်ကြီး အိုလီဗာဒေါဒန်က ပြောကြားသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ အမှုဆောင်ချုပ် ရစ်ချက်မာစတာကလည်း အစိုးရ၏ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း ပြင်ဆင်နိုင်ပါက နှစ်ပတ်အကြာ (ဇွန် ၁၇ ရက်) တွင် ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

Most Read

Most Recent