ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးနိုင်သည့် ဦးရေ ၂၀၁၅ ခုနှစ်ထက် နှစ်သိန်းခွဲကျော် ပိုများလာ

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးနိုင်သည့် ဦးရေ ၂၀၁၅ ခုနှစ်ထက် နှစ်သိန်းခွဲကျော် ပိုများလာ
Published 4 November 2020
မောင်အေး (ပဲခူး)

ပဲခူးတိုင်းဒေသကြီးအတွင်း၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးနိုင်သည့် ဦးရေမှာ ယခင် ၂၀၁၅ ရွေးကောက်ပွဲ ကာလထက် နှစ်သိန်းခွဲကျော် ပိုမိုများပြားကြောင်း လက်ရှိ ကောက်ယူထားသော စာရင်းအရသိရပြီး COVID ကာလကြောင့် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအတွက်လည်း အခက်အခဲအချို့ ရှိနေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့်ဦးရေ သုံးဆယ့်ခုနစ်သိန်း ခုနစ်သောင်းကျော်ရှိ၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း ပဲခူးတိုင်းဒေသကြီးအတွင်း၌ ကောက်ယူခဲ့သော မဲပေးခွင့်ရှိသူ ၃၅ သိန်းခန့်ဖြင့် နှိုင်းယှဉ်လျှင် နှစ်သိန်းခွဲကျော် ပိုများနေကြောင်း သိရသည်။

COVID ကာလ အခက်အခဲများကြောင့် လက်ရှိအချိန်ထိ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမည့် အစီအစဉ်အား ပြောင်းလဲခြင်း မရှိသော်လည်း ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရမည့် အချိန်များတွင် COVID ကာလ စည်းကမ်းများကြောင့် စာရင်းကောက်ယူရာတွင် အခက်ခဲများရှိခြင်း၊ လူဦးရေ အချိုးအစားနှင့် မဲရုံသတ်မှတ်ရာတွင် အခက်အခဲများရှိနေခြင်း၊ ဒေသအလိုက် ကိုယ်စားလှယ် သတ်မှတ်ပေးရမည့်အချိန်များ နောက်ကျနေခြင်း၊ ပြည်တော်ပြန်များ ဆက်တိုက် ဝင်ရောက်နေသောကြောင့် မဲစာရင်းပြင်ဆင် သတ်မှတ်ရာတွင် အခက်အခဲများရှိနေခြင်း စသည်တို့ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရ ယခုအချိန်အထိတော့ အပြောင်းအလဲ မရှိသေးဘူး။ ပုံမှန်အတိုင်း ကျင်းပသွားမယ်လို့ သိရပါတယ်။လက်ရှိ ကောက်ယူထားတဲ့ စာရင်းအရ ၂၀၁၅ ထက် နှစ်သိန်းခွဲကျော်လောက် မဲပေးမယ့်သူ ပိုများလာတယ်။ ပဲခူးတိုင်းအတွင်း ပြည်တော်ပြန်တွေက ဆက်တိုက် ဝင်နေတော့ ဘယ်တော့ အတည်ပြုရနိုင်မလဲ။ စာရင်းကောက်ပြီးသားလား ထပ်ထည့်ရမှာလား ဒါတွေကို စိစစ်လုပ်ဆောင်ရမှာ ရှိပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  အတွင်းရေး မှူး ဦးအောင်ကျော်မိုးက ပြောကြားသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တပ်တွင်း မဲရုံများကိုလည်း တပ်၏ပြင်ပ တပ်နှင့်အနီးဆုံး နေရာများတွင် ထားရှိသွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။

 

Most Read

Most Recent