ရသေ့တောင်မြို့နယ်ရှိ ရဲကင်းစခန်းတစ်ခုအား AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် ကလေးငယ် တစ်ဦး အပါအဝင် မိသားစုဝင် သုံးဦး ပျောက်ဆုံး

ရသေ့တောင်မြို့နယ်ရှိ ရဲကင်းစခန်းတစ်ခုအား AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် ကလေးငယ် တစ်ဦး အပါအဝင် မိသားစုဝင် သုံးဦး ပျောက်ဆုံး
Published 29 May 2020

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ သဇင်မြိုင်ရဲကင်းစခန်းအား AA အဖွဲ့က မေ ၂၉ ရက် နံနက်ပိုင်း တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် ကလေးငယ် တစ်ဦး အပါအဝင် မိသားစုဝင် သုံးဦးတို့ ပျောက်ဆုံးနေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ သဇင်မြိုင်ရဲကင်းစခန်းရှိ ပင်မစခန်းနေရာအား အင်အား ၁၀၀ ခန့်ရှိသော AA အဖွဲ့က အနောက်မြောက်ဘက်မှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များကလည်း ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

မေ ၂၉ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် အင်အားချင်း မမျှသဖြင့် ပင်မစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့သည် ကာကင်းကုန်းစခန်းသို့ သွားရောက်ပူးပေါင်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ပျောက်ဆုံးနေကြောင်း၊ အဆိုပါ ရဲကင်းစခန်းသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်စစ်ကြောင်းများက စစ်ကူပေးနိုင်ရေး သွားရောက် ပူးပေါင်းဆောင်ရွက်နေကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“AA အကြမ်းဖက် သောင်းကျန်းသူတွေအနေနဲ့ စစ်ဘက်ပစ်မှတ် မဟုတ်တဲ့ နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့ (Law Enforcement) ဖြစ်တဲ့ ရဲစခန်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး အစဉ်တစိုက် တိုက်ခိုက်ခဲ့ တယ်။ ဒါက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းပဲ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေး ကို AA အဖွဲ့က နှောင့်ယှက်ဖျက်ဆီးနေတာ။ ဒီလိုအကြမ်းဖက်မှုတွေ အမြဲမပြတ် ကျူးလွန်နေတဲ့ AA အကြမ်းဖက် သောင်းကျန်းသူတွေကို ထိရောက်တဲ့ တန်ပြန် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးကို ဆောင်ရွက်သွားမှာပါ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။

AA အဖွဲ့အနေဖြင့် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ မြို့နယ်ကျေးရွာများ လုံခြုံရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသော ရဲကင်းစခန်းများအား တိုက်ခိုက်ခဲ့မှုအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ဘူးသီးတောင်မြို့နယ်ရှိ၊ ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနှင့် ကျောက်တောင် ရဲကင်းစခန်း လေးခုကို တိုက်ခိုက်ခဲ့သကဲ့သို့ ၂၀၁၉ ခုနှစ်၊ မတ် ၉ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ် ရဲကင်းစခန်းကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်ကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၀ ရက်တွင် လည်းကောင်း၊ ဘူးသီးတောင် မြို့နယ်ရှိ ညောင်ချောင်းနယ်မြေရဲကင်းစခန်းကို ဇူလိုင် ၁၆ ရက်တွင် လည်းကောင်း အသီးသီး တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂၅ ဦး ကျဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်အချို့နှင့် ကလေးငယ်များ အပါအဝင် မိသားစုဝင်တချို့မှာ AA အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

Most Read

Most Recent