လစ်လပ်နေသည့် KNU/KNLA (PC) ဥက္ကဋ္ဌနေရာအား လက်ရှိဒုတိယဥက္ကဋ္ဌဖြစ်သူကို ရွေးချယ်တင်မြှောက်ခဲ့ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် NCA လမ်းကြောင်းအတိုင်း ဆက်လက်ကြိုးပမ်းမည်ဟု ထုတ်ပြန်

လစ်လပ်နေသည့် KNU/KNLA (PC) ဥက္ကဋ္ဌနေရာအား လက်ရှိဒုတိယဥက္ကဋ္ဌဖြစ်သူကို ရွေးချယ်တင်မြှောက်ခဲ့ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် NCA လမ်းကြောင်းအတိုင်း ဆက်လက်ကြိုးပမ်းမည်ဟု ထုတ်ပြန်
 (Photo- Peace Nawtayar Media - KNU/ KNLA Peace Council Information Team)
(Photo- Peace Nawtayar Media - KNU/ KNLA Peace Council Information Team)
Published 27 May 2020

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အဖွဲ့အတွင်း ထိပ်ပိုင်းခေါင်းဆောင်တချို့ အပြောင်းအလဲရှိသော်လည်း အဖွဲ့အစည်း၏ မူဝါဒများ အပြောင်းအလဲ တစ်စုံတရာမရှိဘဲ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် NCA လမ်းကြောင်းအတိုင်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ယင်းအဖွဲ့က မေ ၂၆ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။

KNU/KNLA-PC ၏ ဗဟိုကော်မတီနှင့် တပ်မှူး၊ တပ်ဗိုလ်များ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မေ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် KNU/KNLA-PC ဗဟိုဌာနချုပ်တည်ရှိရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးတွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်တွင် အထက်ပါအတိုင်း ကြေညာခဲ့ခြင်းဖြစ်သည်။

နှစ်ရက်တာ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် လစ်လပ်နေသော KNU/KNLA-PC ဥက္ကဋ္ဌနေရာအတွက် ခေါင်းဆောင်ရွေးချယ်တင်မြှောက်ခြင်း၊ ၎င်းနှင့် ဆက်စပ်လျက်ရှိသည့် လစ်လပ်ရာထူး နေရာများအတွက် ရွေးချယ်တင်မြှောက် တာဝန်ပေးအပ်ခြင်း၊ လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးဆုံးဖြတ် အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း KNU/KNLA-PC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

KNU/ KNLA-PC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်သည် ၂၀၂၀ ပြည့်နှစ်၊ မေ ၃ ရက် ညနေပိုင်းတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ယခုပြုလုပ်ခဲ့သော KNU/KNLA-PC ၏ ဗဟိုကော်မတီနှင့် တပ်မှူး၊ တပ်ဗိုလ်များ အစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး စောထော့လေးကို ဥက္ကဋ္ဌအဖြစ် တင်မြောက်ခဲ့ကာ လွတ်လပ်သွားသော ဒုတိယဥက္ကဋ္ဌ နေရာအား ဗိုလ်ချုပ်စောယဉ်နုကို ရွေးကောက်တင်မြောက်ခဲ့ကြောင်း KNU/KNLA-PC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောကြားသည်။

ဗိုလ်ချုပ် စောယဉ်နုသည် KNU/KNLA-PC အမှတ် (၁) စစ်ဗျူဟာမှူး ဗိုလ်မှူးစောထင်ကျော်ကို တာဝန်ခံရသူဖြစ်ကြောင်း၊ ယခုနှစ်ရက်တာ ပြုလုပ်ခဲ့သော KNU/KNLA-PC ၏ ဗဟိုကော်မတီနှင့် တပ်မှူး၊ တပ်ဗိုလ်များ အစည်းအဝေးတွင် အဆင့်အလိုက် ရာထူးအပြောင်းအလဲများ ရှိခဲ့ကြောင်းနှင့် ရာထူးအပြောင်းအလဲများ ရှိခဲ့သော်လည်း မူဝါဒများ ပြောင်းလဲခြင်း မပြုလုပ်ရန် အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောကြားသည်။

"အဖိုးထိန်မောင် မရှိတော့ပေမဲ့လည်း လက်ရှိတာဝန်ယူနေတဲ့ ဗိုလ်ချုပ်ကြီး စောထော့လေးတို့ပဲဖြစ်ဖြစ်၊ ဗိုလ်ချုပ်ယဉ်နုတို့ပဲဖြစ်ဖြစ် NCA မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ NCA လမ်းကြောင်းကနေ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားတက်သရော ဆက်လက်ပါဝင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အကြမ်းဖျင်း ပြောမယ်ဆိုရင်တော့ မိမိတို့ အဖွဲ့အစည်းအနေနဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတချို့ ရှိခဲ့တယ်ဆိုပေမဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ရပ်တည်ချက်က တစ်စုံတရာ အပြောင်းအလဲရှိမှာမဟုတ်ပါဘူး" ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောကြားသည်။

KNU/KNLA-PC သည် NCA စာချုပ်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ အဖွဲ့အစည်းအား ဦးဆောင်သည့် ထိပ်ပိုင်းခေါင်းဆောင်တချို့ အပြောင်းအလဲရှိနေသော်လည်း ငြိမ်းချမ်းရေးအပေါ် ချမှတ်ထားသည့် မူဝါဒများ အပြောင်းအလဲမရှိဘဲ နောင်လာနောက်သား မျိုးဆက်သစ်များအတွက် အမွေကောင်းတစ်ခု ဖြစ်စေနိုင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်တွင်လည်းကောင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ညီနောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်တွဲပြီး NCA လမ်းကြောင်းအတိုင်း စိတ်ရင်းစေတနာမှန်ဖြင့် တက်ကြွစွာ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU/KNLA-PC က ကြေညာခဲ့သည်။

Most Read

Most Recent