ICJ တွင် တရားစွဲဆိုမှုကို ဖြေရှင်းရန် အသုံးစရိတ် ကျပ်သန်း ၆၈၀ တောင်းခံမှုမှာ ဘဏ္ဍာရေးစည်းမျဉ်းနှင့် ညီညွှတ်သည်ဟု အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ICJ တွင် တရားစွဲဆိုမှုကို ဖြေရှင်းရန် အသုံးစရိတ် ကျပ်သန်း ၆၈၀ တောင်းခံမှုမှာ ဘဏ္ဍာရေးစည်းမျဉ်းနှင့် ညီညွှတ်သည်ဟု အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ICJ ၌ ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုနှင့် စပ်လျဉ်း၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က တက်ရောက်ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ICJ ၌ ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုနှင့် စပ်လျဉ်း၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က တက်ရောက်ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)
Published 27 May 2020
ပြည့်ဖြိုးအောင်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုမှုကို ဖြေရှင်းရန် အသုံးစရိတ် ကျပ်သန်း ၆၈၀ တောင်းခံမှုမှာ ဘဏ္ဍာရေးစည်းမျဉ်းနှင့် ညီညွှတ်သည်ဟု အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

မေ ၂၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၉ -၂၀၂ဝဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပူးပေါင်းကော်မတီများ၏ သုံးသပ်ချက်အစီရင်ခံစာပါမူနှင့် အခြေခံ သဘောအကြောင်းအရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံသဘောနှင့် ရငွေသုံးငွေ ဆွေးနွေးခြင်းများအပေါ် ပြန်လည်ရှင်းလင်းရာတွင် နိုင်ငံရေးဝန်ကြီးဌာနကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က  ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အသုံးစရိတ် ကျပ်သန်း ၆၈၀ တင်ပြတောင်းခံခြင်းမှာ ဥပဒေနှင့် ညီညွှတ်မှု ရှိ မရှိ၊ လုပ်ထုံးလုပ်နည်းနှင့် ညီညွှတ်မှုရှိမရှိကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးနိုင်လင်းထွန်းက ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးစဉ် မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ အသုံးစရိတ်ကို ဖြည့်စွက်ရန်ပုံငွေတွင် တောင်းခံရခြင်းမှာ ICJ တရားစွဲခံရခြင်းသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် မမျှော်လင့်ဘဲ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် မူလခွဲဝေ ချထားငွေစာရင်း ရန်ပုံငွေမှာ မိမိတို့ဝန်ကြီးဌာနအနဖြင့် လျာထားခဲ့ခြင်းမရှိသလို အခြားဌာနများကလည်း လျာထားခဲ့ခြင်းမရှိကြောင်း၊ ထို့ကြောင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနှင့် တိုင်ပင်ပြီး ညှိနှိုင်းခဲ့ရာတွင် ဆောင်ရွက်နိုင်သည့် နည်းလမး်များအနက် အချိန်ကာလအကန့်အသတ်ရှိတာကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မူလခွဲဝေချထားသည့် ဘောင်အတွင်း သာမန်အသုံးစရိတ် ငွေစာရင်းခေါင်းစဉ်မှ ခေတ္တသုံးစွဲပြီး ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း၌ ပြန်လည်ဖြည့်တင်း လျာထားခြင်း နည်းလမ်းသည် အဆင်ပြေဆုံး နည်းလမ်းဖြစ်ကြောင်း အကြံပြုချက်ရရှိခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဦးစီးဌာနများ၏ ၀၃၀၁ လုပ်အားခအတွက် ကုန်ကျငွေစာရင်းအောက်မှ ကျခံသုံးစွဲရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

''လုပ်အားခအတွက် ကုန်ကျစရိတ် ၀၃၀၁ ငွေစာရင်းခေါင်းစဉ်အောက်မှာ ရရှိထားတဲ့ မူလခွဲဝေချထားငွေ ကျပ်သန်း ၆၅၀ ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ မဖြစ်မနေ ပေးချေရရန် ရှိတဲ့ မြန်မာသံရုံးအဖွဲ့ရုံး၊ ကောင်စစ်ဝန်ရုံးများမှာ နိုင်ငံပိုင်အဆောက်အအုံပိုင်များရဲ့ အာမခံကြေး၊ နေ့စားဝန်ထမ်းများ၏ လုပ်အားခတွေအတွက် လျာထားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါမူလခွင့်ပြုငွေ ပထမခြောက်လအတွင်း မိမိဝန်ကြီးဌာနက ကျခံရန်ရှိတဲ့ အသုံးစရိတ်များကို ခေတ္တဆိုင်းငံ့ခဲ့ပြီးတော့ ICJ မှာ တရားစွဲဆိုရခြင်းရဲ့ ကုန်ကျစရိတ်တွေကို ယာယီစိုက်ထုတ် ပေးချေခဲ့ရခြင်းပဲဖြစ်ပါတယ်။ အဆိုပါစိုက်ထုတ်ပေးချေထားခဲ့တဲ့ နိုင်ငံတကာရှေ့နေ ငှားရမ်းခ ကုန်ကျစရိတ်ငွေများနဲ့ ယခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း လက်ကျန် ခုနစ်လအတွက် ထပ်မံကုန်ကျမယ့် ရှေ့နေငှားရမ်းခများကို တွက်ချက်ပြီးတော့ ယခုဖြည့်စွတ်ခွင့်ပြု ရန်ပုံငွေစာရင်း ပြန်လည်တောင်းခံခြင်းဖြစ်ပါတယ်။ ဒီကိစ္စဟာ နှစ်နှင့်ချီပြီး ရင်ဆိုင်သွားရမယ့် ကိစ္စလည်းဖြစ်ပါတယ်။ ဒါကြောင့် ယခုတောင်းခံထားတဲ့ ဖြည့်စွက်အသုံးစရိတ် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေများနဲ့အညီ တင်ပြတောင်းခံခြင်းဖြစ်ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂနှင့် ICJ တို့၏ အဖွဲ့ဝင်ဖြစ်သည့်အပြင် ဂျီနိုဆိုက် ကွန်ဗန်းရှင်းအရ treaty obligation တာဝန်ရှိခြင်းနှင့် ဖြစ်ရပ်မှန်အခြေအနေ၊ သမိုင်းနောက်ခံအခြေအနေများကို ကမ္ဘာကသိအောင် ရှင်းလင်းပြောကြားခွင့် ရှိမည်ဖြစ်ခြင်းတို့ကြောင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဦးဆောင်၍ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ကျွမ်းကျင်ရှေ့နေကြီးများနှင့်အတူ ICJ တွင် သွားရောက်ရှင်းလင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားလိုပြုလုပ်၍ တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်းရာတွင် ကျွမ်းကျင်သည့် ပြည်ပညာရှင် ရှေ့နေငှားရမ်းခြင်း၊ မြန်မာဘက်မှ သီးသန့်တရားသူကြီး ငှားရမ်းခြင်း၊ ဥပဒေအကြံပေးများ ခန့်အပ်ခြင်း၊ အမှုကြားနာရင်ဆိုင်ရန် ပြင်ဆင်ခြင်း၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ ဖွဲ့စည်းခြင်း၊ စေလွှတ်ခြင်း၊ ကျွမ်းကျင်ဘာသာပြန်များ ငှားရမ်းခြင်းနှင့် ဥပဒေအကြံဉာဏ် ရယူရေး၊ ပြည်တွင်း ပြည်ပ ညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်းစသည့် ကုန်ကျရန်ရှိသည့် အသုံးစရိတ်များအတွက် လိုငွေ ကျပ် သန်း ၆၈၀ အား ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တောင်းခံရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏  ဖြည့်စွက်ခွင့်ပြုငွေတောင်းခံသည့် စာရင်းတွင် ဖော်ပြပါရှိသည်။

ထို့ပြင် သယ်ယူပို့ဆောင်ခငွေစာရင်းအောက်၌ တောင်းခံထားသည့် ဖြည့်စွက်ငွေ ကျပ်သန်း ၅၀ သည် နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ရုံးနှင့် စစ်သံရုံးများသို့ ပုံမှန်ပို့ဆောင်ပေးလျက်ရှိသည့် သံတမန်ချောအိတ် ပို့ခများအနက် ၂၀၁၉ ခုနှစ်အတွင်းတွင် ပရပ်မြို့နှင့် ဟာဗနားမြို့ မြန်မာသံရုံးနှစ်ရုံး ထပ်မံတိုးချဲ့ ဖွင့်လှစ်ခဲ့သဖြင့် ပိုမိုပေးချေရသော သံတမန်ချောအိတ် ပို့ဆောင်ခများ၊ ၁၄ ကြိမ်မြောက် ARF အစည်းအဝေး၊ ၁၇ ကြိမ်မြောက် အာဆီယံ-ကနေဒါ ဆွေးနွေးပွဲ၊ ၅၃ ကြိမ်မြောက် အာဆီယံအခမ်းအနားများတွင် ကုန်ကျရန်ရှိသည့် သယ်ယူပို့ဆောင်ခ အသုံးစရိတ်များကို တောင်းခံထားခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

''နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ရုပ်ရှင်ရိုက်ကူးရေးကော်မတီမှာ နိုင်ငံခြားဆက်ဆံရေးအပိုင်းမှာ တာဝန်ယူရတဲ့အတွက် ပြည်ပကနေပြီးတော့ မှတ်တမ်းမှတ်ရာ စာအုပ်တွေ ပို့ဆောင်ပေးနိုင်အောင် ကျွန်တော်တို့  လိုလိုမယ်မယ် လျာထားခြင်းဖြစ်ပါတယ်။ အခုတောင်းခံထားတဲ့ငွေဟာ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရာမှာ ပြည်ပမှ မှတ်တမ်းစာအုပ်စာတမ်းများ ပို့ဆောင်ပေးရန် လိုအပ်လာလို့ရှိရင် ကုန်ကျရန်ရှိတဲ့ သံတမန်ချောအိတ်ပို့ဆောင်ခ တစ်ခုတည်းအတွက်သာ ထည့်သွင်းလျာထားခြင်း မဟုတ်ကြောင်း တင်ပြလိုပါတယ်။ ယင်းရုပ်ရှင်ကိစ္စမှာ သံတမန်ချောအိတ် ပို့ဆောင်ခအသုံးပြုမည့် အသုံးစရိတ်စားခများအနက် တစ်ခုအဖြစ် ထည့်သွင်းရှင်းလင်း ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းရုပ်ရှင်အတွက် လိုအပ်သည့် ပြည်ပရှိ မှတ်တမ်းမှတ်ရာများ မြန်မာနိုင်ငံသို့ သံတမန်ချောအိတ်ဖြင့် ပို့ဆောင်ရန်ရှိလာပါက ကုန်ကျကောင်း ကုန်ကျနိုင်သည့် စရိတ်အနည်းငယ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ကျခံပံ့ပိုးပေးရေးမှာ ဘဏ္ဍာရေးစည်းမျဉ်းနှင့် ညီညွှတ်သည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent