COVID-19 ရောဂါကာကွယ်တားဆီးရေးအတွက် စစ်ဆေးသည့် (Screening Point) များနှင့် နိုင်ငံတကာ အကူအညီရယူမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရနှင့် KNU ညှိနှိုင်းဆွေးနွေး

COVID-19 ရောဂါကာကွယ်တားဆီးရေးအတွက် စစ်ဆေးသည့် (Screening Point) များနှင့် နိုင်ငံတကာ အကူအညီရယူမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရနှင့် KNU ညှိနှိုင်းဆွေးနွေး
 NRPC ဗဟိုဌာနတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အစိုးရနှင့် KNU ညှိိနှိုင်းဆွေးနွေးစဉ်
NRPC ဗဟိုဌာနတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အစိုးရနှင့် KNU ညှိိနှိုင်းဆွေးနွေးစဉ်
Published 26 May 2020

COVID-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် စစ်ဆေးသည့် Screening Point များနှင့် နိုင်ငံတကာ အကူအညီရယူမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အစိုးရနှင့် KNU ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC က သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ မေ ၂၅ ရက်က Online Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ “COVID-19 ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး” ကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် COVID-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် စစ်ဆေးသည့် Screening Point များနှင့် နိုင်ငံတကာ အကူအညီရယူမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးမှုများနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “ဒီနေ့ KNU နဲ့ ဒုတိယအကြိမ် Online အစည်းအဝေး ကျင်းပပါတယ်။ ဆွေးနွေးတဲ့ အဓိကအချက်တွေက COVID-19 ကာကွယ်တားဆီးရေးအတွက် စစ်ဆေးတဲ့စခန်း Screening Point တွေမှာ တစ်ဖက်နဲ့တစ်ဖက်ကြားမှာ အထင်လွဲမှားမှုတွေ ဖြစ်ခဲ့တာရှိတယ်။ အဲဒီအပေါ်မှာ ညှိနှိုင်းဆွေးနွေးခဲ့တယ်။ နောက်တစ်ခုက နိုင်ငံတကာ အကူအညီပေးရေးကိစ္စတွေ ဆွေးနွေးတယ်။ အဲဒီ ခေါင်းစဉ်နှစ်ခုကို အဓိကထား ဆွေးနွေးခဲ့တာရှိပါတယ်။ KNU ဘက်က ရှင်းပြတာကတော့ Screening Point တွေမှာ ယူနီဖောင်းဝတ်ပြီးတော့ မဆောင်ရွက်ဘူး။ လက်နက်ကိုင်ဆောင်ပြီးတော့လည်း မဆောင်ရွက်ဘူး။ NKU ဘက်က ကျန်းမာရေးဝန်ထမ်းနဲ့ KNU ရဲတပ်ဖွဲ့လိုသူတွေက COVID-19 ဆိုတဲ့ ကုတ်အကျႌဝတ်ပြီး ဆောင်ရွက်မယ်လို့ ရှင်းပြတာတွေ့ရတဲ့အတွက် ကော်မတီအနေနဲ့ ပြန်လည်ညှိနှိုင်း ဆွေးနွေးတာတွေလည်း ရှိပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ထိုင်းနိုင်ငံ၌ သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ ယခုလကုန်ပိုင်းတွင် ဝင်ရောက်လာရန်ရှိသည့်အတွက် နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရန် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“နိုင်ငံတကာ အကူအညီရယူဖို့ကိစ္စမှာတော့ ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာတုန်းက Option သုံးခုကို ဆွေးနွေးခဲ့တယ်။ အဲဒီအထဲကမှ နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်မယ့် အရာမျိုးကို ဆွေးနွေးခဲ့ပါတယ်။ ကောင်းမွန်တဲ့ ဆွေးနွေးပွဲလို့ ပြောနိုင်ပါတယ်။ နောက်လိုအပ်ရင်တော့ KNU အပါအဝင် ကိုဗစ်ကိစ္စကို ချောချောမွေ့မွေ့ ထိန်းချုပ်ကာကွယ် ကုသနိုင်ဖို့ နောက်ထပ်ဆွေးနွေးပွဲတွေ ဆက်လက်ဆောင်ရွက်ဦးမှာ ဖြစ်ပါတယ်။ အခုလကုန်လောက်မှာ အဝေးရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေအနေနဲ့ ပြန်လည်ဝင်ရောက်ဖို့ အထူးသဖြင့် ထိုင်းနိုင်ငံက ပြန်လည်ဝင်ရောက်ဖို့ ရှိပါတယ်။ ဒီလိုကိစ္စတွေမှာလည်း နယ်စပ်ဒေသတွေမှာ ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ အစိုးရကိုယ် စားလှယ်များအဖြစ် ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကရင်အမျိုးသားအစည်းအရုံး KNU ၏ ကိုယ်စားလှယ်များအဖြစ် ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

Most Read

Most Recent