အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အထောက်အကူပစ္စည်းများ ပေးအပ်

အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အထောက်အကူပစ္စည်းများ ပေးအပ်
NCA မထိုးရသေးသည့် EAO အဖွဲ့များကိုယ်စား EAO ကိုယ်စားလှယ်တစ်ဦးထံ အစိုးရ၏ ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း) က COVID-19 အထောက်အကူပစ္စည်းများ ပေးအပ်စဉ်
NCA မထိုးရသေးသည့် EAO အဖွဲ့များကိုယ်စား EAO ကိုယ်စားလှယ်တစ်ဦးထံ အစိုးရ၏ ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း) က COVID-19 အထောက်အကူပစ္စည်းများ ပေးအပ်စဉ်
Published 25 May 2020
မင်းနိုင်စိုး

အစိုးရကဖွဲ့စည်းထားသည့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) များအား COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ အထောက်အကူပစ္စည်းများ ပေးအပ်ခြင်းကို မေ ၂၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ NRPC ရုံး၌ ပြုလုပ်ခဲ့သည်။

COVID-19 ရောဂါကို ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်း/ စည်းကမ်းများ၊ ဆောင်ရန်/ရှောင်ရန် အချက်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်ပြန်ထားသော ဒေသန္တရအမိန့်များနှင့် အသိပညာပေးမှုများကို ပြည်သူတစ်ဦးချင်းစီက အလေးအနက်ထားကာ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ နယ်မြေအတွင်း ကျယ်ပြန့်စွာ လုပ်ဆောင်ပေးစေလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတ ီဥက္ကဋ္ဌဒေါက်တာ တင်မျိုးဝင်းက ပြောကြားသည်။

“ အခုလို ထောက်ပံ့ပေးအပ်လှူဒါန်းသည့် ပစ္စည်းများကိုလည်း COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ အကျိုးရှိစွာ ထိထိရောက်ရောက် အသုံးပြုသွားပါလို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် COVID-19 ရောဂါကို ခြိမ်းခြောက်မှု (Threat) အစား အခွင့်အရေး (Opportunity) အဖြစ် သဘောထားကာ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ယုံကြည်မှုကို တိုးတက်စေသော အပေါင်းလက္ခဏာဆောင်သော လုပ်ငန်းရပ်အဖြစ် သဘောထား လုပ်ဆောင်ကြရန် ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများမှ မြန်မာနိုင်ငံသားများသည် နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာမှုများ ရှိနေပြီး ထိုသို့ပြန်လည်ဝင်ရောက်လာကြသူများသည် နယ်စပ်ဒေသများကို တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ဖြတ်ကျော်ဝင်ရောက်လာကြသည့်အခါ ၎င်းတို့ကို ရောဂါကာကွယ်ထိန်းချုပ်မှုများ မှန်ကန်စွာ မလုပ်ဆောင်နိုင်ပါက ရောဂါကူးစက်မှု ပိုမိုပျံ့နှံ့သွားနိုင်ကြောင်းလည်း ဒေါက်တာတင်မျိုးဝင်းက သတိပေးပြောကြားသည်။

ယခုအခမ်းအနားသို့ အစိုးရ၏ COVID-19 ကော်မတီဥက္ကဋ္ဌဖြစ်သူ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ကော်မတီအဖွဲ့ဝင်များ၊ NCA ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ယင်းနောက် ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် COVID-19  ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (အငြိမ်းစား) က COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုရန် အထောက်အကူပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို NCA-SEAO ကိုယ်စား ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ဒေါက်တာစောမာတာနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းတို့ကလည်းကောင်း၊ NCA မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား EAO ကိုယ်စားလှယ်တစ်ဦးက အသီးသီး လက်ခံရယူခဲ့ကြသည်။

ယခု ထောက်ပံ့ပေးအပ်ရာ၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများအဖြစ် Surgical Mask ၊ Hand Sanitizer ၊ သာမိုမီတာ၊ ဘက်စုံသုံး ပိုးသတ်ဆေးရည်၊ PPE ဝတ်စုံ၊ Face Sheild ၊ ပိုးသတ်ဆေးဖျန်းပုံးများ၊ Quarantine Center များတွင် အသုံးပြုရန်အတွက် စောင်၊ ခြင်ထောင်စသည့် တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် အသိပညာပေးဆိုင်ရာပစ္စည်းများ ပါဝင်သည်။