ဝန်ကြီးဌာနက ခွင့်ပြုသည့် ပရဟိတဂေဟာ ၂၅၁ ခုရှိပြီး ခွင့်ပြုမိန့်မရှိဘဲ တည်ထောင်ဖွင့်လှစ်ပါက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် အရေးယူမည်ဟု ဆို

ဝန်ကြီးဌာနက ခွင့်ပြုသည့် ပရဟိတဂေဟာ ၂၅၁ ခုရှိပြီး ခွင့်ပြုမိန့်မရှိဘဲ တည်ထောင်ဖွင့်လှစ်ပါက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် အရေးယူမည်ဟု ဆို
Published 25 May 2020
ပြည့်ဖြိုးအောင်

မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနက ခွင့်ပြုထားသည့် ပရဟိတဂေဟာ ၂၅၁ ခုရှိပြီး ခွင့်ပြုမိန့်မရှိဘဲ တည်ထောင်ဖွင့်လှစ်ပါက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။

မေ ၂၅ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် စဉ့်ကိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်၏ နိုင်ငံတစ်ဝန်းလုံးတွင် တည်ထောင်ဖွင့်လှစ်ထားသော ပရဟိတဂေဟာအရေအတွက်နှင့် တည်ထောင်ခွင့်ပြုမိန့်ပေးရာတွင် မည်ကဲ့သို့စိစစ်၍ ကြီးကြပ်ဆောင်ရွက်နေသည်ကို သိလိုကြောင်း မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တည်ထောင်ခွင့်ပြုမိန့်ရရှိပြီးသော ပရဟိတဂေဟာ ၂၅၁ ခုရှိပြီး လူမှုဝန်ထမ်ဦးစီးဌာနမှ ထောက်ပံ့မှု ယူသောဂေဟာ၂၃၁ ခု၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုးရေးဦးစီးဌာနမှ ထောက်ပံ့မှုယူထားသော ဂေဟာ ၁၀ ခု၊ ထောက်ပံ့မှု မယူသည့်ဂေဟာ နှစ်ခု၊ ယာယီရပ်ဆိုင်းဂေဟာ ရှစ်ခုတို့ဖြစ်ကြောင်း သိရသည်။

“ တည်ထောင်ခွင့်ပြုမိန့်မရှိဘဲ ပရဟိတဂေဟာနဲ့ ယာယီစောင့်ရှောက်ရေး ဂေဟာတစ်ခုခုကို တည်ထောင်ဖွင့်လှစ်လျှင် ကလေးသူငယ်ဥပဒေများဆိုင်ရာ ပုဒ်မ ၁၀၁ (က) အရ ထိုသူကို လေးလမှ အများဆုံးတစ်နှစ် ဖြစ်စေ၊ အနည်းဆုံး ကျပ်လေးသိန်းမှ ကျပ်ခြောက်သိန်းအထိ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းကို ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ နောက်ဆုံးအခြေအနေနဲ့ ပရဟိတဂေဟာများကို စနစ်တကျထူထောင်နိုင်ဖို့နဲ့ ကြီးကြပ်နိုင်ဖို့အတွက်ကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေထဲမှာ ထည့်သွင်းထားခြင်းဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မ ၁၅(က) အရ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင်  ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများ တည်ဆောက်ဖွင့်လှစ်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထားပြီး ယခင်ကလေးသူငယ် ဥပဒေ (၁၉၉၃) ပုဒ်မ ၆၃ အရ လူမှုဝန်ထမ်းဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများ တည်ထောင်ခွင့်ပြုမိန့် လုံးဝလျှောက်ထားခြင်း မရှိသေးသော တည်ထောင်ဆဲ သို့မဟုတ် တည်ထောင်ဖွင့်လှစ်ထားသည့် ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများ အားလုံးကို ခြောက်လအတွင်း လူမှုဝန်ထမ်းဦးစီးဌာနသို့ တည်ထောင်ခွင့်ပြုမိန့် ပြန်လည်လျှောက်ထားရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ပရဟိတဂေဟာများနှင့်ပတ်သက်ပြီး သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ဂေဟာကြီးကြပ်မှုကော်မတီများက အနီးကပ်ကြီးကြပ်၍ သက်ဆိုင်ရာလူမှုဝန်ထမ်းရုံးများက ပုံမှန်ကြီးကြပ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေး လုပ်ငန်းများကို သက်ဆိုင်ရာ ဂေဟာကြီးကြပ်မှုကော်မတီဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိနည်းဥပဒေရေးဆွဲနေစဉ် ကာလအတွင်းမှာလည်း ဝန်ကြီးဌာနက အမိန့်၊ ညွှန်ကြားချက်များထုတ်ပြန်၍ လုပ်ငန်းများ အလျင်အမြန်အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။