အသင်းခေါင်းဆောင် မက်ဆီ၏စကားများသည် စကားရည်လုပွဲကြီးတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်ဟု ဘာစီလိုနာနည်းပြ ဆယ်တီယန် မှတ်ချက်ပြု

အသင်းခေါင်းဆောင် မက်ဆီ၏စကားများသည် စကားရည်လုပွဲကြီးတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်ဟု ဘာစီလိုနာနည်းပြ ဆယ်တီယန် မှတ်ချက်ပြု
Published 25 May 2020

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ၏စကားများသည် စကားရည်လုပွဲကြီးတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်ဟု သူ့အနေဖြင့်ယူဆကြောင်း နည်းပြ ဆယ်တီယန်က မှတ်ချက်ပြု ခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဘာစီလိုနာအသင်း၏ချန်ပီယံလိဂ်အလားအလာအတွက် စိုးရိမ်မိကြောင်း မက်ဆီမှ အတိအလင်းဖွင့်ဟခဲ့ပြီးနောက် ဆယ်တီယန်က သူ၏နည်းဗျူဟာ နှင့်ပတ်သက်ပြီး ကာကွယ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မက်ဆီ၏ယခုရာသီအတွင်း အသင်းအပေါ် ဝေဖန်သည့်စကားများမှာ သက်ရောက်မှုကြီးမားခဲ့ပြီး မကြာသေးမီကလည်း အသင်း၏ဘောလုံးဒါရိုက်တာ အဘီဒယ်လ်နှင့်လည်း အပြန် အလှန်ပြစ်တင်မှုများ ဖြစ်ပေါ်ခဲ့သည်။

မက်ဆီက ''ကျွန်တော်တို့ ဒီကစားပုံမျိုးနဲ့သာ ကစားမယ်ဆိုရင် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော့်ရဲ့ထင်မြင်ချက်က အချက်အလက်အပေါ်မှာ အခြေခံပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နှစ်စဉ်နှစ်တိုင်း ကစားနေရတာကပဲ ကျွန်တော့်အတွက် ကံကောင်းပါတယ်''ဟု စပိန်နေ့စဉ်ထုတ်အားကစားသတင်းစာ Sport သို့ ပြောကြားခဲ့သည်။

ကစားသမားများနှင့် ပရိသတ်များက အသင်းကစားပုံနှင့်ပတ်သက်ပြီး အယုံအကြည်ကင်းမဲ့နေကြသော်လည်း ဆယ်တီယန်က သူ၏နည်းဗျူဟာမှာ ဘာစီလိုနာအသင်းကို ၂၀၁၅ နောက်ပိုင်း ပထမဆုံးချန်ပီယံလိဂ်ဖလား ရယူပေးနိုင်မည်ဟု ယုံကြည်နေလျက်ရှိသည်။

''မက်ဆီရဲ့စကားတွေက စကားရည်လုပွဲကြီးတစ်ခုကို ဖြစ်ပေါ်စေနိုင်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်မယ်လို့ အခိုင်အမာယုံကြည်ပါတယ်။ တချို့ကဏ္ဍတွေမှာတော့ တိုးတက်ဖို့လိုပါသေးတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ယုံကြည်ချက်အတွက် သံသယမရှိပါဘူး။ တကယ်တော့ ကျွန်တော်တို့ စွမ်းဆောင်နိုင်ပါတယ်''ဟု ဆယ်တီယန် က beIN Sports သို့ ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ၂၀၁၅ ပြိုင်ပွဲတွင်ဗိုလ်စွဲပြီးနောက် (၃)ရာသီဆက် ကွာတားမှ ထွက်ခဲ့ရပြီး ပြီးခဲ့သည့်ရာသီတွင် ဆီမီးဖိုင်နယ်သို့ ရောက်ရှိခဲ့သည်။

ယခုရာသီ (၁၆)သင်းအဆင့် ပထမအကျော့တွင်မူ နာပိုလီနှင့်အဝေးကွင်းတွင် (၁)ဂိုးစီသရေကျထားခဲ့သည်။

 

Most Read

Most Recent