၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲ ပြန်လည်ကျင်းပဖြစ်ပါက ရန်ကုန်မြို့၌သာ စတင်ကျင်းပရဖွယ်ရှိ

၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲ ပြန်လည်ကျင်းပဖြစ်ပါက ရန်ကုန်မြို့၌သာ စတင်ကျင်းပရဖွယ်ရှိ
Photos : MFF, YUFC
Photos : MFF, YUFC
Published 25 May 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ကို ပြန်လည်ကျင်းပဖြစ်ပါက ရန်ကုန်မြို့၌ သာ စတင်ကျင်းပရဖွယ်ရှိနေကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကိုရိုနာဗိုင်းရပ်စ်အခြေအနေအပေါ်မူတည်၍ ပြည်တွင်းပြိုင်ပွဲများ ပြန်လည်ကျင်းပရန် စီစဉ်နေသော်လည်း ကျင်းပဖြစ်ပါက နယ်မြို့များတွင် ကျင်းပရန် မလွယ်ကူသေးသောကြောင့်  ရန်ကုန်မြို့၌သာ စတင်ကျင်းပရဖွယ်ရှိနေပြီး နောက်ပိုင်းမှသာ နယ်မြို့များတွင် ကျင်းပရမည်ဖြစ်သည်။

ရန်ကုန်မြို့တွင် ကျင်းပဖြစ်ပါက သုဝဏ္ဏကွင်းနှင့် ရန်ကုန်အသင်း၏ အိမ်ကွင်းဖြစ်သော YUSC ကွင်းတို့ကို အသုံးပြုရမည်ဖြစ်ပြီး ၂၀၂၀ MNL ပြိုင်ပွဲ မရပ်နားမီကလည်း ယင်းနှစ်ကွင်း၌ ပွဲစဉ်များကျင်းပခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် မတ်လနောက်ဆုံးပတ်တွင် MNL ပြိုင်ပွဲ ပထမအကျော့ လက်ကျန်ပွဲစဉ်များဖြစ်သည့် ပွဲစဉ် (၁၀) နှင့် (၁၁)ကို သုဝဏ္ဏကွင်းနှင့် YUSCကွင်း၌ ကျင်းပခဲ့သော်လည်း မတ် ၂၃ ရက်တွင် နှစ်ပွဲသာ ကစားခဲ့ရပြီး ယင်းနေ့ ညပိုင်းတွင် ရောဂါပိုးရှိသူ စတင်တွေ့ရှိခဲ့သောကြောင့် မတ် ၂၄ ရက်ကတည်းက ပြိုင်ပွဲများ ရပ်နားခဲ့ရခြင်းဖြစ်သည်။

အောင်ဆန်းကွင်းမှာမူ အကြီးစားပြင်ဆင်ရန် စီစဉ်ထားသောကြောင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကတည်းက ပြိုင်ပွဲများကျင်းပနိုင်ခြင်းမရှိဘဲ မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေဖြင့် ပြည်တွင်းပြိုင်ပွဲများကို အခြားကွင်းများ၌ ပြောင်းလဲကျင်းပခဲ့ရသည်။

အာဆီယံဒေသတွင်း လိဂ်များအနက် ဗီယက်နမ်ဗွီလိဂ်ပြိုင်ပွဲကို ဇွန်တွင် စတင်မည်ဖြစ်ပြီး ထိုင်းနှင့် မလေးရှားလိဂ်ပြိုင်ပွဲများကိုလည်း စက်တင်ဘာတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

 

Most Read

Most Recent