ကျန်းမာရေးဆိုင်ရာတုံ့ပြန်မှု အရေးပေါ်စီမံချက် အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာ သန်း ၅၀ ချေးယူရန် လွှတ်တော်အတည်ပြု

ကျန်းမာရေးဆိုင်ရာတုံ့ပြန်မှု အရေးပေါ်စီမံချက် အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာ သန်း ၅၀ ချေးယူရန် လွှတ်တော်အတည်ပြု
Published 23 May 2020
အောင်မင်းသိန်း

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုအရေးပေါ် စီမံချက် အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာသန်း ၅၀ ချေးယူရေးကိစ္စအား မေ ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

IDA ထံမှ အမေရိကန်ဒေါ်လာသန်း ၅၀ ချေးယူရေးကိစ္စအပေါ် မေ ၂၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ထောက်ခံ၊ အကြံပြု ဆွေးနွေးပြောကြားခဲ့မှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒေါက်တာမြင့်ထွေးက လွှတ်တော်၌ ပြန်လည်ရှင်းတင်ပြခဲ့ပြီးနောက် လွှတ်တော်က အတည်ပြုခဲ့သည်။ 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကလည်း COVID-19 အတွက် ပြန်လည်ကုစားရေး အစီအမံများနှင့် အကြံပြုဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းတင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအား ကျေးဇူးတင်ရှိကြောင်းနှင့် ကြိုဆိုကြောင်း ပြောကြားသည်။

“ ချေးငွေရယူမယ့်ကိစ္စကို လွှတ်တော်က အတည်ပြုပြီးတဲ့အခါမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေနဲ့ ချေးငွေ စာချုပ်ချုပ်ဆိုဖို့အတွက် ညှိနှိုင်းခြင်းနဲ့ ချေးငွေစာချုပ်လက်မှတ်ရေးထိုးခြင်း၊ စာချုပ်အသက်ဝင်ဖို့ ဆောင်ရွက်ခြင်း၊ ချေးငွေထုတ်ယူ သုံးစွဲရရှိစေရန် ဆောင်ရွက်ပေးခြင်းစတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ထုံးလုပ်နည်းများနဲ့လည်း ညီညွတ်စေပြီးတော့ စောလျင်စွာလည်း ပြီးစီးစေရန် ကမ္ဘာ့ဘဏ်နှင့် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ထို့ပြင် စီမံကိန်းအကောင်အထည်ဖော်မှု အခြေအနေ၊ တိုးတက်မှုအခြေအနေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပုံမှန်အစီရင်ခံတင်ပြရန် လိုအပ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“ သို့ဖြစ်ပါ၍ ကျန်မားရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်မယ့် ကျန်းမာရေးဆိုင်ရာတုံ့ပြန်မှုအရေးပေါ် စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ရာ ကမ္ဘာ့ဘဏ်ရဲ့ Fast Track COVID-19 Facility အစီအစဉ်အောက်က ချေးငွေ အမေရိကန်ဒေါ်လာ ၅၀ သန်း ရယူရေးကိစ္စအပေါ်မှာ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် ရယူပေးနိုင်ပါရန် တင်ပြအပ်တယ်” ဟု ဒုတိယဝန်ကြီးက လွှတ်တော်သို့ တင်ပြခဲ့သည်။

အဆိုပါ ချေးငွေရယူရေးနှင့်စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထား မေးမြန်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူခဲ့သည့်အတွက် လွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

Most Read

Most Recent