ဝေဖန်ခံနေရသည့် ဒသမတန်းသင်ရိုးပါ မျိုးဆက်ပွားကျန်းမာရေး ပညာပေးသင်ခန်းစာနှင့် ပတ်သက်၍ အသုံးအနှုန်းများအား ပြန်လည်သုံးသပ် ပြင်ဆင်မည်

ဝေဖန်ခံနေရသည့် ဒသမတန်းသင်ရိုးပါ မျိုးဆက်ပွားကျန်းမာရေး ပညာပေးသင်ခန်းစာနှင့် ပတ်သက်၍ အသုံးအနှုန်းများအား ပြန်လည်သုံးသပ် ပြင်ဆင်မည်
Published 22 May 2020
နေရိုင်း၊ ဇေယျာထွန်း

အများဝေဖန်ခံနေရသည့် ဒသမတန်းသင်ရိုးပါ မျိုးဆက်ပွားကျန်းမာရေး ပညာပေးသင်ခန်းစာနှင့် ပတ်သက်၍ ပြည်သူများ၏ စိုးရိမ်မှုမျာအား ကြားသိနေရသည့်အတွက် အဆိုပါသင်ခန်းစာတွင် ပါဝင်သည့် အသုံးအနှုန်းများအား ပြန်လည်သုံးသပ် ပြင်ဆင်နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက ပြောကြားသည်။

နေပြည်တော် မြို့မစျေးအနီးရှိ အ.ထ.က (၅) တွင် ယနေ့ (မေ ၂၂ ရက်) က ပြုလုပ်သည့် သင်ရိုးသစ် ဒသမတန်း Grade-10 ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်တွင် ပါဝင်သည့် ရောဂါကင်းဝေး ကျန်းမာရေး သင်ခန်းစာနှင့် ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေး သင်ခန်းစာတို့နှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"ယခု ဒသမတန်းသင်ရိုးသစ် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်မှာ ပါဝင်တဲ့ ရောဂါကင်းဝေး ကျန်းမာရေးသင်ခန်းစာနဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေး သင်ခန်းစာများနှင့် ပတ်သက်ပြီး ပြည်သူတွေရဲ့ စိုးရိမ်မှုကို ကြားသိရပါတယ်။ ဒါကြောင့် ပြည်သူ့အသံ ပြည်သူ့သဘောထားတွေကို အလေးထား နားထောင်လျက်ရှိပြီးတော့ ဒီသင်ခန်းစာတွေကို ပြန်လည်သုံးသပ်ကာ ပြင်ဆင်ဖို့အတွက် စီစဉ်လျက်ရှိပါကြောင်း အသိပေးအပ်ပါတယ်" ဟု ဒေါက်တာဝင်းထွန်းက ပြောကြားသည်။

ဒသမတန်း သင်ရိုးသစ် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်တွင် ပါဝင်သည့် ရောဂါကင်းဝေး ကျန်းမာရေး သင်ခန်းစာနှင့် ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေး သင်ခန်းစာတို့တွင် ပါဝင်သည့် အသုံးအနှုန်းများအား မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှုရှိစေရန်အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီတို့ဖြင့် ညှိနှိုင်းကာ ပြန်လည်သုံးသပ် စိစစ်ကာ ပြင်ဆင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

နည်းပညာခေတ်တွင် သတင်းအချက်အလက်များ၊ အဖြစ်အပျက်များကို လူတိုင်း အလွယ်တကူ လက်လှမ်းမှီ ဖြစ်လာသည့်အတွက် သတင်းအချက်အလက်များ နည်းပညာနှင့် လူမှုကွန်ရက်များ၏ အကျိုးဆက်အဖြစ် ကျောင်းသား ကျောင်းသူများသည် ငယ်ရွယ်နုနယ်သည့်အချိန်တွင် လက်ကိုင်ဖုန်း၊ ကွန်ပျူတာစသည့် ကိရိယာများဖြင့် မမြင်သင့်၊ မကြားသင့်သည်များကို မြင်နိုင်ကြားနိုင်ရန် နီးစပ်မှုရှိနေသည်ကို တွေ့ရှိရကြောင်း ဒေါက်တာဝင်းထွန်းက ဆိုသည်။

"ထို့ကြောင့် တိုးတက်ခေတ်မီလာသည့် သတင်းအချက်အလက် နည်းပညာများကို မှန်မှန်ကန်ကန် သုံးသပ်ပြီး အမှားအမှန် ခွဲခြားသင်ယူတတ်စေရန်အတွက် လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက် ရှိပါတယ်။ အကျိုးရှိ ထိရောက်စေရန်အတွက် ပြည်သူများ၏အသံကို နားထောင်၍ ပြန်လည်သုံးသပ် စိစစ်ဆောင်ရွက်လျက် ရှိပါတယ်" ဟု ဒေါက်တာဝင်းထွန်းက ပြောကြားသည်။

သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်များကို ပြုစုရာ၌ ကောင်းမွန်အကျိုးရှိသည်များကို သင်ယူစေပြီး ကျောင်းသားကျောင်းသူများ၏ ဘဝကာကွယ်ပေးရန်နှင့် လူမှုဘဝ မြှင့်တင်စေလိုသည့်အတွက် ယခင်သင်ခန်းစာများကို အတတ်နိုင်ဆုံး တည်ဖြတ်ခြင်း၊ ၂၁ ရာစု ကျွမ်းကျင်မှုများ ရရှိစေလာစေရန် ပြင်ဆင်ခြင်းနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေ ဖြစ်စေရန် တည်းဖြတ် ပြင်ဆင်ခြင်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက ဆိုသည်။

 

 

 

Most Read

Most Recent