ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံတည်ဆောက်ပြီးစီးမှု အနည်းငယ်နောက်ကျဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံတည်ဆောက်ပြီးစီးမှု အနည်းငယ်နောက်ကျဖွယ်ရှိ
Photos : MFF Facebook
Photos : MFF Facebook
Published 21 May 2020

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပံ့ပိုးမှုဖြင့် သုဝဏ္ဏဘောလုံးကွင်းဧရိယာအတွင်း ဖူဆယ်အားကစားရုံတည်ဆောက်နေသော်လည်း ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ပြီးစီးမှု အနည်းငယ်နောက်ကျဖွယ် ရှိကြောင်း သိရသည်။

ယင်းအားကစားရုံကို ပြီးခဲ့သည့်နှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နှစ်ကုန်ပိုင်းတွင်ပြီးစီးရန် လျာထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းဆောင်ရွက်မှုကြန့်ကြာနေရာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှသာ ပြီးစီးဖွယ်ရှိနေသည်။

''ဖူဆယ်အားကစားရုံတည်ဆောက်ပြီးစီးတာ အနည်းငယ်နောက်ကျနိုင်ပါတယ်။ လက်ရှိအနေအထားက ၄၅ ရာခိုင်နှုန်းပြီးစီးထားပြီး  ၅၅ ရာခိုင်နှုန်းလောက်ပြီးစီးဖို့ ကျန်ပါသေးတယ်။ အရင်တုန်းက ဒီနှစ်ကုန်ပိုင်းလောက်မှာ ပြီးစီးဖို့ မျှော်မှန်းထားပေမဲ့ လက်ရှိအနေအထားအရတော့ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှ ပြီးစီးနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် လုပ်ငန်းဆောင်ရွက်မှုတွေ ကြန့်ကြာနေတာ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနေတဲ့ကာလမှာ လုပ်ငန်းဆောင်ရွက်တာတွေ ရပ်နားထားရ တာရှိပါတယ်''ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။

နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံကို ပရိသတ် ၂၀၀၀ ကျော်ဆံ့အားကစားရုံအဖြစ် တည်ဆောက်နေပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် ပန္နက်တင်အခမ်းအနားကျင်းပကာ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ယင်းအားကစားရုံကို FIFA ၏ ပံ့ပိုးမှုဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းတွင် လာရောက်စစ်ဆေးခဲ့သည်။

MFF သည် ဖူဆယ်အားကစားရုံသစ်ပြီးစီးသွားပါက နိုင်ငံတကာပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်ရှိသလို ပြည်တွင်းပြိုင်ပွဲများကိုလည်း တိုးမြှင့်ကျင်းပသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

MFF ဖူဆယ်ကော်မတီသည် လက်ရှိတွင် လိဂ်ပြိုင်ပွဲနှင့် Open Cup ပြိုင်ပွဲနှစ်ခုသာ ကျင်းပနေပြီး အားကစားရုံသစ်ပြီးစီးသွားပါက ပြည်တွင်းပြိုင်ပွဲများ တိုးမြှင့်ကျင်းပနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

''ဖူဆယ်အားကစားရုံသစ် ပြီးစီးသွားရင် ပြည်တွင်းပြိုင်ပွဲတွေ တိုးမြှင့်ကျင်းပဖို့ ဆောင်ရွက်မှာဖြစ်ပါတယ်။ အရင်တုန်းက အားကစားရုံအခက်အခဲကြောင့် ပြိုင်ပွဲကျင်းပတာခက်ခဲခဲ့ပေမဲ့ အခုဆိုရင် ပြိုင်ပွဲတွေပိုများလာမှာပါ။ နိုင်ငံတကာပြိုင်ပွဲတွေလည်း လက်ခံကျင်းပဖို့ရှိပါတယ်''ဟု  အတွင်းရေးမှူး ဦးကိုကိုသိန်းက ဆက်လက်ပြောကြားသည်။

MFF သည် ယခင်က ပြည်တွင်းဖူဆယ် ပြိုင်ပွဲများကို အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏနှင့် အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ကျင်းပလျက်ရှိသည်။

 

Most Read

Most Recent