ပရီးမီးယားလိဂ်ရာသီဖျက်သိမ်းရန် ဖြစ်နိုင်ခြေ ရာခိုင်နှုန်း ၄၀ ရှိဟု အသင်းပိုင်ရှင်တစ်ဦး သုံးသပ်

ပရီးမီးယားလိဂ်ရာသီဖျက်သိမ်းရန် ဖြစ်နိုင်ခြေ ရာခိုင်နှုန်း ၄၀ ရှိဟု အသင်းပိုင်ရှင်တစ်ဦး သုံးသပ်
Published 14 May 2020

ပရီးမီးယားလိဂ် ကလပ်အသင်းပိုင်ရှင်တစ်ဦးက ယခုရာသီကိုဖျက်သိမ်းရန် ဖြစ်နိုင်ခြေ ရာခိုင်နှုန်း ၄၀ ရှိကြောင်းနှင့် ဘောလုံးပွဲများ ပြန်လည်မစတင်နိုင်ပါက နွေရာသီတွင် ပရမ်းပတာအခြေအနေ ရင်ဆိုင်ရနိုင်ကြောင်း သုံးသပ်ပြောကြားသည်။

ပြီးခဲ့သည့်တနင်္လာနေ့က ပြုလုပ်သော ပရီးမီးယားလိဂ်ကလပ်များဆွေးနွေးပွဲတွင် ရာသီဖျက်သိမ်းနိုင်သည့်အလားအလာကို ပထမဆုံးအကြိမ် ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်ပြသည့် အသင်းပိုင်ရှင်တစ်ဦး၏ ပြောကြားမှုကို Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။ 

''တကယ်လို့ ကျွန်တော်တို့ပြန်မကစားနိုင်ဘူးဆိုရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဘယ်သူမှမသိပါဘူး။ တန်းဆင်းစနစ်မလုပ်တာက အကောင်းဆုံးဖြေရှင်းမှုဖြစ်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်နေဆဲပါပဲ။ ကျွန်တော်တို့အနေနဲ့ တန်းတက်လာမယ့် လိဒ်စ်၊ ဝက်စ်ဘရွန်းတို့နဲ့အတူ ၂၂ သင်းပါဝင်တဲ့လိဂ်ပြိုင်ပွဲကို တစ်ရာသီလောက် ကစားရနိုင်ပါတယ်။ ရာသီဖျက်သိမ်းရနိုင်ခြေက ရာခိုင်နှုန်း ၄၀ လောက်တော့ရှိပါတယ်။ အဲဒီလိုသာဖြစ်ရင် နွေရာသီမှာ ပရမ်းပတာအခြေအနေတွေ ကြုံရနိုင်တယ်။ ဘယ် လိုပဲဆုံးဖြတ်ပါစေ တန်းဆင်းရတဲ့အသင်းတွေက တရားစွဲကြလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်ကတော့ တန်းဆင်းရမယ့်စနစ်ကို အားမပေးပါဘူး''ဟု ၎င်းက ပြောကြားသည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ကမူ ရာသီဖျက်သိမ်းခြင်း (သို့မဟုတ်) တန်းဆင်းမှုကို ပယ်ဖျက်ခြင်းပြုလုပ်မည်မဟုတ်ကြောင်း ကြေညာထားသည်။ 

လက်ရှိတွင် ဘုန်းမောက်၊ ဗီလာနှင့် နောဝစ်ချ်တို့ အောက်ဆုံးသုံးနေရာတွင် ရပ်တည်လျက်ရှိသည်။