နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ပူးပေါင်းဆောင်ရွက်ရန် ကုလသမဂ္ဂနှင့် မြန်မာအစိုးရအကြား နားလည်မှုစာချွန်လွှာ တစ်နှစ်သက်တမ်းတိုး

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ပူးပေါင်းဆောင်ရွက်ရန် ကုလသမဂ္ဂနှင့် မြန်မာအစိုးရအကြား နားလည်မှုစာချွန်လွှာ တစ်နှစ်သက်တမ်းတိုး
Published 13 May 2020
ရှိုင်းလင်းအောင်

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ပူးပေါင်းဆောင်ရွက်ရေးအတွက် ကုလသမဂ္ဂနှင့် မြန်မာအစိုးရကြား နားလည်မှုစာချွန်လွှာကို ဒုတိယအကြိမ် သက်တမ်းတစ်နှစ် တိုးမြှင့်လိုက်သည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အထောက်အကူပြုနိုင်ရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့အကြား Exchange of Letters လက်မှတ်ထိုးပွဲအခမ်းအနားအား မေ ၁၁ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူ ပြုနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့အကြား နားလည်မှုစာချွန်လွှာ MoU ကို ၂၀၁၈ ခုနှစ် ဇွန် ၆ရက်က သုံးပွင့်ဆိုင်လက် မှတ်ရေးထိုးခဲ့သည်။ 

နားလည်မှုစာချွန်လွှာအား ပထမအကြိမ်အဖြစ် ၂၀၁၉ခုနှစ် ဇွန် ၆ရက်မှ ၂၀ ၂၀ ပြည့်နှစ် ဇွန် ၅ ရက်အထိ တစ်နှစ်သက်တမ်းရှိ Exchange of Letter ကို ၂၀၁၉ ခုနှစ် မေ ၂၈ ရက်တွင် သုံးပွင့်ဆိုင် လက်မှတ်ရေးထိုး၍ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။

ဒုတိယအကြိမ်အဖြစ် ပြန်လည်လက်ခံရေး အထောက်အကူပြုလုပ်ငန်းစဉ်များကို ၂၀၂၀ ပြည့်နှစ် ဇွန် ၆ ရက်မှ ၂၀၂၁ ခုနှစ်ဇွန်  ၅ ရက်အထိ တစ်နှစ်သက်တမ်းတိုးဆောင် ရွက်မည်ဖြစ်သည်။

ယင်းအစည်းအဝေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပေးပို့လာသည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ၏ အိမ်ထောင်စုစာရင်းနှင့် လူဦးရေစာရင်းများကို အသုတ်လိုက်ခွဲ၍ မိမိတို့တွင်ရှိပြီးဖြစ်သော စာရင်း၊ ဇယား၊ မှတ်တမ်းများအား နည်းပညာများ အသုံးပြုကာ တိုက်ဆိုင်စိစစ်၊ စစ်ဆေးဆောင်ရွက်ကာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့်စာရင်း ဇယားများ ပြန်လည်ပေးပို့လျက်ရှိကြောင်း  ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ဖူးသူများ ပြန်လည်လက်ခံခြင်းဆိုင်ရာ လုပ်ငန်းအားလုံးကို စိစစ်ရန်နှင့် ကြီးကြပ်ရန် နှစ်နိုင်ငံမှ ရွေးချယ်ထားသည့် ကိုယ်စားလှယ်များနှင့် ပူးတွဲလုပ်ငန်းအဖွဲ့ Joint Working Group JWG ကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ခေါင်းဆောင်သည့် ကိုယ်စားလှယ် ၁၃ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းရေးမှူးချုပ် ခေါင်းဆောင်သည့် ကိုယ်စားလှယ် ၁၃ ဦးတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေး လေးကြိမ် ကျင်းပပြီးဖြစ်သည်။