ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် “၀” အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့မှ တာဝန်ရှိသူများကို ကျိုင်းတုံမြို့၌ သီးခြားစီတွေ့ဆုံခဲ့ပြီး မိုင်းလားတွင် ဆရာဝန်လိုအပ်ပါက တပ်မတော်ဆေးအဖွဲ့ စေလွှတ်ပေးမည်ဟု ပြောကြား

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် “၀” အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့မှ တာဝန်ရှိသူများကို ကျိုင်းတုံမြို့၌ သီးခြားစီတွေ့ဆုံခဲ့ပြီး မိုင်းလားတွင် ဆရာဝန်လိုအပ်ပါက တပ်မတော်ဆေးအဖွဲ့ စေလွှတ်ပေးမည်ဟု ပြောကြား
Published 11 May 2020
မင်းနိုင်စိုး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၁၀ ရက် မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ ရွှေတြိဂံရိပ်သာ ဧည့်ခန်းမဆောင်၌ “၀” အဖွဲ့ (UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့မှ တာဝန်ရှိသူများအား သီးခြားစီ တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာ၌ မိုင်းလားဒေသတွင် ဆရာဝန်လိုအပ်ချက်ရှိပါက တပ်မတော်ဆေးအဖွဲ့ စေလွှတ်ပေးမည်ဟု ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ဖြစ်ပွားသူ လေးသန်းကျော်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားသူ ၁၇၈ ဦးရှိပြီဖြစ်ကြောင်း၊ အဆိုပါရောဂါသည် မမြင်ရ၊ မကြားရ၊ အနံ့ခံ မရနိုင်သောကြောင့် လူတိုင်း ကိုယ်စီအသိစိတ်ဖြင့် သတိထားနေထိုင်ကြရမည်ဖြစ်ကြောင်း၊ မိုင်းလားဒေသတွင် ဆရာဝန် လိုအပ်ချက်ရှိသည်ဟု ကြားသိရပြီး အရပ်ဘက် ဆရာဝန်များ လုံလောက်မှုမရှိပါက တပ်မတော်ဆေးအဖွဲ့များ စေလွှတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် ကန့်သတ်ချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ကိုယ်ခံအားကောင်းမွန်မှုမရှိပါက ရောဂါကူးစက်နိုင်ခြေ ပိုမိုများပြားသောကြောင့် ကိုယ်ခံအားကောင်း မွန်ရေး အာဟာရပြည့်ဝအောင် စားသောက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က “၀” အဖွဲ့၊ မိုင်းလားအဖွဲ့တို့နှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် နယ်စပ်ဒေသများမှ ပြန်လည်ဝင်ရောက်လာပြီး Quarantine ပြုလုပ်ထားရှိသူများ၏ အချက်အလက်များကို မှတ်တမ်းထားရှိရန်လိုပြီး အချက်အလက်များ မှန်ကန်မှုရှိစေရေး စစ်ဆေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် ဆေးအကာအကွယ်ပေးခြင်း လုပ်ငန်းများအတွက် တပ်မတော်ဆေးအဖွဲ့များ စေလွှတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သွားလာမှုစည်းကမ်းများကို စနစ်တကျ လိုက်နာကြရန်လိုအပ်ကြောင်း၊ အကယ်၍ဆေးစစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်ပါက ကျိုင်းတုံတွင် လာရောက်စစ်ဆေးနိုင်ရန် တပ်မတော်မှ ဆောင်ရွက်ပေးထားကြောင်းနှင့် မိမိတိုင်းပြည်ကို အားကိုးစိတ်မွေးရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့နောက် “၀” အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့က ၎င်းတို့၏ဒေသများ၌ COVID-19 ရောဂါ ဖြစ်ပွားသူ မရှိသေးကြောင်းနှင့် ဖြစ်ပေါ်လာပါက အသုံးပြုနိုင်ရန် ဆေးရုံ၊ ဆေးခန်းများကို အသင့်ပြင်ဆင်ထားရှိကြောင်း၊ စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍လည်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ် ဝင်ပေါက်များကို ဇန်နဝါရီလကတည်းက ပိတ်၍ သွားရောက်ခြင်းများကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “၀”  အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့အတွက် PPE ဝတ်စုံ ၅၀၀၊ Surgical Masks ၁၀၀၀၀၊ Goggles အခု ၁၀၀၊ Surgical Gloves ၁၀၀၀၊ Bleaching Power နှစ်ပုံး၊ Non-Contact Thermometer ၅၀ ခု၊ Hand Gel ဘူး ၂၅၀ နှင့် N 95 Mask အခု ၅၀၀ တို့နှင့် စားသောက်ဖွယ်ရာများအား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲများသို့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်တို့ တက်ရောက်ကြပြီး မိုင်းလားအဖွဲ့မှ ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင်များ ၊“၀” အဖွဲ့မှ ဦးညီကပ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မေ ၁၀ ရက် ညနေပိုင်းတွင် ကျိုင်းတုံမြို့ရှိ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား Amazing Keng Tong Hotel ၌ သွားရောက်တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာ၌ လက်ရှိတွင် ကမ္ဘာ့နိုင်ငံများနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် COVID-19 ရောဂါသည် ယခုအချိန်အထိ ထိန်းချုပ်နိုင်သည့်ဆေးဝါး ပေါ်ထွက်လာခြင်း မရှိသေးဘဲ စမ်းသပ်နေကြဆဲပင်ဖြစ်သည့်အတွက် စည်းကမ်းတကျနေထိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Masks ၁၀၀၀၊ Bleaching Power သုံးပုံး၊ Non-Contact Thermometer ၅၀ ခု၊ Hand Gel ဘူး ၂၅၀ နှင့် N 95 Mask အခု ၅၀၀၊ စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။