ပြည်တွင်းလုပ်သားများအတွက် နှစ်လအတွင်း အလုပ်အကိုင် အခွင့်အလမ်း ၄၁၀၀၀ ကျော် ရရှိနိုင်မည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုထားပြီး စက်မှုကဏ္ဍမှ အလုပ်အကိုင် အများဆုံးရရှိနိုင်မည်

ပြည်တွင်းလုပ်သားများအတွက် နှစ်လအတွင်း အလုပ်အကိုင် အခွင့်အလမ်း ၄၁၀၀၀ ကျော် ရရှိနိုင်မည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုထားပြီး စက်မှုကဏ္ဍမှ အလုပ်အကိုင် အများဆုံးရရှိနိုင်မည်
Published 9 May 2020
နီလာ

ပြည်တွင်းလုပ်သားများအတွက် နှစ်လအတွင်း အလုပ်အကိုင် အခွင့်အလမ်း ၄၁၀၀၀ ကျော်ရရှိနိုင်မည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုထားပြီး စက်မှုကဏ္ဍမှ အလုပ်အကိုင် အများဆုံး ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ဖေဖော်ဝါရီတွင် ၂၁၈၁၈ ဦးနှင့် မတ်တွင် ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှ ၁၄၉၉၁ ဦး အလုပ်အကိုင် ရရှိမည်ဖြစ်သည်။

အဆိုပါကာလအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ကဏ္ဍအလိုက် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုတွင် ဖေဖော်ဝါရီတွင် ၁၈၅၆ ဦးနှင့် မတ်တွင် ၂၅၃၁ ဦးရှိကာ စက်မှုကဏ္ဍမှ အလုပ်အကိုင် အများဆုံး ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီနှင့် မတ်လအတွင်း ခွင့်ပြုခဲ့သည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၁၁၉၆ ဦးအထိ အလုပ်အကိုင်ရရှိမည် ဖြစ်သည်။ COVID-19 ကာလအတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၅ ဘီလျံခန့်ရှိသည့် လုပ်ငန်း ၂၇ ခု လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ တင်ပြထားကြောင်း သိရသည်။

“ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြထားတဲ့လုပ်ငန်းတွေ ရှိတယ်။ လုပ်ငန်းပေါင်း ၂၇ ခု ရှိတယ်။ ဒေါ်လာ ၁ ဒသမ ၃၅ ဘီလျံဖိုး ရှိတယ်။ အဲဒါကို ကျွန်တော်တို့က ဆက်လက်ပြီး ဆောင်ရွက်ပေးသွားမယ်။ အဲဒီအထဲမှာ ရန်ကုန်တိုင်းဒေသကြီးက ၁၉ ခု ပါတယ်။ အသေးစိတ်ကတော့ အခုက အတည်လည်း မပြုရသေးဘူး။ စိစစ်ဆဲဖြစ်တဲ့အတွက် အသေးစိတ်ကိုတော့ နောက်မှ သိခွင့်ရမယ်ပေါ့နော်။ ဒီအထဲက ခွင့်ပြုလို့မရတဲ့ လုပ်ငန်းမျိုးကိုလည်း ကျွန်တော်တို့က ခွင့်ပြုလို့ရမှာမဟုတ်ပါဘူး။ ခွင့်ပြုလို့ရတာ ခွင့်ပြုပေးသွားမယ်။ ဒီအထဲမှာ ကျွန်တော်တို့ ဒါကို Pipeline လို့ခေါ်တယ်။ Pipeline ထဲမှာရှိနေတာ လုပ်ငန်းပေါင်း ၂၇ ခုရှိတယ်။ ၁ ဒသမ  ၃၅ ဘီလျံဖိုးရှိတယ်။ ဒါကို အမြန်ဆုံး စိစစ်ပြီး အမြန်ဆုံးခွင့်ပြုမိန့် ထုတ်ပေးသွားမယ်။ ဒါကတော့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို လက်ဝယ်ကို ရောက်ရှိထားတာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးသန့်စင်လွင်က ဆိုသည်။

“ ကျွန်တော်တို့ စိစစ်စရာရှိတာ စိစစ်ပြီးပြီ။ လုပ်ငန်းရှင်ဘက်က ပြန်လည်ပြင်ဆင်တင်ပြရမယ့် လုပ်ငန်းမျိုးတွေရှိပြီ။ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေရဲ့ သဘောထားတွေ ရယူနေဆဲဖြစ်တယ်။ လိုအပ်ရင် စီးပွားရေးကော်မတီနဲ့ သမ္မတရုံးကို တင်ပြရမယ့် လုပ်ငန်းမျိုးတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

COVID-19 သက်ရောက်မှုကာလအတွင်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရေး MIC က ခွင့်ပြုပေးနေပြီး ခြောက်လကျော်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၃၆၇ ဘီလျံကျော်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သိရသည်။

Most Read

Most Recent