ရန်ကုန်မြို့သစ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်၊ တရုတ်- မြန်မာနယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စသည့် စီမံကိန်းများ၏ ရှေ့ဆက်လုပ်ငန်းများနှင့်စပ်လျဉ်း၍ တရုတ်- မြန်မာ ဆွေးနွေး

ရန်ကုန်မြို့သစ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်၊ တရုတ်- မြန်မာနယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စသည့် စီမံကိန်းများ၏ ရှေ့ဆက်လုပ်ငန်းများနှင့်စပ်လျဉ်း၍ တရုတ်- မြန်မာ ဆွေးနွေး
ကျောက်ဖြူရေနက်ဆိပ်ကမ်း တစ်နေရာရှိ လုပ်ငန်းခွင်ကို တွေ့ရစဉ်
ကျောက်ဖြူရေနက်ဆိပ်ကမ်း တစ်နေရာရှိ လုပ်ငန်းခွင်ကို တွေ့ရစဉ်
Published 6 May 2020

ရန်ကုန်မြို့သစ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်၊ တရုတ်- မြန်မာနယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စသည့် စီမံကိန်းများ၏ ရှေ့ဆက်လုပ်ငန်းများနှင့်စပ်လျဉ်း၍ တရုတ်- မြန်မာ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မေ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် မေ ၆ ရက်တွင် မြန်မာနိုင်ငံစီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် တရုတ်- မြန်မာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ခဲ့ရာတွင် အထက်ပါစီမံကိန်းများ၏ ရှေ့ဆက်လုပ်ငန်းများကိုလည်း ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆွေးနွေးရာတွင် တရုတ်- မြန်မာ နှစ်ဦးနှစ်ဖက်အနေဖြင့် တရုတ်နိုင်ငံသမ္မတ Mr. Xi Jinping မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့်ရလဒ်များကို ဖော်ဆောင်ရေး၊ တရုတ်- မြန်မာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဖော်ဆောင်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ထုတ်ပြန်ခဲ့သည့် စီးပွားရေးကို ပြန်လည်လှုံ့ဆော်ရန်အစီအစဉ်များ (Stimulus Package) နှင့် ပေါင်းစပ်ကာ ရန်ကုန်မြို့သစ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်၊ တရုတ်- မြန်မာနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စသည့် စီမံကိန်းများ၏ ရှေ့ဆက်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လတ်တလောကာလ၌ တရုတ်- မြန်မာနှစ်နိုင်ငံမှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ရောဂါအခြေအနေထိခိုက်မှုကြောင့် လက်ရှိတွင် နိုင်ငံတကာနှင့် ဒေသတွင်းစီးပွားရေး ကျဆင်းနိုင်သည့် ဖိအားများလာကြောင်း၊ တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်က ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး နှစ်နိုင်ငံခေါင်းဆောင်များရရှိထားသည့် သဘောတူညီချက်များကို ကောင်းမွန်စွာဖော်ဆောင်ကာ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်မှုကို တွန်းအားပေး၍ နှစ်နိုင်ငံစီးပွားရေးနှင် ့ပြည်သူများ၏ နေထိုင်မှုဘဝမြှင့်တင်စေပြီး တရုတ်- မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ Mr. Xi Jinping သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်ခဲ့သည်။

ထိုသို့ လာရောက်ရာတွင် မြန်မာ- တရုတ် နှစ်နိုင်ငံအကြား ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းဆိုင်ရာ သဘောတူစာချုပ် အပါအဝင် ကဏ္ဍစုံ နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် ၃၃ ခု လက်မှတ်ရေးထိုးခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းဦးဆောင်သော နှစ်နိုင်ငံဆွေးနွေးပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပါဝင်လာရေး၊ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ ထူထောင်ရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း၊ တရုတ်- မြန်မာ စီးပွားရေးဇုန်နှင့် ရန်ကုန်မြို့သစ်စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့ထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ရေး၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဒေါက်တာသန်းမြင့်၊ ဦးသောင်းထွန်း၊ ဦးဟန်ဇော်၊ ဦးကျော်တင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးသန့်ဖေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံဘက်မှ တရုတ်သမ္မတ မစ္စတာ ရှီကျင်ပင်းနှင့်အတူ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယင်း ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံသဘောတူညီချက်၊ နားလည်မှုစာချွန်လွှာနှင့် စာလွှာများ လဲလှယ်သည့်အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းတို့ရှေ့မှောက်၌ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ နှစ်နိုင်ငံတာဝန်ရှိသူများက နှစ်နိုင်ငံအကြား ကဏ္ဍစုံအတွက် နားလည်မှုစာချွန်လွှာ၊ လွှဲပြောင်းခြင်းစာလွှာ၊ သဘောတူညီချက်၊ သဘောတူစာချုပ် စုစုပေါင်း ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၉ ခုအား လဲလှယ်ခဲ့ကြကာ လေးခုအား လဲလှယ်မှုပြုလုပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ထိုသို့ လက်မှတ်ရေးပွဲ အခမ်းအနားတွင် လဲလှယ်မှုခြင်းမပြုခဲ့သည့် စာချုပ်စာရင်းမှာ ရန်ကုန်မြစ်ဝအနောက်ဘက်ကမ်း ထိန်းသိမ်းရေးစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မန္တလေး- ပုဂံ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု နားလည်မှုစာချွန်လွှာ၊ "၀"တစ်လုံး ဥမင်လှိုဏ်ခေါင်း စီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မီးလင်းချိုင် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်မှုဆိုင်ရာ စာလွှာတို့ ဖြစ်ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သမ္မတ ရှီကျင်ပင်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

တရုတ်သမ္မတ ရှီကျင်ပင်းသည် ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်မှ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့သည်။

Most Read

Most Recent