COVID- 19 ကပ်ရောဂါကြောင့် ယာယီဆိုင်းငံ့ထားသော ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များအတွက် အစိုးရ ညှိနှိုင်းရေးအဖွဲ့နှင့် တရားဝင် တွေ့ဆုံဆွေးနွေးနိုင်ရေး နည်းလမ်းရှာမည်ဟု RCSS အတွင်းရေးမှူး (၂) ပြောကြား

COVID- 19 ကပ်ရောဂါကြောင့် ယာယီဆိုင်းငံ့ထားသော ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များအတွက် အစိုးရ ညှိနှိုင်းရေးအဖွဲ့နှင့် တရားဝင် တွေ့ဆုံဆွေးနွေးနိုင်ရေး နည်းလမ်းရှာမည်ဟု RCSS အတွင်းရေးမှူး (၂) ပြောကြား
NCA- SEAO ခါင်းဆောင်များ မေ ၄ ရက်က အွန်လိုင်းစနစ်ဖြင့် အစည်းအဝေးပြုလုပ်နေစဉ် (ဓာတ်ပုံ- NCA- SEAO ရုံး)
NCA- SEAO ခါင်းဆောင်များ မေ ၄ ရက်က အွန်လိုင်းစနစ်ဖြင့် အစည်းအဝေးပြုလုပ်နေစဉ် (ဓာတ်ပုံ- NCA- SEAO ရုံး)
Published 4 May 2020
မင်းနိုင်စိုး

COVID- 19 ကပ်ရောဂါကြောင့် ယာယီဆိုင်းငံ့ထားသော ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် အစိုးရညှိနှိုင်းရေး အဖွဲ့နှင့် တရားဝင်တွေ့ဆုံဆွေးနွေးနိုင်ရေး နည်းလမ်းရှာသွားမည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့၏ (၁၀) ကြိမ်မြောက် အစည်းအဝေးကို မေ ၄ ရက် တွင် Online Video Conference ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေး နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ယင်းအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းငင်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

COVID- 19 ကပ်ရောဂါကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ရွှေ့ဆိုင်းရခြင်း အပါအဝင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကိုလည်း ယာယီဆိုင်းငံ့ထားရပြီး NCA- SEAO အစုအဖွဲ့တွင်မူ Online Video Conference အစည်းအဝေးများ ပြုလုပ်နေခြင်းဖြစ်သည်။

“ဒီနေ့အစည်းအဝေးမှာ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း (၃) မှာ ထည့်သွင်းချုပ်ဆိုမယ့် အကြောင်းအရာတွေကို မိမိတို့ NCA- SEAO အကြားမှာ ဆက်လက်ဆွေးနွေးသွားဖို့ရှိသလို အစိုးရညှိနှိုင်းရေးအဖွဲ့နဲ့ တရားဝင် တွေ့ဆုံဆွေးနွေးနိုင်ရေးကိုလည်း နည်းလမ်းရှာသွားဖို့ရှိပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဧပြီလအတွင်း ကျင်းပရန် ဆုံးဖြတ်ထားခဲ့သော်လည်း COVID- 19 ကပ်ရောဂါ ကူးစက်မှုအခြေအနေကြောင့် ရွှေ့ဆိုင်းထားရပြီး COVID- 19 ကပ်ရောဂါအလွန်ကာလတွင် ၂၁ ရာစု င်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးအခင်းအကျင်းကို ယခုအစည်းအဝေးတွင် ဆွေးနွေးမည်ဟုလည်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံအတွင်း COVID- 19 ရောဂါ ကူးစက်ခံရသူပေါင်း ၁၅၅ ဦးရှိပြီဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ ကျန်းမာရေးသည် အရေးတကြီး ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည့်အတွက် COVID- 19 ကပ်ရောဂါဆိုင်ရာ ပညာပေးရေး၊ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းများအဖြစ် အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးနေခြင်းသည် ကောင်းမွန်သော ဆောင်ရွက်ချက်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ထို့ပြင် COVID- 19 ကပ်ရောဂါဆိုင်ရာ လုပ်ငန်းရပ်များနှင့်ပတ်သက်၍ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အစိုးရ၏ COVID- 19 ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီနှင့် တွေ့ဆုံဆွေးနွေးရေးကိုလည်း ယခုအစည်းအဝေးတွင် ဆွေးနွေးသွားရန်ရှိကြောင်းနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ဆိုသည်။

လက်ရှိတွင် ပြည်တွင်း၌ ကူးစက်ပျံ့နှံ့နေသော COVID- 19 ကပ်ရောဂါဆိုင်ရာ အခြေအနေများ၊ EAO များ၏ သက်ဆိုင်ရာ နယ်မြေဒေသအတွင်းတွင် စီစဉ်လုပ်ဆောင်နေသော ကပ်ရောဂါပညာပေး၊ ကာကွယ်တားဆီး ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ယခုအစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

COVID- 19 နှင့်ပတ်သက်သည့် NRPC ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာတင်မျိုးဝင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဧပြီ ၂၇ ရက်တွင် ဖွဲ့စည်းထားသည်။

အစိုးရ၏ NRPC အနေဖြင့် COVID- 19ကို ကမ္ဘာ့ကပ်ရောဂါ ကြေညာကတည်းက တိုင်းရင်းသားလက်နက်ကိုင် ၁၈ ဖွဲ့ထံ နယ်စပ်ဂိတ်များ ဆောင်ရွက်ရမည့် Guide Line များ၊ ပြည်သူလူထုကြားတွင် ဆောင်ရွက်ရမည့် Guide Line ပေးပို့ထားပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် ၎င်းတို့ အခြေပြုသည့်ဒေသများတွင် တက်နိုင်သလောက် သင့်တော်သလို လုပ်ဆောင်နေကြကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မေ ၁ ရက်တွင် ပြောကြားထားသည်။

“အဲဒီတော့ ကချင်ပြည်နယ်မှာဆိုရင် KIA ဘက်မှာ ကော်မတီဖွဲ့တာ။ COVID- 19 နဲ့ ပတ်သက်တဲ့ကော်မတီ။ ဒီကော်မတီနဲ့ပတ်သက်လို့ဆက်သွယ်ဖို့လည်း ကျွန်တော်တို့ NRPC နဲ့လုပ်ထားတယ်။ အခုဆိုရင် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ကော်မတီက အခုလောလောဆယ် နံပါတ်တစ်လုပ်ပြီးသွားတာ ဘာလုပ်လည်းဆိုတော့ အခုဒီ  COVID- 19 ကော်မတီပေါ့။ ပူးပေါင်းညှိနှိုင်းရေးကော်မတီနဲ့ ဆက်သွယ်ဖို့အတွက် Communication Mail Address ။ နောက်တစ်ခုကတော့ မိုင်းလားလိုဟာမျိုး မှာ လူ ၄၀၀၀ ကျော် Quarantine ၂၁ ရက်ထားတယ်။ တချို့တွေဆိုရင် Quarantine ပြည့်သွားပြီ။ ပြည့်သွားတဲ့ လူတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တွေကို ပြန်ပို့ဖို့ ရှမ်းပြည်နယ်အစိုးရနဲ့ချိတ်ပြီးတော့ လုပ်ပေးနေတာတွေရှိတယ်။ ဒီကော်မတီမဖွဲ့ခင်ကတည်းကတိုင် ငြိမ်းချမ်းရေးကော်မရှင်နဲ့ NRPC နဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေရှိတယ်။ ကော်မတီဖွဲ့တဲ့အချိန်မှာ တချို့အောက်ခြေမှာဆိုရင် ကျွန်တော်တို့ ကြားသိရတာရှိတယ်။ အချို့ပြည်နယ်တွေမှာဆိုရင် ဆေးကုဖို့ သံသယလူနာဖြစ်တယ်။ အဲဒါဆိုရင် ကျွန်တော်တို့ သူ့ကိုဓာတ်ခွဲ နမူနာယူပြီးတော့ NHL (အမျိုးသားဓာတ်ခွဲခန်း)ပဲ ပို့တာပေါ့နော်။ ဒါကတစ်ချို့ EAO တွေဖြစ်တယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။                                                  

 

 

Most Read

Most Recent