NCA ကြားကာလဆိုင်ရာ စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်မည့် မော်ဒယ်တစ်ခုအနေဖြင့် COVID-19 ကိစ္စမှစတင်ရန် KNU က အစိုးရထံစာပေးပို့ထားပြီး မည်သို့ပူးပေါင်းမည်ကို ဆွေးနွေးမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

NCA ကြားကာလဆိုင်ရာ စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်မည့် မော်ဒယ်တစ်ခုအနေဖြင့် COVID-19 ကိစ္စမှစတင်ရန် KNU က အစိုးရထံစာပေးပို့ထားပြီး မည်သို့ပူးပေါင်းမည်ကို ဆွေးနွေးမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
KNU သထုံခရိုင်၏ COVID-19 ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေးအတွက် စစ်ဆေးဆောင်ရွက်နေသည့် နေရာတစ်ခုအား တွေ့ရစဉ်
KNU သထုံခရိုင်၏ COVID-19 ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေးအတွက် စစ်ဆေးဆောင်ရွက်နေသည့် နေရာတစ်ခုအား တွေ့ရစဉ်
Published 2 May 2020
ကျော်ဇင်ဝင်း

NCA ကြားကာလဆိုင်ရာ စီမံခန့်ခွဲမှု၏ အခြေခံအနေဖြင့် ပူးပေါင်းဆောင်ရွက်မည့် မော်ဒယ်တစ်ခုအား COVID-19 ကိစ္စမှ စတင်ရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က အစိုးရထံစာပေးပို့ထားပြီး မည်သို့ပူးပေါင်းမည်ကို ဆက်လက်ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

မေ ၁ ရက်က အွန်လိုင်းစနစ်ဖြင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက သမ္မတရုံးက ဖွဲ့စည်းထားသည့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီနှင့်ပတ်သက်ပြီး မေးမြန်းမှုတွင် ဦးဇော်ဌေးက ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

အဆိုပါ COVID-19 နှင့်ပတ်သက်သည့် NRPC ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ တင်မျိုးဝင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဧပြီ ၂၇ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များဘက်တွင် အစည်းအဝေး ပြီးစီးပြီဖြစ်သဖြင့် သမ္မတရုံးမှ ဖွဲ့စည်းထားသည့် ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ထို့ပြင် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသများအတွက် အမေရိကန်ဒေါ်လာ ၁၇၅ သန်းတန်ဖိုးရှိ PPCP စီမံကိန်းရှိကြောင်း၊ အရှေ့တောင်ပိုင်းဒေသဖြစ်သဖြင့် တိုင်းရင်းသား လက်နက်ကိုင်များဘက်တွင် KNPP ၊ KNU ၊ DKBA ၊ KNU/KNLA (PC) ၊ မွန်ပြည်သစ်ပါတီတို့ စီမံကိန်းတွင် ပါဝင်ကြောင်း၊ အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၊ မွန်ပြည်သစ်ပါတီနှင့် ကမ္ဘာ့ဘဏ်အကြား ယင်းစီမံကိန်းအတွက် သုံးပွင့်ဆိုင်အစည်းအဝေး ပြုလုပ်ပြီးဖြစ်ကြောင်း၊ KNU နှင့် ဆက်လက်လုပ်ဆောင်ရန် ကြိုးစားနေချိန်တွင် COVID-19 ဖြစ်သွားသည့် မည်သို့ပူးပေါင်း ဆောင်ရွက်မည်ကို ဆွေးနွေးမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“KNU ဘက်ကလည်း ဒီ COVID-19 က ကြားကာလပေါ့နော်။ NCA ကြားကာလဆိုင်ရာ စီမံခန့်ခွဲမှုရဲ့ အခြေခံအနေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် Model တစ်ခုအနေနဲ့ ဒီ COVID-19 က စမယ်ဆိုပြီးတော့ KNU အထွေထွေအတွင်းရေးမှူး ပဒိုတာဒိုမှူးက ကျွန်တော်တို့ဆီ တရားဝင် စာပို့ထားတယ်။ အဲဒီစာပို့ထားတဲ့အပေါ်မှာ ကော်မတီနဲ့ ကမ္ဘာ့ဘဏ်နဲ့ ဒီ COVID-19 ကို ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာ ဆက်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်။ ကျန်တဲ့ EAO တွေလည်း အလားတူပါပဲ။ အဲဒီတော့ လက်မှတ်ထိုးတဲ့သူကော မထိုးတဲ့သူရော ပါပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရ၏ NRPC အနေဖြင့် COVID-19 ကို ကမ္ဘာ့ကပ်ရောဂါ ကြေညာကတည်းက တိုင်းရင်းသားလက်နက်ကိုင် ၁၈ ဖွဲ့ထံ ကျန်းမာရေး Guide Line များ၊ နယ်စပ်ဂိတ်များ ဆောင်ရွက်ရမည့် Guide Line များ၊ ပြည်သူလူထုကြားတွင် ဆောင်ရွက်ရမည့် Guide Line ပေးပို့ထားပြီးဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ၎င်းတို့အခြေပြုသည့်ဒေသများတွင် တတ်နိုင်သလောက် သင့်တော်သလို လုပ်ဆောင်နေကြကြောင်း ဦးဇော်ဌေးက ဆိုသည်။

“အဲဒီတော့ ကချင်ပြည်နယ်မှာဆိုရင် KIA ဘက်မှာ ကော်မတီဖွဲ့တာ။ COVID-19 နဲ့ပတ်သက်တဲ့ကော်မတီ။ ဒီကော်မတီနဲ့ ပတ်သက်လို့ ဆက်သွယ်ဖို့လည်း ကျွန်တော်တို့ NRPC နဲ့လုပ်ထားတယ်။ အခုဆိုရင် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ကော်မတီက အခုလောလောဆယ် နံပါတ်တစ် လုပ်ပြီးသွားတာ ဘာလုပ်လည်းဆိုတော့ အခုဒီ COVID ကော်မတီပေါ့။ ပူးပေါင်းညှိနှိုင်းရေးကော်မတီနဲ့ ဆက်သွယ်ဖို့အတွက် Communication ၊ Mail Address ။ နောက်တစ်ခုကတော့ မိုင်းလားလိုဟာမျိုးမှာ လူ ၄၀၀၀ ကျော် Quarantine ၂၁ ရက် ထားတယ်။ တချို့တွေဆိုရင် Quarantine ပြည့်သွားပြီ။ ပြည့်သွားတဲ့ လူတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တွေကို ပြန်ပို့ဖို့ ရှမ်းပြည်နယ်အစိုးရနဲ့ချိတ်ပြီးတော့ လုပ်ပေးနေတာတွေရှိတယ်။ ဒီကော်မတီ မဖွဲ့ခင်ကတည်းကတိုင် ငြိမ်းချမ်းရေး ကော်မရှင်နဲ့ NRPC နဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေရှိတယ်။ ကော်မတီဖွဲ့တဲ့အချိန်မှာ တချို့အောက်ခြေမှာဆိုရင် ကျွန်တော်တို့ ကြားသိရတာရှိတယ်။ အချို့ပြည်နယ်တွေမှာဆိုရင် ဆေးကုဖို့ သံသယလူနာဖြစ်တယ်။ အဲဒါဆိုရင် ကျွန်တော်တို့ သူ့ကို ဓာတ်ခွဲ နမူနာယူပြီးတော့ NHL (အမျိုးသားဓာတ်ခွဲခန်း) ပဲ ပို့တာပေါ့နော်။ ဒါကတစ်ချို့ EAO တွေဖြစ်တယ်။ နောက်တစ်ခုကတော့ ကချင်ပြည်နယ်မှာ KIA က တရုတ်နဲ့ ပိုနီးတယ်။ အဲဒီဘက်က ပူးပေါင်းဆောင်ရွက်မယ့် Mechanism တွေ ဖွဲ့ထားပြီးဖြစ်တယ်။ ပြောရရင်တော့ (သမ္မတရုံး) အမိန့်စာမှာပါတဲ့အတိုင်း No One Left Behind Policy ကတော့ ဘယ်သူမှမကျန်ခဲ့စေရမူနဲ့ ဆောင်ရွက်နေတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။