CMP အထည်ချုပ်လုပ်ငန်းများ၏ ထုတ်လုပ်မှုတန်ဖိုးသည် လေးနှစ်အတွင်း ၁၀ ဆတိုးတက်ခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာငါးဘီလျံခန့်အထိ တိုးတက်လာနိုင်ကြောင်း စီးပွား/ကူးသန်း ဒုတိယဝန်ကြီး ပြောကြား

CMP အထည်ချုပ်လုပ်ငန်းများ၏ ထုတ်လုပ်မှုတန်ဖိုးသည် လေးနှစ်အတွင်း ၁၀ ဆတိုးတက်ခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာငါးဘီလျံခန့်အထိ တိုးတက်လာနိုင်ကြောင်း စီးပွား/ကူးသန်း ဒုတိယဝန်ကြီး ပြောကြား
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 2 May 2020
ဇေယျာငြိမ်း

CMP အထည်ချုပ်လုပ်ငန်းများ၏ ထုတ်လုပ်မှုတန်ဖိုးသည် လေးနှစ်အတွင်း ၁၀ ဆတိုးတက်လာခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာ ငါးဘီလျံခန့်အထိ တိုးတက်လာနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စတုတ္ထတစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရသစ် စတင်တာဝန်ယူချိန်၌ ထည်ချုပ် (CMP) ၏ ထုတ်လုပ်မှုတန်ဖိုးမှာ ဒေါ်လာသန်း ၅၀၀ နှင့် အလုပ်ကိုင် လေးသိန်းခန့် ဖန်တီးပေးနိုင်ခဲ့သည်။

အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း အထည်ချုပ်လုပ်ငန်း (CMP) ထုတ်လုပ်မှုတန်ဖိုးသည် ဆယ်ဆတိုးတက်လာပြီး အစိုးရသက်တမ်း စတုတ္ထနှစ်တွင် ဒေါ်လာ ငါးဘီလျံခန့်အထိ တိုးတက်လာနိုင်မည့် အခြေအနေများရှိကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမား ခြောက်သိန်းခန့်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ယင်းအနက် ၉၅ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမိုဖန်တီပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ်လ ၂၇ ရက်အထိ ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၂ ဒသ မ ၃၆၆ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၀၀ ကျော် ပိုမိုတင်ပို့ထားနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP စနစ်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်တွင်း CMP လုပ်ငန်းများ၌ အထည်ချုပ်လုပ်ငန်းသည် အများဆုံးဖြစ်သည်။ လက်ရှိအချိန်တွင်လည်း CMP ပို့ကုန်များမှာ နှစ်စဉ်တိုးတက်နေကြောင်း သိရသည်။

“ ပုံမှန်ကလည်း CMP လုပ်ငန်းတွေက တောက်လျှောက် တိုးတက်နေတယ်။ နှစ်စဉ် နှစ်စဉ် တိုးတက်နေတဲ့ အခြေအနေမှာရှိတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင်လည်း ထုတ်လုပ်မှုကဏ္ဍတွင် အထည်ချုပ်ကဏ္ဍ၌ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် လက်ခစားစနစ်ဖြင့် ချုပ်လုပ်ခြင်းဖြစ်သဖြင့် ချုပ်ခအနေဖြင့် ၁ဝရာခိုင်နှုန်းခန့်သာ ရရှိသည်။

“ မြန်မာနိုင်ငံက ချုပ်ခကို ဝင်ငွေအနေနဲ့ ရတာ။ ဒါက ပျမ်းမျှအနေနဲ့ပြောတာပါ။ တချို့ဆို ရှစ်ရာခိုင်နှုန်းလောက်ပဲ ရတဲ့သူတွေ ရှိတယ်။ တချို့ဆို ၁၂ အထိရတဲ့သူတွေရှိတယ်။ High Value Price ဆို နဲနဲပိုရတာပေါ့။ အရည်အသွေးကောင်းပြီး သေချာချုပ်ထားတာကတော့ ၁၂ ရာခိုင်နှုန်းလောက် ရတယ်။ အရမ်းပေါပေါလောလောကြီးနဲ့ သိန်းနဲ့ချီပြီးအပ်ပြီး ချုပ်ခအရမ်းနည်းတဲ့ဟာတွေက ရှစ်ရာခိုင်နှုန်းလောက်ပဲ ရတယ်။ ဒါကြောင့်မို့ ပျမ်းမျှကို ၁၀ ရာခိုင်နှုန်းလို့ ပြောတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။           

Most Read

Most Recent