မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် ကိုရီးယားစက်ရုံများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွှေ့မည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း အမြဲတမ်းအတွင်းဝန် ပြောကြား

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် ကိုရီးယားစက်ရုံများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွှေ့မည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း အမြဲတမ်းအတွင်းဝန် ပြောကြား
ကိုရီးယားသမ္မတနိုင်ငံမှ တာဝန်ရှိသူများက မြန်မာနိုင်ငံအတွက် COVID-19 ရောဂါစမ်းသပ်ရေး ပစ္စည်းများကို လွှဲပြောင်းပေးအပ်စဉ် (ဓာတ်ပုံ - MOFA)
ကိုရီးယားသမ္မတနိုင်ငံမှ တာဝန်ရှိသူများက မြန်မာနိုင်ငံအတွက် COVID-19 ရောဂါစမ်းသပ်ရေး ပစ္စည်းများကို လွှဲပြောင်းပေးအပ်စဉ် (ဓာတ်ပုံ - MOFA)
Published 30 April 2020

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် ကိုရီးယားစက်ရုံများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွှေ့မည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ဘာကြောင့်မှန်းမသိ လုံးဝဥဿုံမမှန်တဲ့ သတင်းဟောင်းတစ်ပုဒ် ဒီနေ့ပြန်ပေါ်လာတော့ ကိုရီးယားစက်ရုံ ၁၀၀ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကို ရွှေ့မယ်ဆိုတာ မှန်သလားလို့ မီဒီယာများက ၀ိုင်းမေးကြတယ်။ မမှန်ပါဘူးလို့ပဲ ကျွန်တော်ဖြေကြားခဲ့ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည့် ကိုရီးယား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွှေ့ပြောင်းသွားသည် ဆိုခြင်းမှာ လုံးဝမဟုတ်မှန်ကြောင်းနှင့် ယင်းကိစ္စသည် ၀ါဒဖြန့်ခြင်းသာ ဖြစ်ကြောင်းနှင့်  နိုင်ငံရေးအရလည်း ပါဝင်သည်ဟု ယူဆကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်က သတင်းစာ ရှင်းလင်းပွဲ ကျင်းပကာ တရားဝင် ထုတ်ဖော်ရှင်းလင်းခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဘက်က ဖော်ပြခဲ့မှုတွင် မြန်မာနိုင်ငံတွင်ရှိသည့် စီးပွားရေးလုပ်ငန်း ၁၀၀ ခန့်က စက်မှုလုပ်ငန်းများနှင့် သင့်တော်သည့် ပတ်ဝန်းကျင် မြန်မာနိုင်ငံတွင် မရှိခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွှေ့ပြောင်းမည်ဆိုသည့် သတင်းထုတ်ပြန်ချက် ပါဝင်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံတွင် ဆဋ္ဌမမြောက် အများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး လက်ရှိအချိန်အထိ လုပ်ငန်းပေါင်း ၁၈၃ ခုတွင် ဒေါ်လာ ၄ ဒသမ ၀၄ ဘီလျံကျော် လာရောက် ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားလုံး၏ ၄ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

“ဒီလိုရင်းနှီးမြှုပ်နှံမှုတွေက လွယ်လွယ်ကူကူ ဖြစ်လာတာ မဟုတ်ပါဘူး။ အကြိမ်ကြိမ်ဆွေးနွေး အကြိမ်ကြိမ် တိုင်ပင်ပြီးတော့မှ စက်မှုဇုန်ဆိုတာ ဖော်ဆောင်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေနဲ့လည်း လိုအပ်တဲ့ အကူအညီတွေကို ဆောင်ရွက်ပေးတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ နေရာမှာလည်း အလွယ်တကူရအောင် လုပ်ဆောင်နေတယ်။ ပါမစ်ရပြီး နောက်ပိုင်းမှာ Investment ကို Facilitate လုပ်ပေးတာ ရှိပါတယ်။ ဒါကြောင့်မို့ ကိုရီးယား ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ အဆိုပြု တင်ပြထားတာတွေ ရှိသလို လာရောက်စုံစမ်းနေတဲ့ လုပ်ငန်းတွေလည်း ဆက်ပြီးတိုးတက်နေပါတယ်။ ဒါကြောင့်မို့ ရင်းနှီးမြှုပ်နှံမှုတွေ ရွှေ့ပြောင်းသွားတာမျိုး လုံးဝမရှိဘူးလို့ ပြောလိုပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောကြားသည်။

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်အား ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက် Industrial Bank of Korea (IBK) ၏ Vice President & Managing Director ဖြစ်သူ Mr. Kim Hyung- II ဦးဆောင်သော အဖွဲ့နှင့် KB Kookmin Bank မှ Global Supporting Division ၏ အကြီးအကဲ Mr. Kim Hyeun Jong ဦးဆောင်အဖွဲ့တို့သည် ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၉ ရက်တွင် သီးခြားစီ လာရောက် တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ COVID-19 ရောဂါစမ်းသပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် IBK ဘဏ်မှ ဒေါ်လာ ၈၁၅၉၃ တန်ဖိုးရှိ လူဦးရေ ၃၀၀၀ ကို စစ်ဆေးပေးနိုင်မည့် COVID-19 Detection Kit နှင့် Viral Transport Medium (VTM) ၅၀၀၀ ခုတို့ကိုလည်းကောင်း၊ KB Kookmin Bank မှ ဒေါ်လာ ၇၅၂၄၀ တန်ဖိုးရှိ လူဦးရေ ၃၀၀၀ ကို စစ်ဆေးပေးနိုင်မည့် COVID-19 Detection Kit နှင့် Viral Transport Medium (VTM) ၃၀၀၀ ခုတို့ကိုလည်းကောင်း လှူဒါန်းသည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့သည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့ အနေဖြင့် စုစုပေါင်းဒေါ်လာ ၁၅၆၈၃၃ တန်ဖိုးရှိ အဆိုပါ COVID-19 ရောဂါစမ်းသပ်ရေး ဆေးပစ္စည်းများအား မေလဆန်းပိုင်းတွင် လက်ခံရရှိမည်ဖြစ်ပြီး Myanmar Airways International (MAI) လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ဆောလျင်စွာ ဆက်လက် ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent