လက်ရှိအစိုးရသက်တမ်းအတွင်း လွတ်ငြိမ်းသက်သာခွင့် ၁၇ ကြိမ် ပေးခဲ့ပြီး အကျဉ်းသား၊ အကျဉ်းသူ ငါးသောင်းကျော် လွှတ်ပေး

လက်ရှိအစိုးရသက်တမ်းအတွင်း လွတ်ငြိမ်းသက်သာခွင့် ၁၇ ကြိမ် ပေးခဲ့ပြီး အကျဉ်းသား၊ အကျဉ်းသူ ငါးသောင်းကျော် လွှတ်ပေး
Published 25 April 2020
ဉာဏ်လင်းထွန်း

လက်ရှိအစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း လွတ်ငြိမ်းသက်သာခွင့် ၁၇ ကြိမ်ပေးခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူ ၅၆၀၀၀ ကျော် လွှတ်ပေးခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ်အထိ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာပေးမှု ၁၆ ကြိမ်ရှိခဲ့ပြီး နိုင်ငံသားအကျဉ်းသား၂၉၅၂၄ ဦးနှင့် အကျဉ်းသူ ၂၃၀၆ ဦး၊ နိုင်ငံခြားသားအကျဉ်းသား ၁၆၂ ဦးနှင့် အကျဉ်းသူ လေးဦးတို့ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့် ရရှိခဲ့သည်ဟု အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က ပြောကြားသည်။

လက်ရှိအစိုးရလက်ထက် ၁၇ ကြိမ်မြောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၇ ရက်က ထုတ်ပြန်ခဲ့ပြီး အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် နိုင်ငံသားအကျဉ်းသား၊ အကျဉ်းသူ ၂၄၈၉၆ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူ ၈၇ ဦး ပါဝင်သောကြောင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သည့် နိုင်ငံသားနှင့် နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူစုစုပေါင်း ၅၆၉၇၉ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

“ ဒီအစိုးရမှ မဟုတ်ဘူး။ ဟိုးအရင် တော်တော်များများလည်း ဒီလိုပဲ (မြန်မာ) နှစ်သစ်ကူး အခါသမယပဲ ပေးတာပဲ။ အကြိမ်အရေအတွက် တော်တော်များများကို နှစ်သစ်ကူးအခါသမယမှာ ပဲပေးတယ်။ ဥပမာ နှစ်ဆန်းတစ်ရက်နေ့ပေါ့။ အများဆုံးတော့ အဲဒီမှာပေးတာပဲ” ဟု အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်များ ထုတ်ပြန်ရာတွင် နိုင်ငံသားအကျဉ်းသား၊ အကျဉ်းသူများဆိုလျှင် မြန်မာနှစ်သစ်မင်္ဂလာ အခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားသောအားဖြင့်လည်းကောင်းဟူ၍ ထုတ်ပြန်လေ့ရှိပြီး နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူများ လွှတ်ပေးရာတွင် မြန်မာနှစ်သစ်မင်္ဂလာ အခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးနှင့် လူသားချင်း စာနာထောက်ထားမှုကြောင့်လည်းကောင်းဟူ၍ ထုတ်ပြန်လေ့ရှိသည်။

ယခင်အစိုးရလက်ထက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ထုတ်ပြန်ရာတွင် လွတ်ငြိမ်းသက်သာနှင့် လွတ်ငြိမ်းချမ်းသာဟူ၍ နှစ်မျိုး ထုတ်ပြန်သော်လည်း လက်ရှိအစိုးရက လွတ်ငြိမ်းသက်သာဟုသာ ထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (က) အရ ပြစ်ဒဏ် လွတ်ငြိမ်းပေးပိုင်ခွင့်ရှိပြီး ပုဒ်မ ၂၀၄ (ခ) အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာ ပေးပိုင်ခွင့်ရှိသည်။

ထို့ပြင် နိုင်ငံတော်သမ္မတသည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးနိုင်ပြီး ယမန်နှစ်က အကျဉ်းသား၊ အကျဉ်းသူ နှစ်သောင်းကျော်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပြုခြင်းဖြစ်သည်။

ဧပြီ ၁၇ ရက်က ထုတ်ပြန်သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ပြစ်ဒဏ်လွတ်ငြိမ်းသည် အခြေခံဥပဒေပုဒ်မ ၂၀၄ (က) ပါ ၎င်း၏ လုပ်ပိုင်ခွင့် အကျဉ်းသား၊ အကျဉ်းသူ နှစ်သောင်းကျော်ကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါပြစ်ဒဏ်လွတ်ငြိမ်းခွင့်သည် ထောင်ဒဏ် နှစ် ၄၀ အောက်ကျခံနေရသူများကို ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံလျှော့ပေါ့ပေးခြင်းဖြစ်ပြီး သေဒဏ် ကျခံနေရသူများကို ထောင်ဒဏ်တစ်သက် (လွတ်ရက်မရှိ)၊ ထောင်ဒဏ်တစ်သက်ကျခံနေရသူများကို ထောင်ဒဏ်နှစ် ၄၀ နှင့် ထောင်ဒဏ်နှစ် ၄၀ နှင့်အထက် ကျခံနေရသူများကို ထောင်ဒဏ်နှစ် ၄၀ ကျခံစေရန် စသဖြင့် ပြစ်ဒဏ်လျှော့ပေ့ါပေးခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနရှိ အကျဉ်းဦးစီးဌာနလက်အောက်တွင် အကျဉ်းထောင် ၄၀ ကျော်ရှိပြီး အချုပ်ထောင်၊ ကုန်ထုတ်စခန်း၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းများပါဝင်ပါက ၇၀ ကျော်ရှိကြောင်း သိရသည်။

Most Read

Most Recent