အစိုးရနှင့် တပ်မတော်တို့က စတင်အပစ်ရပ်ကြေညာ၍ အင်အားစုအသီးသီးနှင့် လက်တွဲဲပြီး ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရန် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ တောင်းဆို

အစိုးရနှင့် တပ်မတော်တို့က စတင်အပစ်ရပ်ကြေညာ၍ အင်အားစုအသီးသီးနှင့် လက်တွဲဲပြီး ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရန် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ တောင်းဆို
Published 2 April 2020
ဉာဏ်လင်းထွန်း

ပြည်ထောင်စုအစိုးရနှင့် တပ်မတော်တို့ဘက်မှ စတင်၍ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီး အင်အားစုအသီးသီးနှင့် လက်တွဲ၍ ရင်ဆိုင်နေရသော COVID-19 ကပ်ရောဂါအား ကာကွယ်တိုက်ဖျက်ရင်း တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှုတည်ဆောက်ရန် မေတ္တာရပ်ခံကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) နှင့် မိတ်ဖက်အဖွဲ့အစည်းများက မတ် ၂ ရက်တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုသည်။

ရခိုင်နှင့် ချင်းပြည်နယ်အပါအဝင် ဒေသအသီးသီးတွင် ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးရပ်စဲရန်နှင့် အခြားမြန်မာပြည်၏ ဒေသအသီးသီးတွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများအား အမြန်ဆုံးရပ်စဲရန် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများက ကြေညာချက်တွင် တိုက်တွန်းထားသည်။

“ ဒီကပ်ဆိုးကိုကျော်ဖို့အတွက် ဒီအချိန်မှာ လက်တွဲမယ်ဆိုရင် အကောင်းဆုံးသော အချိန်လို့ ကျွန်တော်တို့ကတော့ အဲလိုမျှော်လင့်တယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးလည်း လိပ်ခဲတည်းလည်း ဖြစ်နေတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေလည်း ဒီအတိုင်းပါပဲ။ ဒီအချိန်မျိုးမှာ COVID ဖြစ်လာတဲ့အပေါ်မှာ မူတည်ပြီးတော့ ပူးပေါင်းပြီး အဖြေရှာခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အနာဂတ်ပေါ့နော်။ အကောင်းဘက်ကိုများ တိမ်းညွတ်သွားမလား ဆိုတဲ့ဟာမျိုး မျှော်လင့်လို့ပါ” ဟု UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်က ပြောကြားသည်။

တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် လတ်တလော ရင်ဆိုင်နေရသည့် ကပ်ရောဂါအား ကာကွယ်တိုက်ဖျက်ရေးအတွက် ပြည်တွင်းစစ် ရပ်စဲခြင်း၊ အမျိုးသားအင်အားစုများကြား စည်းလုံးညီညွတ်မှုကို မဖြစ်မနေ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းသည်။

COVID-19 အား တိုက်ဖျက်နိုင်ရေး တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာရန် KNU ၊ RCSS နှင့် KNPP စသည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများက မတ်လကုန်ပိုင်းတွင် ကြေညာချက် အသီးသီးထုတ်ပြန်၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

အပစ်အခတ်ရပ်စဲခြင်းအားဖြင့် ပဋိပက္ခဒေသအသီးသီးရှိ နေရပ်စွန့်ခွာသူများနှင့် ၎င်းတို့ကို တာဝန်ယူနေရသည့် အဖွဲ့အစည်းများသည် ဗိုင်းရပ်စ်ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပါဝင်လာနိုင်မည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက COVID-19 တိုက်ဖျက်ရေးအတွက် အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် မလိုအပ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် လက်တွေ့မကျကြောင်း ပြည်တွင်းသတင်းမီဒီယာတစ်ခု၏ မေးမြန်းမှုကို ဧပြီ ၁ ရက်က တုံ့ပြန်ပြောကြားခဲ့သည်။

COVID-19 ရောဂါပိုး မြန်မာနိုင်ငံတွင် စတင်တွေ့ရှိသောကြောင့် ပြည်သူတစ်ရပ်လုံး ကျီးလန့်စာစား အခြေအနေဖြစ်နေချိန်တွင် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ၏ အပစ်ရပ်ရေး တောင်းဆိုမှုများသည် လက်တွေ့မကျဟူသော တုံ့ပြန်ချက်အပေါ် အံ့သြတုန်လှုပ်မိသည်ဟု UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNA သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသားပါတီ ၁၂ ပါတီဖြင့် ဖွဲ့စည်းထားသည့် မဟာမိတ်အဖွဲ့ဖြစ်ပြီး တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်သည့် အဖွဲ့ပေါင်း ၅၀ ကျော်ဖြင့် မိတ်ဖက်အသွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent