အကြိမ်ကြိမ် ကတိပျက်ခဲ့သည့် ဝန်ကြီးဌာနများ၏ စွမ်းဆောင်ရည် သုံးသပ်ချက်များအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ ထိန်းသိမ်းကြပ်မတ်ရေး တင်ပြသင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အကြံပြု

အကြိမ်ကြိမ် ကတိပျက်ခဲ့သည့် ဝန်ကြီးဌာနများ၏ စွမ်းဆောင်ရည် သုံးသပ်ချက်များအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ ထိန်းသိမ်းကြပ်မတ်ရေး တင်ပြသင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အကြံပြု
မတ်၂၅ ရက်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
မတ်၂၅ ရက်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
Published 26 March 2020

အကြိမ်ကြိမ် ကတိပျက်ခဲ့သည့် ဝန်ကြီးဌာနများ၏ စွမ်းဆောင်ရည် သုံးသပ်ချက်များအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ ထိန်းသိမ်းကြပ်မတ်ရေး တင်ပြသင့်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက ပြောကြားသည်။

မတ် ၂၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက် မြောက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ဗိုလ်မှူးဝင်းမင်းထွန်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“အစီရင်ခံစာ ပထမပုံမှန် အစည်းအဝေးကနေ ယနေ့အချိန်ထိ မေးခွန်းအများဆုံး မေးမြန်းခံရပြီးတော့မှ ကတိကဝတ်မဖြစ်တဲ့ ဝန်ကြီးဌာနတွေကတော့ စိုက်/မွေး/ဆည်၊ ဆောက်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အားကစားနဲ့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတွေတို့ပဲ ဖြစ်ကြပါတယ်။ အဲဒီဝန်ကြီးဌာနတွေ အမှန်တကယ် မလုပ်နိုင်ဘဲနဲ့ ပြီးပြီးရောဆိုပြီး ကတိလာပေးတာလား၊ ဘတ်ဂျက်တွေ တောင်းပြီးတော့ အလုပ်မလုပ်ဘဲ နေနေတာလား၊ မေးခွန်းများလို့ပဲ ဟုန်သွားတာလား စတဲ့ သုံးသပ်ချက်တွေကိုပါ ထည့်သွင်းသင့်ကြောင်း အကြံပြုလိုပါတယ်။ အကြိမ်ကြိမ် ကတိပျက်ခဲ့တဲ့ ဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည် သုံးသပ်ချက်အပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ ထိန်းသိမ်းကြပ်မတ်ပေးနိုင်ရေး တင်ပြသင့်ကြောင်း အကြံပြုလိုပါတယ်” ဟု ဗိုလ်မှူးဝင်းမင်းထွန်းက ပြောကြားသည်။

သို့မှသာ လွှတ်တော်၏ လုပ်ငန်းများဖြစ်သည့် အပြန်အလှန် ထိန်းကျောင်းရေးတာဝန်များ ပိုမိုပီပြင်လာမည် ဖြစ်ကြောင်း၊ အစီရင်ခံစာတွင်ပါရှိသည့် ဝန်ကြီးအချို့က ကတိဖျက်ခဲ့သည့် အဆိုနှင့် မေးခွန်းများကို ကတိအဖြစ် ပယ်ဖျက်ပေးရန် တောင်းဆိုမှုများရှိကြောင်း၊ အချို့သော အဆိုများမှာ ရေရှည်ဆောင်ရွက်လုပ်ငန်း ဖြစ်သောကြောင့် ကတိမှ ပယ်ဖျက်ပေးရန် မဖြစ်နိုင်ဟု ဖော်ပြထားကြောင်း ဗိုလ်မှူးဝင်းမင်းထွန်းက ပြောကြားသည်။

“အဆိုအချို့က ရေရှည်ဆောင်ရွက်မယ့် လုပ်ငန်းတွေဖြစ်သလို ဘဏ္ဍာငွေလိုအပ်ချက်၊ လူသားအရင်းအမြစ် လိုအပ်ချက်၊ နည်းပညာလိုအပ်ချက်၊ စက်ပစ္စည်းလိုအပ်ချက်၊ ဥပဒေပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေ ရှိနေနိုင်ပါတယ်။ အဲဒီလို လိုအပ်ချက်တွေကြောင့် ဝန်ကြီးဌာနအနေနဲ့ အောင်မြင်ဆောင်ရွက်ရန် ခက်ခဲမှုမျိုးတွေ ရှိနိုင်တဲ့အတွက် ကော်မတီအနေနဲ့ အပြန်အလှန် သုံးသပ်သင့်သလို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါက အစိုးရငါးနှစ်တာ ဆောင်ရွက်ချက်ကို ထိခိုက်စေနိုင်ပါတယ်။ ကတိတွေပယ်ဖျက်ခြင်း မပြုခဲ့ပါကလည်း နောင်လာမယ့် အစိုးရအတွက် ဝန်ထုပ်ဝန်ပိုးများ ချန်ထားခဲ့သလို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အနေနဲ့ အပြန်ပြန်အလှန်လှန် ညှိနှိုင်းဆွေးနွေးပြီးတော့မှ လိုအပ်ပါက လွှတ်တော်သို့ ချပြဆွေးနွေးကာ ကတိအဖြစ် အမှန်တကယ် ပယ်ဖျက်ပေးရန် လိုအပ်မှုရှိပါက ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုလိုပါတယ်” ဟု ဗိုလ်မှူးဝင်းမင်းထွန်းက ပြောကြားသည်။

ကိုယ်စားလှယ်များ အနေဖြင့် မိမိဒေသနှင့် ပြည်သူလူထုအတွက် အမှန်တကယ်တင်ပြ ဆောင်ရွက်ပေးပါမည်ဟု မဲဆန္ဒရှင်ပြည်သူများကို ကတိကဝတ်ပြုရကြောင်း၊ သက်ဆိုင်ရာဝန်ကြီးများ အနေဖြင့်လည်း ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ  ကတိကဝတ် ပြုရကြောင်း၊ ထို့အတူ ကော်မတီအနေဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ကတိကဝတ် ပြုဝန်ခံထားသည့် လုပ်ငန်းများကို ညှိနှိုင်းစိစစ် ဆောင်ရွက်ပါမည်ဟု လွှတ်တော်ကို ကတိကဝတ်ပြု တာဝန်ခံရကြောင်း ဗိုလ်မှူးဝင်းမင်းထွန်းက ပြောကြားသည်။

အလားတူ ကျောက်တန်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်အတွင်း ဆွေးနွေးထားသည့် အဆိုများကို ဝန်ကြီးဌာနများ အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို မသိရသည့်အတွက် အားပျက်ရကြောင်း၊ ယခုကဲ့သို့ အစီရင်ခံစာတွင် ဦးမြင့်သိန်း၏ အဆိုကို တင်ပြသလို အခြားအဆိုများကို သက်ဆိုင်ရာ ကိုယ်စားလှယ်များအား အကြောင်းကြားခြင်းဖြင့် ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ အတည်ပြုအဆို ၇၀ ခုရှိပြီး လုပ်ငန်းပြီးစီးမှု ၂၁ ခု၊ ဆောင်ရွက် ဆဲလုပ်ငန်း ၄၉ ခုရှိကြောင်း၊ ကြယ်ပွင့်ပြ ကတိအဖြစ် မေးခွန်းပေါင်း ၅၃၂ ခုရှိပြီး လုပ်ငန်းပြီးစီးမှု ၂၈၀၊ ဆောင်ရွက်ဆဲလုပ်ငန်း ၂၄၃ ခုကြောင်း၊ ကြယ်ပွင့်မပြ ကတိအဖြစ် မေးခွန်းပေါင်း ၂၆၁၀ ခုရှိပြီး လုပ်ငန်းပြီးစီးမှု ၁၅၉၁ ခု၊ ဆောင်ရွက်ဆဲလုပ်ငန်း ၁၀၁၉ ခုရှိကြောင်း ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

အတည်ပြုအဆိုနှင့် ကတိဖြစ်မေးခွန်း စုစုပေါင်း ၃၂၀၃ ခုရှိသည့်အနက်မှ လုပ်ငန်း ပြီးစီးမှု ၁၈၉၂ ခု၊ ဆောင်ရွက်ဆဲလုပ်ငန်းလက် ကျန်မှာ ၁၃၁၁ ခုရှိပြီး လုပ်ငန်းပြီးစီးမှုမှာ ၅၉ ဒသမ ၀၇ ရာခိုင်နှုန်းနှင့် လုပ်ငန်းလက်ကျန် ၄၀ ဒသမ ၉၃ ရာခိုင်နှုန်းရှိသဖြင့် ကော်မတီက တင်သွင်းထားသည့် ၂/၂၀၁၉ အစီရင်ခံစာပါ ပြီးစီးမှုရာခိုင်နှုန်းထက် တိုးတက်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပြီး အဆိုပါ အစီရင်ခံစာကို ပြည်သူ့လွှတ်တော်က အတည်ပြုရန် လွှတ်တော်ကိုယ်စားလှယ်များက သဘောတူခဲ့ကြသည်။

 

Most Recent