AA အဖွဲ့အား အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က ကြေညာ

AA အဖွဲ့အား အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က ကြေညာ
Published 23 March 2020

United League of Arakan (ULA)/AA  လက်နက်ကိုင်အဖွဲ့အား  အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၀ ဖြင့် မတ် ၂၃ ရက်တွင် ကြေညာခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား၏ ညပိုင်းသတင်းကြေညာချက်အရ သိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ယခုအမိန့်ကြော်ငြာစာအား ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းကြေညာမှုအရ သိရသည်။

United League of Arakan (ULA)/AA  လက်နက်ကိုင်အဖွဲ့သည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ပြည်သူများအား စည်းရုံး၍ လည်းကောင်း၊ အကြောက်တရားဖြင့် လွှမ်းမိုး၍ လည်းကောင်း ဒေသခံပြည်သူများအား အကာအကွယ်ရယူ၍ လည်းကောင်း တပ်မတော် စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခြင်း ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ အစိုးရဝန်ထမ်းများ၊ အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးခြင်း ၊သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း ကျေးရွာများအတွင်း ပစ်ခတ်ခြင်း မိုင်းထောင်ဖောက်ခွဲခြင်း ပြုလုပ်လျက်ရှိသည်ဟု  အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ကြေညာစာတွင် ဖော်ပြပါရှိကြောင်း မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြသည်။

ထိုသို့ United League of Arakan (ULA)/AA  လက်နက်ကိုင်အဖွဲ့၏ အကြမ်းဖက်ပြုလုပ်မှုသည် အများပြည်သူ၏ လုံခြုံရေး အသက်အိုးအိမ်စည်းစိမ်းကို လည်းကောင်း၊ အများပြည်သူ သို့မဟုတ် ပုဂ္ဂလိကအတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကို လည်းကောင်း နို်င်ငံပိုင်အဆောက်အအုံ ၊ ယာဉ် ၊ ပစ္စည်းကိရိယာနှင့် အသုံးအဆောင်များကို လည်းကောင်း ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေကြောင်း၊ ထို့အပြင် United League of Arakan (ULA)/AA  လက်နက်ကိုင်အဖွဲ့သည်  ဥပဒေနှင့်အညီ တပ်မတော်အတွင်း မှတ်ပုံတင်ထားသော ရေယာဉ် လေယာဉ်နှင့် အခြားစက်တပ်ယာဉ်များပေါ်တွင် အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိသည့်အပြင် နိုင်ငံတော်အတွင်း အခြေပြု၍ နိုင်ငံတော်ကို အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိကြောင်း ၊ ယင်းကြောင့် အထက်ပါအကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် United League of Arakan (ULA)/AA   လက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်သည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့၏ ကြေညာစာတွင် ဖော်ပြပါရှိကြောင်း ရုပ်မြင်သံကြားသတင်းတွင် ကြေညာသည်။

အလားတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကလည်း အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၀ ဖြင့် AA အဖွဲ့အား မတ် ၂၃ တွင် မတရားအသင်းအဖြစ် ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ အမိန့်ကြော်ငြာစာတွင် နိုင်ငံတော်သမ္မတသည် United League of Arakan(ULA)/AA  လက်နက်ကိုင်အဖွဲ့နှင့် အဖွဲ့ဝင်များ ယင်းအဖွဲ့၏ လက်အောက်ခံအဖွဲ့ ယင်းအဖွဲ့ နှင့်ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့် လုပ်ရပ်များသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးအား လည်းကောင်း၊ နို်င်ငံတော် တည်ငြိမ်အေးချမ်းရေးအား လည်းကောင်း အများပြည်သူလူထု၏ အေးချမ်းသာယာရေးကို လည်းကောင်း၊ အနှောက်အယှက်အန္တရာယ် ဖြစ်စေသည်ဟု ယုံကြည်ယူဆကြောင်း၊ ယင်းကြောင့် နိုင်ငံတော်သမ္မတက မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၆ အရ အထက်ဖော်ပြပါအဖွဲ့နှင့် ယင်းအဖွဲ့၏ လက်အောက်ခံအဖွဲ့များအား မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၅ ၊ပုဒ်မခွဲ(၂)ပါ အဓိပ္ပါယ်ဖော်ပြချက်များနှင့်အညီ မတရားအသင်းအဖြစ် ကြေညာလိုက်သည် ဟု ဖော်ပြပါရှိကြောင်း မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြချက်အရ သိရသည်။