ထိုင်းနိုင်ငံသို့ဝင်ရောက်မည့် Transit Flight အပါအဝင် ခရီးသွားများအားလုံး COVID- 19 ကင်းစင်ကြောင်း ဆေးလက်မှတ်နှင့် ကျန်းမာရေးအာမခံပါရှိမှသာ လေယာဉ်စီးနင်းခွင့်ရှိမည်ဖြစ်ခြင်းကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ ချိတ်ဆက်ပျံသန်းနေသည့် လေကြောင်းလို်င်းအများစု ပျံသန်းမှုရပ်ဆိုင်း

ထိုင်းနိုင်ငံသို့ဝင်ရောက်မည့် Transit Flight အပါအဝင် ခရီးသွားများအားလုံး COVID- 19 ကင်းစင်ကြောင်း ဆေးလက်မှတ်နှင့် ကျန်းမာရေးအာမခံပါရှိမှသာ လေယာဉ်စီးနင်းခွင့်ရှိမည်ဖြစ်ခြင်းကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ ချိတ်ဆက်ပျံသန်းနေသည့် လေကြောင်းလို်င်းအများစု ပျံသန်းမှုရပ်ဆိုင်း
 ခရီးသည်ဝင်ထွက်မှုနည်းပါးမှုကြောင့် အသွားအလာရှင်းလင်းနေသည့် ရန်ကုန်လေဆိပ်အတွင်းမြင်ကွင်းကို တွေ့ရစဉ်
ခရီးသည်ဝင်ထွက်မှုနည်းပါးမှုကြောင့် အသွားအလာရှင်းလင်းနေသည့် ရန်ကုန်လေဆိပ်အတွင်းမြင်ကွင်းကို တွေ့ရစဉ်
Published 23 March 2020

ထိုင်းနိုင်ငံသို့ လေကြောင်းဖြင့်ဝင်ရောက်မည့် Transit Flight အပါအဝင် ခရီးသွားများအားလုံး COVID- 19 ကင်းစင်ကြောင်း ဆေးလက်မှတ်နှင့် ကျန်းမာရေးအာမခံပါရှိမှသာ လေယာဉ်စီးနင်းခွင့်ရှိမည် ဖြစ်ခြင်းကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ ချိတ်ဆက်ပျံသန်းနေသည့် လေကြောင်းလိုင်းအများစု ပျံသန်းမှုရပ်ဆိုင်းခဲ့ပြီဖြစ်ကြောင်း သိရသည်။

လေကြောင်းဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများ အပါအဝင် ခရီးသွားများအားလုံး COVID- 19 ကင်းစင်ကြောင်း ဆေးလက်မှတ်နှင့် ထိုင်းနိုင်ငံအတွင်း ဆေးကုသခံယူခွင့် အကျုံးဝင်ပြီး အနည်းဆုံး ဒေါ်လာတစ်သိန်း ကုသခံယူခွင့်ရှိသည့် ကျန်းမာရေးအာမခံပါရှိမှသာ လေယာဉ်စီးနင်းခွင့်ရရှိမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအစိုးရက ထုတ်ပြန်ခဲ့သည်။

ယင်းသို့ထုတ်ပြန်ခဲ့ခြင်းကြောင့် နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ဘန်ကောက်နှင့် ချင်းမိုင်ခရီးစဉ်များအားလုံးကို ၂၀၂၀ ပြည့်နှစ် မတ် ၂၄ ရက်မှ ဧပြီ ၃၀ ရက်အထိ ဖျက်သိမ်းထားကြောင်း ယင်းလေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ယင်းပြင် ထိုင်းနိုင်ငံအခြေစိုက်လေ ကြောင်းလိုင်းများဖြစ်သည့် Bangkok Airways လေကြောင်းလိုင်း၊ Thai Lion၊ Air Asia လေကြောင်းလိုင်းတို့သည်လည်း ထိုင်း -မြန်မာနှစ်နိုင်ငံ ပျံသန်းနေသည့် ခရီးစဉ်များကို ရပ်နားခဲ့ကြောင်း သိရသည်။ ယင်းအပြင် Nok Air လေကြောင်းလိုင်းကလည်း ထိုင်း-မြန်မာ ခရီးစဉ်ပျံသန်းမှုများကို မတ် ၂၃ ရက် မှ ဧပြီ ၃၀ ရက်အထိ ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။

“အခုလက်ရှိမှာတော့ မြန်မာအမျိုးသားလေကြောင်းလိုင်းအပါအဝင် ထိုင်းလေကြောင်းလိုင်းအများစု နှစ်နိုင်ငံ ခရီးစဉ်ပျံသန်းမှုကို ရပ်နားလိုက်ပါပြီ” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။

ထိုင်းငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ထိုင်းနိုင်ငံသို့ဝင်ရောက်မည့် မြန်မာနိုင်ငံသားများ (နိုင်ငံခြားသားများအားလုံး)သည် ထွက်ခွာမည့် နိုင်ငံ၏လေဆိပ်ကောင်တာ၌ Check- in ပြုလုပ်နေစဉ်ပင် ခရီးစဉ်မတိုင်မီ ၇၂ နာရီအတွင်း ထုတ်ပေးထားသည့် ကင်းစင်ကြောင်း ဆေးလက်မှတ်နှင့် ထိုင်းနိုင်ငံအတွင်း ဆေးဝါးကုသခွင့် အကျုံးဝင်ပြီး အနည်းဆုံးအမေရိကန်ဒေါ်လာတစ်သိန်း ကုသခံယူခွင့်ရှိသည့် ကျန်းမာရေးအာမခံတင်ပြရန် လိုအပ်ကြောင်း၊ အကယ်၍တင်ပြနိုင်ခြင်းမရှိပါက Bording Pass ထုတ်ပေးခြင်းမပြုရန်ဖြစ်ပါကြောင်း၊ ကူးစက်ရောဂါအက်ဥပဒေ (၂၀၁၅) အရ Form T. 8 (အမည်၊ နိုင်ငံကူးလက်မှတ်၊ တည်းခိုမည့်လိပ်စာ) ကို ပြည့်စုံစွာဖြည့်စွက်ရန်၊ AOT Airports Mobile App မှတစ်ဆင့် ဖြည့်တင်ပြနိုင်ပါကြောင်း၊ ယင်းနောက် ဆောင်ရွက်ထားရှိမှုအား လေဆိပ်ရှိ တာဝန်ရှိပုဂ္ဂိုလ်များထံ တင်ပြရမည်ဖြစ်ကြောင်း ယင်းကန့်သတ်ချက်သည် မတ် ၂၂ ရက် ဒေသစံတော်ချိန် ၀၀.၀၀ နာရီမှစ၍ အသက်ဝင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံလေကြောင်းညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

နိုင်ငံတကာလေကြောင်းလိုင်း ၃၉ ခု ပျံသန်းနေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖေဖော်ဝါရီလမှစတင်ကာ တရုတ်လေကြောင်းလိုင်းများသာ ခရီးစဉ်ပျံသန်းမှု ရပ်နားခဲ့ရာမှ လက်ရှိတွင် အခြားနိုင်ငံတကာ လေကြောင်းလိုင်းများပါ ခရီးစဉ်ပျံသန်းမှု ရပ်နားခြင်းများရှိလာကြောင်း လေကြောင်းပို့ဆောင်ရေးညွှ့န်ကြားမှုဦးစီးဌာနမှ သတင်း ရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီက နိုင်ငံတကာ လေကြောင်းလိုင်း ၃၉ လိုင်းက လေကြောင်းခရီးစဉ်များပျံသန်းခဲ့ပြီး ခရီးသည်ပေါင်း ငါးသိန်းကျော်ဝင်ထွက်မှုရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီတွင် တရုတ်လေကြောင်းလိုင်းအများစုက ခရီးစဉ်ပျံသန်းမှုအား ရပ်နားခဲ့သဖြင့် လေကြောင်းလိုင်း ၃၂ လိုင်းက ခရီးစဉ်များ ပျံသန်းခဲ့ပြီး ခရီးသည် သုံးသိန်းကျော် ဝင်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

COVID- 19 ကြောင့် နိုင်ငံတကာလေကြောင်းလိုင်းအချို့ ခရီးစဉ်ပျံသန်းမှု မရှိတော့သဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေကြောင်းလိုင်းကောင်တာအချို့ ပိတ်သိမ်းထားပြီး လေဆိပ်အတွင်းနှင့် အပြင်၌ အသွားအလာ သိသိသာသာ လျော့နည်းသွားကြောင်း သိရသည်။

COVID -19 ရောဂါကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုမှာလည်း ယခင်နှစ် ကာလတူဖြင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် ကျဆင်းခဲ့ခြင်းဖြစ်ပြီး ကိုရီးယားလေကြောင်းလိုင်းနှင့် တရုတ်နိုင်ငံမှ လေကြောင်းလိုင်း ၁၀ လိုင်းခန့် ခရီးစဉ်ပျံသန်းမှု ရပ်နားထားပြီး အခြားနိုင်ငံတကာလေကြောင်းလိုင်းအချို့ ခရီးစဉ်ပျံသန်းမှုအကြိမ်ရေအား လျှော့ချပျံ သန်းနေခြင်းဖြစ်သည်။

 

Most Read

Most Recent