၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မကြာမီကျင်းပမည်ဖြစ်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ရှိနေမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မကြာမီကျင်းပမည်ဖြစ်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ရှိနေမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 18 March 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မကြာမီ ကာလတွင်ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ရှိ နေမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

မတ် ၁၆ ရက်က နေပြည်တော်ရှိကော်မရှင်ရုံးတွင် မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး အစည်းအဝေးသို့ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများ တက်ရောက်ကြခဲ့သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို မကြာမီကာလတွင် ကျင်းပမည်ဖြစ်သောကြာင့် လုပ်ဆောင်သင့်သည်များကို ကြိုတင် စဉ်းစား မျှော်တွေးပြီး လုပ်ငန်းစဉ်အလိုက် ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ်မည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အခက်အခဲများရှိပါကလည်း ဖြေရှင်းဆောင်ရွက်ပေးနိုုင်ရန်အတွက် အချိန်နှင့် တစ်ပြေးညီတင်ပြပေးရန်တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေရွေး ကောက်ပွဲကော်မရှင် တာဝန်ရှိသူများကို ဦးလှသိန်းက မှာကြားခဲ့ကြောင်း သိရသည်။

ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အဆင်ပြေစွာဆောင်ရွက်နိုင်ရန်  သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ကဏ္ဍစုံမှ ပါ ဝင်ပတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကော်မရှင်အဖွဲ့ခွဲများအတွက် လိုအပ်သည့် ရုံးသုံးစက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းလျက်ရှိကြောင်း၊ မဲရုံသုံးပစ္စည်းများ လုံလောက်စွာနှင့် အချိန်မီရရှိရေး အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း ဦးလှသိန်းက ပြောကြားခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိမည်ဟုသာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီး ကျင်းပမည့်ရက် အတိအကျ ထုတ်ပြန်ခြင်းမရှိသေးပေ။

မကြာမီကာလ (ကော်မရှင်ဥက္ကဋ္ဌ ပြော ကြားသည့်)ဆိုတာက ရွေးကောက်ပွဲကြေညာ ရတာက ခြောက်လကျော် ကြိုကြေညာရမှာ ဆိုတော့ ခြောက်လကျော် ကြိုကြေညာရမှာ ဆိုရင် အချိန်ကသိပ်မရှိတော့ဘူး။ အဲဒီ သဘောပြောတာပါ။ ဗိုင်းရပ်စ်ကြောင့် ရွေး ကောက်ပွဲအတွက် ပြင်ဆင်ရာမှာ အခက် အခဲရှိသလားဆိုရင် မရှိပါဘူး။ ကျွန်တော် တို့က မဲစာရင်းလုပ်တဲ့ လုပ်ငန်းတွေ၊ နောက် ပစ္စည်းပစ္စယပို့တာတွေ ဒါလောက်ပဲရှိတာ ဆိုတော့ ရွေးကောက်ပွဲနဲ့တော့ လောလော ဆယ်တော့ မရှိပါဘူး။ ကျွန်တော်တို့က ပြင် စရာရှိတာတော့ ပြင်နေတာပေါ့ဟု ရခိုင် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး  ဦးသူရိန်ထွဋ်က ပြောကြား သည်။

သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားပြီး နိုင်ငံပေါင်း ၁၅၀ ကျော်တွင် ပျံ့နှံ့ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် နှစ်ကုန်ပိုင်းတွင် ကျင်းပနိုင်ခြေရှိသည့် အထွေထွေရွေးကောက်ပွဲသည် ဗိုင်းရပ်စ်ဖြစ်ပွားမှု အခြေ အနေအပေါ်မူတည်၍ သက်ရောက်မှုရှိနိုင်သည်ဟု နိုင်ငံရေးပါတီအချို့က ခန့်မှန်းလျက် ရှိသည်။

ဒီဗိုင်းရပ်စ်ပိုးဖြစ်နေတဲ့ကိစ္စက ရွေး ကောက်ပွဲကိုသွားပြီးထိခိုက်နိုင်တယ်”  ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ COVID-19 အတည်ပြုလူနာ တွေ့ရှိခြင်းမရှိသေးသော်လည်း ရောဂါကူးစက်မှုကို ကာကွယ်ရန် မြန်မာအစိုးရကအခမ်းအနားနှင့် ပွဲလမ်းသဘင်များကို ဧပြီလကုန်အထိ ကျင်းပခွင့် ပိတ်ပင်ထားသည့်အတွက် ပါတီများ၏ စည်း ရုံးရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းထားရမှုများ ရှိနေကြောင်း သိရသည်။

 

 

Most Read

Most Recent