ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပြည်သူများလိုလားသည့် ရလဒ်ကိုဖော်ဆောင်နိုင်ရန် ပိုဝေးလာသည်ဟု ခံစားမိကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပြည်သူများလိုလားသည့် ရလဒ်ကိုဖော်ဆောင်နိုင်ရန် ပိုဝေးလာသည်ဟု ခံစားမိကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 16 March 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပြည်သူများ လိုလားသည့်ရလဒ်ကို ဖော်ဆောင်နိုင်ရန် ပိုဝေးလာသည်ဟု ခံစားမိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

မတ် ၁၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ) တွင် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ်(၁)ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်အပြီးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး မီဒီယာများမေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဒေါက်တာမြတ်ဉာဏစိုးက အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ဒီနေ့ကတော့ တော်တော်အံ့အားသင့်စရာကောင်းတဲ့ အချက်ကို သွားတွေ့တယ်။ ဘာလဲဆိုတဲ့အခါကျတော့ ပုဒ်မ ၁၂၄ နဲ့ ပုဒ်မ ၁၇၂ ပေါ့။ ပုဒ်မ ၁၂၄ မှာဆိုရင်လည်း သူက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွဲ့ဖြိုးရေးကောင်စီကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ စပေါ်တုန်းက လုပ်ခဲ့ရမယ့် ကိစ္စရပ်တွေပေါ့။ အခုအချိန်မှာ အဲဒီအဖွဲ့အစည်းက မရှိတော့တာဖြင့် ဆယ်စုနှစ် တစ်ခုလောက်ရှိနေပြီ။ လွှတ်တော်ကပဲ အခုဟာက ဒုတိယအကြိမ် သက်တမ်းပဲ ကုန်တော့မယ်။ တတိယအကြိမ်သက်တမ်းပဲ လာတော့မယ်။ အင်မတန် အံ့အားသင့်စရာ ကောင်းတယ်။ ပုဒ်မ ၁၇၂ ဆိုလည်း ဒီလိုပဲ။ လွှတ်တော် သက်တမ်းတွေအတွက် လွှတ်တော်ခေါ်ယူရေး ကိစ္စရပ်တွေ ဒါလည်း တော်တော်စဉ်းစားစရာပဲ။ ဒါက နားလည်ပြီးသား ဖြစ်နေရမှာ။ ဒါကလိုမှမလိုအပ်တော့ဘဲ” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

အထက်ပါကဲ့သို့ မလိုအပ်တော့သော ပုဒ်မ၊ ပုဒ်မခွဲများကို ဆက်လက်ထားရှိခြင်း၊ ပုဒ်မ ၂၂၅၊ ပုဒ်မ ၂၂၆ ကဲ့သို့သော ပုဒ်မများသည် ဒီမိုကရေစီဖက်ဒရယ်ကို သွားနေပြီး ဗဟိုချုပ်ကိုင်မှုလျှော့ချသည့်စနစ်ကို သွားနေသည့်အချိန်တွင် ယင်းပုဒ်မများသည် ချုပ်ကိုင်ထားသည့် ပုဒ်မများဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

ဒေါက်တာမြတ်ဉာဏစိုးက “ ပြည်ထောင်စုအစိုးရကနေပြီးတော့ တိုင်းဒေသကြီး၊ ပြည်နယ်တွေအပေါ်မှာ ချုပ်ကိုင်ထားတယ်။ ဥပဒေပြုတွေအပေါ်မှာရော၊ နောက်တစ်ခါ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို ချုပ်ကိုင်ထားတယ်ပေါ့။ အဲဒီမှာ ဘာလေးပဲ ပြောင်းလိုက်တာလဲဆိုတော့ ‘နိုင်’ လေးတစ်ခုပဲ ထည့်တာ။ Must ဖြစ်နေလို့ လုပ်ကိုလုပ်ရမယ်ဆိုတဲ့အထဲမှာ လုပ်နိုင်သည် May ဆိုရင်တော့ ဆုတ်သာတက်သာလေးပေါ့။ အဲသုံးခုလည်း မူလအတိုင်းပဲဆိုတော့ ဘာမှတ်ချက်ပြုရမှန်းကို မသိတော့ဘူး။ တော်တော်ကို အံ့အားသင့်ပါတယ်” ဟု ပြောကြားသည်။

ပြည်သူများအနေဖြင့် ယနေ့ပြုလုပ်သည့် မဲခွဲဆုံးဖြတ်မှုကို တွေ့မြင်မည်ဖြစ်ပြီး ပုဒ်မ၊ ပုဒ်မခွဲ ခုနစ်ခုတွင် ပါဝင်သော အချက်ခုနစ်ချက်သည် မည်သည့်အတွက်မျှ ထိခိုက်သွားနိုင်ခြင်းမရှိသည့်အပြင် ဗဟိုချုပ်ကိုင်မှုကို လျှော့ချခြင်းနှင့် ယနေ့ခေတ်အချိန်အခါနှင့် မည်သို့မျှ အံမဝင်တော့သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဆိုသော လွန်ခဲ့သည့် ၁၀ စုနှစ်တစ်ခုခန့်က တည်ရှိခဲ့သည့် အဖွဲ့အစည်းကို လက်ရှိအချိန်အထိ မည်သည့်အတွက်ကြောင့် ဆုပ်ကိုင်ထားသနည်းဆိုသည်မှာ အလွန်ပင် အ့ံအားသင့်စရာကောင်းကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

“ ဒီလိုတွေအထိ ဒီလောက်အထိ ပြင်ဆင်နိုင်ခွင့် မရဘူးလို့ မထင်မှတ်ထားခဲ့တဲ့ အနေအထားကနေ အခုက ပိုပိုပြီးတော့ကို ဆိုးလာသလိုပဲ။ အဲဒီတော့ ပြည်သူတွေအနေနဲ့ကတော့ အမြဲတမ်း ပြောပါတယ်။ ပြောခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်သူတွေလိုလားတဲ့ ရလဒ်ကို ဖော်ဆောင်နိုင်ဖို့ဟာ ပိုပိုပြီး ဝေးလာတယ်လို့ ခံစားမိပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

Most Read

Most Recent