ငြိမ်းချမ်းရေးဖြစ်စဉ်တွင် မိမိတို့လိုလားချက် ရာနှုန်းပြည့်ရမှ ပူးပေါင်းပါဝင် ဆောင်ရွက်မည်ဆိုသည့် ခံယူချက်မျိုးဖြင့် စေ့စပ်ညှိနှိုင်း၍ ရနိုုင်မည် မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် မိမိတို့လိုလားချက် ရာနှုန်းပြည့်ရမှ ပူးပေါင်းပါဝင် ဆောင်ရွက်မည်ဆိုသည့် ခံယူချက်မျိုးဖြင့် စေ့စပ်ညှိနှိုင်း၍ ရနိုုင်မည် မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
မတ် ၁၂ ရက်က ပြုလုပ်သည့် UPDJC အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမှာစကား ပြောကြားနေစဉ်
မတ် ၁၂ ရက်က ပြုလုပ်သည့် UPDJC အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမှာစကား ပြောကြားနေစဉ်
Published 13 March 2020
နေရိုင်း၊ ဇေယျာထွန်း

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တစ်စုတစ်ဖွဲ့ အနေဖြင့် မိမိတို့လိုလားချက် ရာနှုန်းပြည့်ရမှ ပူးပေါင်းပါဝင် ဆောင်ရွက်မည်ဆိုသည့် ခံယူချက်မျိုးဖြင့် စေ့စပ်ညှိနှိုင်း၍ ရနိုုင်မည် မဟုတ်ကြောင်း နုုိင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်၊

မတ် ၁၂ ရက်က နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ပြုလုုပ်သည့် ၁၈ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် ငြိမ်းချမ်းရေးဖြစ်စဉ်များကို လေ့လာကြည့်ပါက နောက်ခံအခြေအနေ ကွာခြားချက်အရ စိန်ခေါ်မှုများ အခက်အခဲများသည်လည်း တစ်မျိုးတစ်ဘာသာစီ တွေ့ရှိနိုင်ကြောင်း၊ စိန်ခေါ်မှုများ ကွဲပြားခြားနား နေသော်လည်း တူညီသောအချက်သည် ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ရန်အတွက် ပါဝင်သူ အစုအဖွဲ့အားလုံး၏ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှု၊ တီထွင်ဖန်တီးနိုင်မှု၊ ပြဿနာများ ကိုင်တွယ်ဖြေရှင်းနိုင်မှုနှင့် နိုင်ငံရေးစိတ်ရင်း စေတနာများက အဓိကကျသည် ဆိုသည်ကို တညီတညွတ်တည်း တွေ့ရှိရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပျက်ပြားစေချင်ရင် နှောင့်နှေးစေချင်ရင် ပါဝင်တဲ့အထဲက အစုအဖွဲ့တစ်ဖွဲ့က ဖန်တီးဖျက်ဆီးနိုင်ပေမဲ့ ဒီဖြစ်စဉ်အောင်မြင်ဖို့ဆိုရင် ပါဝင်သူအစုအဖွဲ့ အားလုံးက ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ အစုအဖွဲ့တစ်ဖွဲ့အနေနဲ့ ကိုယ့်ရဲ့လိုလားချက်တွေကို ရာနှုန်းပြည့်ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ ရာနှုန်းပြည့် ၁၀၀ ရာခိုင်နှုန်း လိုချင်တာရမှ ပူးပေါင်းပါဝင် ဆောင်ရွက်မယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ စေ့စပ်ညှိနှိုင်းလို့ရနိုင်မှာ မဟုတ်ပါဘူး။ အပေးအယူ အလျှော့အတင်း လုပ်ရဲမှသာ နိုင်ငံရေး စားပွဲဝိုင်းထဲဝင်ဖို့ သင့်လျော်မှာ ဖြစ်သလို နိုင်ငံရေး စားပွဲဝိုင်းထဲ ဝင်ထိုင်ပြီးမှတော့ အပေးအယူ အလျှော့အတင်း လုပ်နိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်နိုင်ရန်အတွက် UPDJC အနေဖြင့် မျှတသည့် အပေးအယူ အလျှော့အတင်းကို အခြေခံပြီး စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရန်  အရေးကြီးကြောင်း၊ ထို့ကြောင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှု၊ ပင်လုံစိတ်ဓာတ်ကို အခြေခံသော ပူးပေါင်းဆောင်ရွက်မှုနှင့် မိမိတို့အားလုံး ရှေ့ဆက်သွားကြရန် တိုက်တွန်းလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တစ်ပြိုင်နက်တည်း လမ်းကြောင်းသုံးကြောင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမလမ်းကြောင်းသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရေးဖြစ်ပြီး နှစ်ဖက်တပ်များနှင့် JMC က ဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယလမ်းကြောင်းမှာ နိုင်ငံရေး ဆွေးနွေးမှုဖြစ်ပြီး UPDJC က တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ တတိယလမ်းကြောင်းမှာ ငြိမ်းချမ်းရေး အသီးအပွင့် ဖွံ့ဖြိုးရှင်သန်ရေးဖြစ်ပြီး အဆိုပါ လမ်းကြောင်းကို NRPC၊ PC၊ ပြည်နယ်အစိုးရများနှင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောကြားသည်။

ထို့အတူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ သဘော သဘာဝသည် အရာရာ ချောမွေ့ဖြောင့်ဖြူးမနေဘဲ အခက်အခဲများ၊ စိန်ခေါ်မှုများ ဆက်တိုက်တွေ့ကြုံ ရင်ဆိုင်နေရမည် ဖြစ်သောကြောင့် လက်နက်ကိုင် တပ်ဖွဲ့များ အချင်းချင်းအကြား ဆွေးနွေးညှိနှိုင်းရခြင်း ဖြစ်သည့်အတွက် အဆင်မသင့်ပါက သေနတ်သံများ ပြန်ထွက်ပေါ် လာတတ်သည်မှာ ဓမ္မတာပင်ဖြစ်ကြောင်း၊ သို့ရာတွင် မိမိတို့အားလုံး၏ ဦးတည်ချက်ပန်းတိုင် ပျောက်ပျက်မသွားအောင် သတိချပ်ကြရန် သတိပေးလိုပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

UPDJC အစည်းအဝေးကို နှစ်နှစ်နီးပါး ရပ်နားထားခဲ့ရပြီး ယင်းကာလအတွင်း ပစ်ခတ်မှုများ၊ မိုင်းခွဲမှုများ ဖြစ်ပေါ်ခဲ့ရာ ထိုသို့ အခန့်မသင့်၊ အဆင်မသင့်၍ ဖြစ်ပွားမှုများကိုလည်း နှစ်ဦးနှစ်ဖက် စားပွဲဝိုင်းမှာ တွေ့ဆုံညှိနှိုင်းပြီး ပြဿနာများကို အဖြေရှာကြရန်လည်း ၎င်းက တိုက်တွန်းပြောကြားသည်။

“ပြဿနာအချို့ ပေါ်ပေါက်လာတာနဲ့ အရင်ကလိုပဲ သေနတ်တွေ ပြန်ကိုင်၊ ပြန်ပြီး ပစ်ခတ်ကြတယ်ဆိုတဲ့ ရှေးရိုးနည်းလမ်းကိုပဲ ပြန်သွားနေကြမယ်ဆိုရင် အရင်တုန်းက ၂၀ ရာစုနှစ်ခေတ်မှာပဲ အတွေးအခေါ်တွေ ကျန် နေသေးတယ်လို့ ဆိုရပါလိမ့်မယ်။ပြဿနာတွေကတော့ ဖြစ်နေမှာပဲ။ ဒီလိုမျိုးပြဿနာ တွေဖြစ်လာရင် အမြန်ဆုံးတွေ့ကြပါ။ ဆွေးနွေးကြပါ။ အဖြေရှာကြပါ။ စားပွဲဝိုင်းမှာ ရန် ဖြစ်တာက စစ်မြေပြင်မှာ ပစ်ခတ်မှုတွေထက် အများကြီး အကျိုးရှိပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင်လည်း ပြဿနာအားလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဖြေရှင်းနိုင်မည် မဟုတ်ဘဲ မိမိတို့အကြား ဘုံသဘောထား တူညီမှုများကို သဘောတူညီချက်များ ဖြစ်လာအောင် နည်းလမ်းရှာပြီး ကြိုးပမ်းကြရန်ဖြစ်ကြောင်း၊ သဘောထား ကွဲလွဲနေသည့် အချက်များကို မည်သို့ ဖြေရှင်းလျှင် ပြေလည်နိုင်မနည်း ဆိုသည်ကို ပြဿနာ ဖြေရှင်းရေးခ ျဉ်းကပ်မှုဖြင့် ဆွေးနွေးညှိနှိုင်းကြရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးသည်မှာ စကားရည်လုပွဲမဟုတ်ဘဲ အားလုံး လက်ခံနိုင်မည့် ဖြေရှင်းချက်ကို မည်သို့ အဖြေရှာကြမည်နည်းဟု ဆိုခြင်းသာဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့အတူ ငြိမ်းချမ်းရေးကို ကျန်သည့် အခြေအနေများနှင့် ဆက်စပ်သုံးသပ်ပြီး စဉ်းစားကြစေလိုကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ၂၁ ရာစု နည်းပညာခုန်ပျံ ကျော်လွှားနေသော အခြေအနေ၊ ရာသီဥတု ပြောင်းလဲမှု အန္တရာယ်များ၊ နောက်ဆုံးကြုံတွေ့နေရသည့် နိုင်ငံဖြတ်ကျော် ကမ္ဘာလုံးဆိုင်ရာ ရောဂါဘေးများအထိ ငြိမ်းချမ်းရေးဖြစ်စဉ်သည် အပြန်အလှန် သက်ရောက်မှုများ ချိတ်ဆက်နေသည်ကို သိမြင်ကြရန်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 

Most Read

Most Recent