မဲခွဲဆုံးဖြတ်မှုရလဒ်ကိုကြည့်ပါက ရွေးကောက်ခံကိုယ်စားလှယ် ၈၅ ရာခိုင်နှုန်းကျော် NLD ပါတီက တင်ပြထားသည့် ပြင်ဆင်၊ ပယ်ဖျက်လိုသော ပုဒ်မများကို ထောက်ခံမဲပေးခဲ့သော်လည်း ပြင်ဆင်၍မရခဲ့ခြင်းသည် ဝမ်းနည်းစရာကောင်းကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား

မဲခွဲဆုံးဖြတ်မှုရလဒ်ကိုကြည့်ပါက ရွေးကောက်ခံကိုယ်စားလှယ် ၈၅ ရာခိုင်နှုန်းကျော် NLD ပါတီက တင်ပြထားသည့် ပြင်ဆင်၊ ပယ်ဖျက်လိုသော ပုဒ်မများကို ထောက်ခံမဲပေးခဲ့သော်လည်း ပြင်ဆင်၍မရခဲ့ခြင်းသည် ဝမ်းနည်းစရာကောင်းကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 11 March 2020

မဲခွဲဆုံးဖြတ်မှု (ဒုတိယနေ့) ရလဒ်ကို ကြည့်ပါက ရွေးကောက်ခံကိုယ်စားလှယ် ၈၅ ရာခိုင်နှုန်းကျော် NLD ပါတီက တင်ပြထားသည့် ပြင်ဆင်၊ ပယ်ဖျက်လိုသော ပုဒ်မများကို ထောက်ခံဆန္ဒမဲပေးခဲ့သော်လည်း ပြင်ဆင်၍ မရခဲ့ခြင်းသည် ဝမ်းနည်းစရာကောင်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အောင်မြေသာဇံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။

မတ် ၁၁ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၂) နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်အပြီးတွင် ယမန်နေ့ကရရှိခဲ့သည့် မဲရလဒ်များအရ  ဖွဲ့စည်းပုံပြင်ရေး ကဲ့သို့သော အရေးကြီးသည့် ကိစ္စရပ်များတွင် အသေးအဖွဲက ဂရုစိုက်သင့်သည်ဆိုသော ဝေဖန်မှုများနှင့် ပတ်သက်၍ ဘာများပြောချင်ပါသလဲဆိုသည့် မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ အောင်မြေသာဇံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ ဒီနေ့မှာ ကြည့်မယ်ဆိုရင် ဒီနေ့ မဲခွဲဆုံးဖြတ်မှုရလဒ်ကို ကြည့်မယ်ဆိုရင် ရွေးကောက်ခံ ကိုယ်စားလှယ်များရဲ့ ၈၅ ရာခိုင်နှုန်းအထက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်တဲ့ ပြင်ဆင်လိုတဲ့ ပယ်ဖျက်လိုတဲ့ ဥပဒေပုဒ်မတွေကို ရွေးကောက်ခံကိုယ်စားလှယ်ရဲ့ ၈၅ ရာခိုင်နှုန်းအထက်က ထောက်ခံမဲပေးခဲ့ပေမဲ့ ဒီနေ့ ပြင်ဆင်လို့ မရခဲ့ဘူးပေါ့။ ဒါအင်မတန်မှ ဝမ်းနည်းစရာကောင်းတယ်။ ပြည်သူလူထုက mandate ပေးထားတဲ့၊ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေအများစုက ပြင်ဆင်၊ ပယ်ဖျက်လိုတဲ့ ဆန္ဒရှိပေမဲ့လည်း ပြင်ဆင်ခွင့်မရခဲ့ပါဘူး။ အဲဒီအတွက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဆက်ပြီးတော့ ကြိုးစားနေရဦးမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဟုတ်ပါဘူး။ ပါတီအသီးသီးဟာ နောင်မည်သည့်ပါတီပဲဖြစ်ဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ပြီး ပြင်ဆင်ဖို့ရာအတွက် ကြိုးစားနေကြနေကြဦးမှာပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာလှမိုးက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်၏အဆုံးအဖြတ်ရယူသည့် ပထမနေ့တွင် NLD ပါတီက ပြင်ဆင်ရန်တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀ (ဂ) နှင့်ပတ်သက်၍ ထောက်ခံဆန္ဒမဲ ၃၄၃ မဲသာ ရရှိခဲ့ခြင်းသည် မဲပေးသည့်နေ့တွင် အမှားအယွင်း တစ်ခုခုကြောင့်ဖြစ်မည်ဟုယူဆပြီး မဲစစ်ဆေးသူများ၏ ပြောကြားချက်အရ အချို့သည် ပယ်မဲများ၊ လုံးဝကျော်ထွက်သွားသည်များကိုလည်း အများကြီးဖြစ်ပေါ်နေသည်ကို တွေ့ရကြောင်းနှင့် NLD ပါတီအနေဖြင့် မိမိတို့တင်ထားသည့် ပုဒ်မများနှင့် ပတ်သက်၍ စည်းစည်းလုံးလုံးနှင့် တစ်စုတစ်ဝေးတည်း ဆန္ဒမဲပေးခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာလှမိုးက ပြောကြားသည်။

“ ရှေ့ပထမအကြိမ် လွှတ်တော်သက်တမ်းမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားခဲ့တယ်။ အောင်မြင်မှုရှိခဲ့တာ နည်းပါးခဲ့တယ်။ ပြင်ဆင်လို့ရတာ နည်းပါးခဲ့တယ်။ အခု ဒီဘက်သက်တမ်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ လွှတ်တော်မှာလည်း ဒီလိုပဲ ပြင်ဆင်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ဘူး။ ရရှိမှု နည်းပါးခဲ့ပါတယ်။ ဒါအဖြေက ရှင်းရှင်းလေးပဲ။ နိုင်တာတွေ၊ ရှုံးတာတွေ မဟုတ်ဘူး။ အားလုံးက တိုင်းပြည်အတွက် အလုပ်လုပ်နေကြတာ ဖြစ်တယ်။ နိုင်ငံသူနိုင်ငံသားတွေအတွက် အလုပ်လုပ်နေကြတာဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ပြင်ဆင်ရာ၌ တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှုရရှိလာရန် မည်သို့ဆောင်ရွက်သွားမည်ဆိုသည့် မေးမြန်းမှုအပေါ် ဒေါက်တာလှမိုးက “ ဒီနေ့အချိန်ထိကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မှု အားနည်းနေသေးတာကို တွေ့ရပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ တပ်မတော်က မဲပေးလား၊ မပေးဘူးလားဆိုတာလည်း ဆရာတို့ မသိဘူး။ ဘယ်သူတွေ မဲပေးလား၊ မပေးဘူးလားဆိုတာလည်း ဆရာတို့မသိဘူး။ သို့သော် လက်ရှိအနေအထားအရတော့ ဆရာတို့တွေသည် ပြင်ဆင်လို့မရဘူးဆိုတာတော့ သေချာတယ်။ ဒီလိုသေချာတဲ့အတွက်ကြောင့် ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေကြရမှာပေါ့။ ဘယ်လိုနည်းလမ်းနဲ့ဆိုရင် ပြင်ဆင်လို့ရမလဲ။ ဘယ်လိုနည်းလမ်းနဲ့ဆိုရင် ပြင်ဆင်ဖို့ရာ အခါအခွင့်သင့်မလဲဆိုတာတွေကတော့ အားလုံးအဆက်ဆက် ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ရာအတွက် မည်သူမဆို ကြိုးစားနေကြရဦးမှာပဲ ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ရွေးကောက်ခံကိုယ်စားလှယ် ၈၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် ထောက်ခံဆန္ဒမဲ ပေးခဲ့ကြောင်း၊  ၅၉(စ) ကဲ့သို့သော ပုဒ်မနှင့်ပတ်သက်၍ ထောက်ခံဆန္ဒမဲ ၄၀၀ မကျော်သော်လည်း ရွေးကောက်ခံကိုယ်စားလှယ် ၈၀ ရာခိုင်နှုန်းနီးပါက ထောက်ခံဆန္ဒမဲပေးခဲ့ပေမဲ့ ပြင်ဆင်ခွင့်မရရှိခဲ့သည့်အတွက် စိတ်မကောင်းကြောင်း ဒေါက်တာလှမိုးက ပြောကြားသည်။

 

Most Read

Most Recent