နိုင်ငံရေးတွင် လက်စားချေလိုမှုများရှိနေပါက နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု ရှိမည်မဟုတ်သကဲ့သို့ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်သရွေ့ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရရှိရန် ခက်ခဲနေမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

နိုင်ငံရေးတွင် လက်စားချေလိုမှုများရှိနေပါက နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု ရှိမည်မဟုတ်သကဲ့သို့ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်သရွေ့ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရရှိရန် ခက်ခဲနေမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 11 March 2020

နိုင်ငံရေးတွင် လက်စားချေလိုမှုများ၊ အမုန်းတရားများရှိနေပါက နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရှိမည် မဟုတ်သကဲ့သို့ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်သရွေ့လည်း လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှု ရရှိရန် ခက်ခဲနေမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ကလေး၊ ကျီကုန်းတပ်နယ်၊ တီးတိန်မြို့၊ နယ်မြေခံ တပ်ဌာနချုပ်နှင့် ဟားခါးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် မတ် ၁၀ ရက်၌ သီးခြားစီတွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတွင်နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရန် အဓိကအရေးကြီးသည့်အပြင် စီးပွားရေးအရ တည်ငြိမ်အေးချမ်းမှုရှိရန်လည်း လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

နိုင်ငံတိုင်းတွင် တပ်မတော်သည် နိုင်ငံကို ကာကွယ်ရန်အတွက် စနစ်တကျဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြည်သူက အားကိုးရသော၊ တိုင်းပြည်က အားထားရသော စွမ်းရည်သုံးရပ်နှင့် ပြည့်စုံသည့် တပ်မတော်ဖြစ်အောင် အမြဲကြိုးစား ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စွမ်းရည်သုံးရပ်အနက် စစ်ရေးစွမ်းရည်သည် အရေးအကြီးဆုံးဖြစ်ပြီး စစ်ရေးစွမ်းရည် ထက်မြက်စေရေးအတွက် လေ့ကျင့်ရေး ဆောင်ရွက်မှုများကို အပြည့်အဝဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် စစ်၏ အခြေခံသဘောတရားများနှင့် ဥပဒေသများကို အပြည့်အဝ လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း၊ စစ်မြေပြင်တွင် တိုက်ပွဲဝင်ချိန်၌ ကြံ့ခိုင်မှုမပြည့်ဝပါက တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မည် မဟုတ်သဖြင့် တစ်ဦးချင်းလေ့ကျင့်မှု၊ အစုအဖွဲ့လိုက် လေ့ကျင့်မှုများကို မှန်မှန်ကန်ကန် လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဆောင်ရွက်ရမည့် ပုံမှန်လေ့ကျင့်ရေး ဆောင်ရွက်မှုများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းအားဖြင့် တပ်မတော်၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားကို မြှင့်တင်နေခြင်းပင်ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ပြည်ထောင်စုဒေသအားလုံးတွင် မိမိတို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်မှုရှိရမည်ဖြစ်ပြီး အတတ်ပညာ အသိပညာများနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်သည် လက်နက်ကိုင်ပဋိပက္ခများ မရှိသည့်နယ်မြေ ဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း ပိုမိုများပြားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် ဤနယ်မြေဒေသရှိ တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် ဒေသလုံခြုံရေးနှင့် နယ်မြေထိန်းသိမ်းရေးတာဝန်များကို ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်သွားနိုင်ရမည်ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

အဆိုပါတွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် ဇနီး၊ ကလေး၊ ကျီကုန်းတပ်နယ်၊ တီးတိန်မြို့နယ်မြေခံ တပ်ဌာနချုပ်နှင့် ဟားခါးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

 

Most Read

Most Recent