ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပထမနေ့ မဲခွဲဆုံးဖြတ်မှု မသန်စွမ်းနှင့် သက်ကြီးရွယ်အို စကားရပ် ပြင်ဆင်ချက် ပုဒ်မခွဲ နှစ်ခုသာ ပြင်ဆင်နိုင်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပထမနေ့ မဲခွဲဆုံးဖြတ်မှု မသန်စွမ်းနှင့် သက်ကြီးရွယ်အို စကားရပ် ပြင်ဆင်ချက် ပုဒ်မခွဲ နှစ်ခုသာ ပြင်ဆင်နိုင်
ဓာတ်ပုံ - ပြည့်ဖြိုးအောင်
ဓာတ်ပုံ - ပြည့်ဖြိုးအောင်
Published 10 March 2020

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအား မဲခွဲဆုံးဖြတ်မှုကို ယနေ့ (မတ် ၁၀ ရက်) တွင် ပြည်ထောင်စုလွှတ်တော်၌ စတင် ပြုလုပ်ခဲ့သည်။

ယနေ့ မဲခွဲဆုံးဖြတ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က) ၌ အကျုံးဝင်သော တပ်မတော်သား ကိုယ်စားလှယ် အရေအတွက်ကို သက်တမ်းအလိုက် လျှော့မည့်ပြင်ဆင်ချက်အပါအဝင် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ်(၁)ကို မဲခွဲ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မဲခွဲ ဆုံးဖြတ်မှုတွင် ပုဒ်မ ၁၄ ခုအနက် မသန်စွမ်းနှင့် သက်ကြီးရွယ်အို စကားရပ်နှစ်ခု ပါဝင်သော ပုဒ်မခွဲ နှစ်ခုသာ ပြင်ဆင်နိုင်ခဲ့သည်။

လွှတ်တော်တွင် ပြင်ဆင်နိုင်ခဲ့သည့် ပုဒ်မခွဲ နှစ်ခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂(က) နှင့် ပုဒ်မ ၃၂ (ခ) တို့ ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂(က) ပါ မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ ကလေးများ ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများ အား ကြည့်ရှုစောင့်ရှောက်ရမည်ဟု  ပြဋ္ဌာန်းချက်တွင် အိုမင်းမစွမ်းသူများ စကားရပ်အား  သက်ကြီးရွယ်အိုများဟု လည်းကောင်း၊  မသန်မစွမ်း စကားရပ်အား မသန်စွမ်းဟု လည်းကောင်း ပြင်ဆင်ထားချက်ကို လွှတ်တော် ကိုယ်စားလှယ် ၅၈၄ ဦးက ထောက်ခံမဲ ပေးခဲ့သဖြင့် ပြင်ဆင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂(ခ) မသန်မစွမ်းဖြစ်လာသော တပ်မတော်သားများအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရန် နှင့် အသက်မွေးပညာကို အခလွတ် သင်ယူနိုင်စေရန် စီမံ ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းချက်တွင် မသန်မစွမ်း စကားရပ်အား မသန်စွမ်းဟု ပြင်ဆင်ထားချက်ကို လွှတ်တော်ကိုယ်စားလှယ် ၅၈၆ ဦးက ထောက်ခံမဲ ပေးခဲ့သဖြင့် ပြင်ဆင်နိုင်ခဲ့သည်။

သို့ရာတွင် ဆန္ဒမဲလက်မှတ် (၁) တွင် ပါရှိသည့် အခြား ပုဒ်မ ၁၂ ခုဖြစ်သော ပုဒ်မ ၅၊ ပုဒ်မ ၆ (ဃ)၊ ပုဒ်မ ၆ (စ)၊ ပုဒ်မ ၇ ၊ပုဒ်မ ၈၊ ပုဒ်မ ၁၄၊ ပုဒ်မ ၁၇ (ခ) ၊ပုဒ်မ ၂၀ (ဂ)၊ ပုဒ်မ ၂၆ (က)၊ ပုဒ်မ ၃၉၊ ပုဒ်မ  ၄၀ (ခ)၊ ပုဒ်မ ၄၀ (ဂ) တို့ မှာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲ မရရှိသဖြင့် ပြင်ဆင်နိုင်ခဲ့ခြင်း မရှိပေ။

ထို့ပြင် ယခု ပြင်ဆင်နိုင်ခဲ့သည့် ပုဒ်မ နှစ်ခုသည်လည်း ပုဒ်မ ၄၃၆ (က)တွင် အကျုံးဝင်သော ပုဒ်မဖြစ်သောကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ သဘောထားရယူပြီးမှသာ အပြီးသတ် ပြင်ဆင်နိုင်မည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၆၅၄ ဦး ရှိပြီး ကိုယ်စားလှယ် စုစုပေါင်း၏  ရာခိုင်နှုန်းဖြင့် တွက်ပါက လွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးကျော် ထောက်ခံမှသာ ပြင်ဆင်လိုသည့် ပုဒ်မ၊ ပုဒ်မခွဲများသည် အောင်မြင်မည် ဖြစ်သည်။

 ဖွဲ့စည်းပုံအခြခံဥပဒေ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ်သည့် ပထမဆုံးနေ့ဖြစ်သော ယနေ့တွင်  လွှတ်တော်ကိုယ်စားလှယ် ၆၃၃ ဦး တက်ရောက်ပြီး ခွင့်ပန်ကြားသူ ၂၁ ဦး ရှိခဲ့သည်။

အဆိုပါ အစည်းအဝေး တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၆၃၃ ဦးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး ၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၆၇ ဦး ပါဝင်သည်။

 

 ဖွဲ့စည်းပုံအခြခံဥပဒေ ပြင်ဆင်ရေး

Most Read

Most Recent