ရန်ကုန်ယူနိုက်တက်အသင်းကို အနိုင်ရမည်ဟု ယုံကြည်ကြောင်း ဟောင်အန်တိုက်စစ်မှူး ပလာဇီဘတ် ပြောကြား

ရန်ကုန်ယူနိုက်တက်အသင်းကို အနိုင်ရမည်ဟု ယုံကြည်ကြောင်း ဟောင်အန်တိုက်စစ်မှူး ပလာဇီဘတ် ပြောကြား
Photos : Hougang United Football Club (HGFC)
Photos : Hougang United Football Club (HGFC)
Published 10 March 2020

 

စင်ကာပူကလပ် ဟောင်အန်တိုက်စစ်မှူး ပလာဇီဘတ်က ရန်ကုန်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်ပွဲတွင် မိမိတို့အသင်းအနေဖြင့် နောက်တစ်ဆင့်တက်ရောက်နိုင်ရန်အတွက် အနိုင်ရအောင် ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် အနိုင်ရလိမ့်မည်ဟုလည်း ယုံကြည်ကြောင်း မတ်လ(၉)ရက်က ထုတ်ဖော်ပြောကြားသည်။ 

ရန်ကုန်ယူနိုက်တက်အသင်းသည် ခရိုအေးရှားတိုက်စစ်မှူး ပလာဇီဘတ်ကို သတိထားထိန်းချုပ်ရဖွယ်ရှိနေကြောင်း သိရသည်။ 

ပလာဇီဘတ်က ''မနက်ဖြန်ပွဲက နှစ်သင်းစလုံးအတွက် အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့အတွက် အမှန်တကယ် အမှတ်လိုအပ်နေပါ တယ်။ ကျွန်တော်တို့ ဒီပွဲမှာ အမှတ်ရမှသာ နောက်တစ်ဆင့်ကို တက်ရောက် နိုင်ဖို့ အခွင့်အရေးရှိမှာပါ။ အဲဒီအတွက် ကျွန်တော်တို့အားလုံး ကြိုတင် ပြင်ဆင်ထားပြီးပါပြီ။ ရန်ကုန်ယူနိုက်တက်အသင်းက သမိုင်းကြောင်း အစဉ်အလာရှိတဲ့အသင်းပါ။ သူတို့အသင်းက AFC Cup ပြိုင်ပွဲမှာလည်း အတွေ့အကြုံများစွာရှိပါတယ်။ ကျွန်တော်တို့အားလုံး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဒီပွဲအတွက် ပြင်ဆင်ထားပါတယ်။  ကျွန်တော်တို့ရဲ့ပစ်မှတ်က ပွဲတိုင်းကို အနိုင်ရရှိဖို့ပါပဲ။ ရန်ကုန်အသင်းနဲ့့ပွဲအတွက် ကျွန်တော်တို့ဆီမှာ ဘာဖိအားမှရှိမနေပါဘူး''ဟု ပြောကြားသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟောင်အန်ယူနိုက်တက်အသင်းတို့သည် AFC Cup ပြိုင်ပွဲ အုပ်စုတတိယပွဲအဖြစ် မတ် ၁၀ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်အသင်း၏အိမ်ကွင်းအဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဟောင်အန်ယူနိုက်တက်အသင်း၏ ခရိုအေးရှားတိုက်စစ်မှူး ပလာဇီဘတ်သည် ယခုရာသီ AFC Cup ပြိုင်ပွဲတွင် နှစ်ပွဲကစား နှစ်ပွဲစလုံး ဂိုးသွင်းယူထားသူဖြစ်သည်။ 

ပလာဇီဘတ်သည် ဟောင်အန်ယူနိုက်တက်အသင်းက လာအိုကလပ် လာအိုတိုယိုတာအသင်းအား (၃-၁) ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် နှစ်ဂိုး၊ ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီး အသင်းအား (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် နှစ်ဂိုးသွင်းယူထားပြီး စုစုပေါင်း သွင်းဂိုးလေးဂိုးဖြင့် ပြိုင်ပွဲ၏ ဂိုးအများဆုံးကစားသမားအဖြစ် ထိပ်ဆုံး၌ ရပ်တည်နေသည်။ 

    

ပလာဇီဘတ်သည် ယခုရာသီအစတွင် ဟောင်အန်ယူနိုက်တက်အသင်သို့ ရောက်ရှိလာသူဖြစ်ပြီး စင်ကာပူလိဂ်ပြိုင်ပွဲတွင်လည်း သုံးဂိုးသွင်း ယူပေးထားသည်။

 

Most Read

Most Recent