ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မဲခွဲဆုံးဖြတ်မှု ယနေ့စတင်မည်ဖြစ်ပြီး တပ်မတော်သားကိုယ်စားလှယ်အရေအတွက်ကို သက်တမ်းအလိုက် လျှော့မည့်ပြင်ဆင်ချက်အပါအဝင် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကိုစုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၁)ကို ဦးစွာမဲခွဲမည်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မဲခွဲဆုံးဖြတ်မှု ယနေ့စတင်မည်ဖြစ်ပြီး တပ်မတော်သားကိုယ်စားလှယ်အရေအတွက်ကို သက်တမ်းအလိုက် လျှော့မည့်ပြင်ဆင်ချက်အပါအဝင် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကိုစုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၁)ကို ဦးစွာမဲခွဲမည်
 မတ် ၃ ရက် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမစတင်မီ လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်
မတ် ၃ ရက် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမစတင်မီ လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်
Published 9 March 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအား မဲခွဲဆုံးဖြတ်မှုကို ယနေ့ (မတ် ၁၀ ရက်) တွင် စတင်မည်ဖြစ်ပြီး  ပုဒ်မ ၄၃၆ (က)တွင်အကျုံးဝင်သော တပ်မတော် သားကိုယ်စားလှယ်အရေအတွက်ကို သက်တမ်းအလိုက် လျှော့မည့်ပြင်ဆင်ချက်အပါအဝင် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၁) ကို  ဦးစွာမဲခွဲမည်ဖြစ်ကြောင်း သိရသည်။

ပထမဦးစွာ မဲခွဲဆုံးဖြတ်မည့် ပုဒ်မ၊ ပုဒ်မခွဲများမှာ ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆ (က)တွင် အကျုံးဝင်သည့် ပုဒ်မ ၅၊ ပုဒ်မ ၆ (ဃ)၊ ပုဒ်မ ၆ (စ)၊ ပုဒ်မ ၇ ၊ပုဒ်မ ၈၊ ပုဒ်မ ၁၄၊ ပုဒ်မ ၁၇ (ခ) ၊ပုဒ်မ ၂၀ (ဂ)၊ ပုဒ်မ ၂၆ (က)၊ ပုဒ်မ ၃၂ (က)၊ ပုဒ်မ ၃၂ (ခ)၊ ပုဒ်မ ၃၉၊ ပုဒ်မ  ၄၀ (ခ)၊ ပုဒ်မ ၄၀ (ဂ) တို့ ဖြစ်သည်။

အထက်ပါ လွှတ်တော်၏ အဆုံးအဖြတ် ရယူမည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုတွင် NLD ပါတီမှ ဦးထွန်းထွန်းဟိန်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်တင်သွင်း ထားသည့် ပုဒ်မ၊ ပုဒ်မခွဲများ ၁၃ ခု ပါဝင်ပြီး ပြည်ခိုင်ဖြိုးပါတီက ဦးစိုင်းသန်းနိုင်၏ ပြင်ဆင်ချက် ပုဒ်မတစ်ခု ပါဝင်သည်။

“ပြောပြရမယ်ဆိုရင် မူလအခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်ပါတယ်။ ပြင်ဆင်တဲ့ ဘာပြင်ဆင်ချင်တဲ့ဆိုတာပါတယ်။ ပယ်ဖျက်ဆိုလည်း ပယ်ဖျက်ပေ့ါ။ ပြီးရင် ကိုယ်စားပြုတင်သွင်းတဲ့ ဘယ်သူဆိုတာလည်းပါတယ်။ ထောက်ခံနဲ့ ကန့်ကွက်ဆိုတာပါတယ်။ အဲဒီထောက်ခံနဲ့ကန့်ကွက်အပေါ်မှာလည်း တစ်ခုပဲ ခြစ်ရမယ်။ အပေါ်မှာလည်း အမှတ်အသားလေးတွေပြထားတယ်။ ထောက်ခံဆိုရင် အမှန်ခြစ်လေးခြစ်ပါ။ ကန့်ကွက်ဆိုရင် ကြက်ခြေခတ်အမှတ် အသားလေးခြစ်ပါလို့ပြောထားတယ်” ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေမူကြမ်းခုနစ်ပါ ပုဒ်မ၊ ပုဒ်မ ခွဲများမှာ ၁၄၂ ချက်ရှိသဖြင့် ဆန္ဒမဲလက်မှတ်မှာ စုစုပေါင်း ကိုးစောင်ဖြစ်သောကြောင့် ပထမဆုံးဆန္ဒမဲလက်မှတ် (၁) အား မဲခွဲဆုံး ဖြတ်သည့်အချိန်ကြာမြင့်မှုပေါ်မူတည်ကာ လာမည့်ရက်များတွင် တစ်ရက်လျှင် ဆန္ဒမဲ လက်မှတ်တစ်ခု သို့မဟုတ် နှစ်ခုမဲခွဲဆုံးဖြတ် မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်နာယကအပါအဝင် မဲပေးပိုင်ခွင့်ရှိသူ ၆၅၄ ဦးသည် ဆန္ဒမဲ လက်မှတ် ကိုးစောင်စလုံးတွင် မဲပေးရမည်ဖြစ်ပြီး မဲရေတွက်ရန်အတွက် လွှတ်တော်သုံးရပ်မှ လက်ထောက်ညွှန်ကြားရေးမှူး အထက်အဆင့်အရာရှိများအပါအဝင် ပါတီအသီးသီး၊ အစုအဖွဲ့အသီးသီးမှကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ရှစ်ဖွဲ့က မဲလက်မှတ်များကို ရေတွက်မည်ဖြစ်သည်။

ဆန္ဒမဲပေးမည့်အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များ၏ ရာခိုင်နှုန်းဖြင့် တွက်ချက်မည်မဟုတ်ဘဲ  ၆၅၄ ဦးသော ကိုယ်စားလှယ်စုစုပေါင်း၏ ရာခိုင်နှုန်းဖြင့်သာ တွက်ချက်မည်ဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးကျော် ထောက်ခံပါက ပြင်ဆင်မည့်ပုဒ်မသည် အောင်မြင်မည်ဖြစ်ကြောင်း ဒေါက်တာမြတ် ဉာဏစိုးက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ဆောင်ရွက်ခဲ့စဉ်က ဆန္ဒမဲလက်မှတ် သုံးခုသာထားရှိပြီး ၄၃၆ (က) အကျုံးဝင်သည့် ပုဒ်မများအတွက် တစ်ခု၊ ၄၃၆ (ခ)အကျုံးဝင် သည့် ပုဒ်များအတွက်တစ်ခုနှင့် နောက်ဆက်တွဲဇယားများအတွက် တစ်ခုသာထားရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အနည်းငယ်သွေဖယ်မှုများရှိခဲ့ကြောင်း ၎င်းကဆိုသည်။

NLD ပါတီမှ ဦးထွန်းထွန်းဟိန်အပါ အဝင် လွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦး တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မအများစုမှာ တပ်မတော်၏အခန်းကဏ္ဍများကို လျှော့ချထားသည့် ပြင်ဆင်ချက်များဖြစ်ပြီး တပ်မတော်သားကိုယ်စားလှယ်များက ယင်းပြင်ဆင်ချက်များအပေါ် လွှတ်တော်အတွင်း ကန့်ကွက်ဆွေးနွေးထားသည်။

ယင်းဥပဒေမူကြမ်းများအနက်မှ ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းထွန်းအပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးက တင်သွင်းထားသည့် ဥပဒေမူကြမ်းပါ ပုဒ်မ ၂၆၁ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ခြင်းနှင့် ပတ်သက်သည့်  ပြင်ဆင်ချက်များကို တိုင်းရင်းသားပါတီလွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးမှုရှိခဲ့ပြီး NLD ပါတီ ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့မှုများရှိသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး နှင့်ပတ်သက်ပြီး NLD ပါတီနှင့်တပ်မတော်ကြား သဘောတူသည့် အချက်မရှိဘဲ ကန့်ကွက်ဆွေးနွေးမှုများသာရှိနေသဖြင့် နှစ်ဖက်စေ့စပ်ညှိနှိုင်းဆောင်ရွက်ကြရန် တိုင်းရင်းသားပါတီကိုယ် စားလှယ်အချို့က တိုက်တွန်းထားသည်။ 

၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူမှသာ ပြင်ဆင်နိုင်မည်ဖြစ်ပြီး ပုဒ်မ ၄၃၆ (က) ပါ ပုဒ်မများမှာ လွှတ်တော်က ပြင်ဆင်ရန်သဘောတူသည့်တိုင် ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲပြုလုပ်ရမည် ဖြစ်သည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၃၈၂ ဦး အများ ဆုံးရှိပြီး  ဒုတိယအများဆုံးမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးနှင့် အခြားသော နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် အရေအတွက်သည် ၁၀၄ ဦးရှိကြောင်း သိရသည်။

 

 

Most Read

Most Recent