မန်စီးတီးအသင်းကို မရွေးချယ်ရန် ဘရူနိုဖာနန်ဒက်စ်အား တိုက်တွန်းခဲ့သည်ဟု မန်ယူတောင်ပံကစားသမားဟောင်း နာနီ ဖွင့်ဟ

မန်စီးတီးအသင်းကို မရွေးချယ်ရန် ဘရူနိုဖာနန်ဒက်စ်အား တိုက်တွန်းခဲ့သည်ဟု မန်ယူတောင်ပံကစားသမားဟောင်း နာနီ ဖွင့်ဟ
Photos : Getty images, A Bola
Photos : Getty images, A Bola
Published 7 March 2020

 

မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအသင်းတွင်ကစားနေသည့် မန်ယူတောင်ပံကစားသမားဟောင်း နာနီက လက်ရှိ မန်ယူအသင်း၌ခြေစွမ်းပြနေသည့် ဘရူနိုဖာနန်ဒက်စ်အား မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းထံ မပြောင်းရွှေ့ရန် အကြံပေးခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

နာနီသည် ၂၀၁၈-၁၉ ရာသီတွင် စပို့တင်းလစ္စဘွန်းအသင်း၌ ရာသီတစ်ဝက်ကျော် ပြန်ကစားစဉ် ဘရူနိုဖာနန်ဒက်စ်နှင့် အသင်းဖော်များ ဖြစ်ခဲ့ခြင်းဖြစ်သည်။

'' သတင်းတွေကို ကြားကြားချင်း မန်စီးတီးအသင်းကို မရွေးချယ်နဲ့၊ တခြားအသင်းတွေကိုလည်း မရွေးချယ်နဲ့၊ မန်ယူအသင်းကိုပဲ မင်းရွေးချယ်ပါလားလို့ ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်။ လအနည်းငယ်ကြာပြီးနောက် သူ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့တယ်။ ကျွန်တော် အရမ်းပျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့အကြံပေးမှုနှင့် သူ့ရဲ့ ရွေးချယ်မှု ထပ်တူကျလို့ပါပဲ။ ကျွန်တော့်အနေနဲ့ သူကစားတာကို ကြည့်ရတဲ့အခိုက်အတန့်ဟာ အလွန်ကောင်းပြီး အကောင်းဆုံးကစားသမားဖြစ်သလို၊ ဂိုးတွေလည်း သွင်းနိုင်သူပါ'' ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် (၂၅)နှစ်အရွယ်ရှိ ကွင်းလယ်လူ ဖာနန်ဒက်စ်၏ပြောင်းရွှေ့ကြေးအတွက် ယူရို ၅၅ သန်းပေးချေခဲ့ပြီး အသင်းကိုရောက်ရောက်ချင်း သူ့အတွက် ပေးချေခဲ့ရမှုနှင့် ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့သည်။

ဖာနန်ဒက်စ်သည် မန်ယူအသင်းနှင့် ပထမဆုံး(၇)ပွဲတွင် (၃)ဂိုးသွင်းယူကာ (၂)ဂိုးဖန်တီးပေးနိုင်ခဲ့သည်။

 

Most Read

Most Recent