ဒိန်းမတ်လက်ရွေးစင်ဘောလုံးသမားဟောင်း ခါလန်ဘတ် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက် ဒိန်းမတ်လိဂ်မှကစားသမား (၄)ဦးအပါအဝင် စောင့်ကြည့်ခံထားရသူ (၁၃)ဦးအထိရှိနေ

ဒိန်းမတ်လက်ရွေးစင်ဘောလုံးသမားဟောင်း ခါလန်ဘတ် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက် ဒိန်းမတ်လိဂ်မှကစားသမား (၄)ဦးအပါအဝင် စောင့်ကြည့်ခံထားရသူ (၁၃)ဦးအထိရှိနေ
Published 7 March 2020

 

ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ခါလန်ဘတ်သည် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီးနောက် ဒိန်းမတ်လိဂ်မှ ကစားသမား(၄)ဦးအပါအဝင် (၁၃)ဦးကို သီးသန့်စောင့်ကြည့်နေကြောင်း သိရသည်။

(၃၆)နှစ်အရွယ်ရှိ ခါလန်ဘတ်မှာ အော်ဇေး၊ ဝုလ်ဖ်ဘတ်၊ အီဗီယန်အသင်းများတွင် ကစားခဲ့ဖူးကာ ကစားသမားဘဝစတင်ခဲ့သည့် ဒိန်းမတ်ကလပ် ဘရွန်ဘီအသင်း၌ ၂၀၁၆-၁၇ ရာသီက နောက်ဆုံးကစားခဲ့ပြီး ကစားသမားဘဝမှ အနားယူခဲ့သည်။

၎င်းအနေဖြင့် ပြီးခဲ့သည့်အပတ်က နယ်သာလန်မြို့တော် အမ်စတာဒမ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဘရွန်ဘီ(၁-၀)လင်းဘီ ပွဲကို လာရောက်ကြည့်ရှုခဲ့သည်ဟု ဘရွန်ဘီအသင်းပြင်ပဆက်ဆံရေးဒါရိုက်တာ ခရစ္စတီယန်ရှူလ်ဇ်က ပြောကြားခဲ့သည်။

စောင့်ကြည့်ခံရသူများထဲတွင် ဘရွန်ဘီအသင်းမှ လူငယ်နောက်ခံလူ ကာဘွန်ဂို၊ လက်ထောက်နည်းပြ မာတင်ပီထရော့ဗ်(ဒိန်းမတ်လက်ရွေးစင်ဂိုးသမားဟောင်း)၊ လင်းဘီအသင်းမှ ကစားသမား(၃)ဦးနှင့်အပြင် အခြားအသင်းဝန်ထမ်း(၉)ဦးတွင် အမှုဆောင်ချုပ် အိုလေပယ်လ်မာ၊ Psychologist (၁)ဦးနှင့် Data Analyst(၁)ဦးလည်း ပါဝင်လျက်ရှိသည်။

ကာဘွန်ဂိုသည် ပွဲအပြီးတွင် အသင်းဖော်ဟောင်း ခါလန်ဘတ်နှင့်တွေ့ဆုံကာ လက်ဆွဲနှုတ်ဆက်ခဲ့ပြီး လင်းဘီအသင်းမှ ကွင်းလယ်လူ အွန်းစကော့ဗ်၊ ညာနောက်ခံလူ ကက်စပါယော်ဂန်ဆန်နှင့် ဘယ်နောက်ခံလူ ပက်ထရစ်ဒါဆေးလ်ဗား စသည့်ကစားသမားများမှာလည်း ပွဲအပြီး ခါလန်ဘတ်နှင့်တွေ့ဆုံခဲ့မှုကြောင့် (၁၄)ရက်ကြာ စောင့်ကြည့်ခံရမည်ဖြစ်သည်။

ခါလန်ဘတ်နှင့် အမ်စတာဒမ်တွင်တွေ့ဆုံခဲ့သည့် လီဗာပူးလ်ကွင်းလယ်လူဟောင်းဖြစ်သူ အေဂျက်စ်လက်ထောက်နည်းပြ ခရစ္စတီယန်ပေါလ်ဆင်မှာလည်း သံသယရှိသူအဖြစ် စောင့်ကြည့်ခံထားရကြောင်း သိရသည်။

ဒတ်ချ်သတင်းစာ De Telegraaf မှဖော်ပြမှုတွင် အေဂျက်စ်အသင်း၏ Exercise Physiologist ရွှန်းမိတ်ကာနှင့် အသင်း Physiotherapistများထဲမှ တစ်ဦးမှာလည်း စောင့်ကြည့်စာရင်းတွင် ပါဝင်လျက်ရှိသည်။

 

Most Read

Most Recent