လက်ပံတောင်းတောင်ကြေးနီစီမံကိန်းပြဿနာများကို လက်ကျန်သက်တမ်းအတွင်းဖြေရှင်းပေးရန်နှင့် ပြတ်အောင်လုပ်ရန်လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းပြဿနာများကို လက်ကျန်သက်တမ်းအတွင်းဖြေရှင်းပေးရန်နှင့် ပြတ်အောင်လုပ်ရန်လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 7 March 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပြဿနာများကို လက်ကျန်သက်တမ်းအတွင်း ဖြေရှင်းပေးရန်နှင့် ပြတ်အောင်လုပ်ရန်လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောကြားသည်။

မတ် ၆ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် လက်ပံတောင်းကြေးနီးစီမံကိန်းနှင့် ပတ်သက်ပြီး လွှတ်တော်တွင်း မေးခွန်းနှစ်ခု မေးမြန်းခဲ့သည့် စစ်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်အား လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် လက်ပံတောင်းတောင် ကြေနီစီမံကိန်းနှင့်ပတ်သက်၍ မီဒီယာများကမေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ မေးခွန်းနှစ်ခုမေးတယ်။ မေးခွန်းတစ်ခုကတော့ လက်ပံတောင်းတောင် မြေငှားခ ၂၈ သိန်းကျော်ပဲရတယ်။ မြေ ၇၈၆၇ ကျော်ပေါ့။ ဒီလောက် ၇၈၀၀၊ ၈၀၀၀ နီးပါး ရှိတဲ့ဧကအတွက် တစ်နှစ်ကို မြေငှားခ ၂၈ သိန်းကျော်ပဲရတယ်ဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံတော်အနေနဲ့ နစ်နာတယ်။ နစ်နာတဲ့အတွက် ကာလပေါက်စျေးနဲ့ တိုးပေးဖို့ အစီအစဉ် ရှိ၊ မရှိပေါ့။ အဲဒါကို မေးတာကို မေးခွန်းအဖြေကို တိတိကျကျ ဖြေမသွားဘူးလို့ ယူဆတယ်။ တခြား အခွန်အခတွေ တိုးပေးမယ်။ တိုးပေးနေပါတယ်၊ ဘာညာ ဒီလောက် ပဲဖြေတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။

မြေငှားခနှင့်ပတ်သက်၍ မည်မျှတိုးပေးမည်ဆိုသည်ကို ဖြေမသွားခြင်း၊ နံပါတ်တစ် မေးခွန်း၏အဖြေသည် ကျေနပ်လောက်စရာမရှိကြောင်းနှင့် ဒုတိယမေးခွန်းသည် လက်ပံတောင်းတောင်တွင် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး မယူသေးသော တောင်သူများနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်ပေးမလဲဆိုသည်ကို မေးမြန်းခြင်းဖြစ်ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တိုက်ပွဲတွေလည်း အကြိမ်ကြိမ်ဖြစ်ခဲ့ကြတယ်။ အစဉ်အဆက်ပဲ ဒဏ်ရာရ၊ သေကြေတဲ့လူတွေလည်း သေတယ်။ ဒါပေမဲ့ ဒီနေ့အထိ ရလဒ်က ဘာမှမဖြစ်ဘူး။ အဲဒီတော့ ကျွန်တော်အနေနဲ့ မေးရတဲ့အကြောင်းရင်းကတော့ ဒီနေ့ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးမယူသေးဘဲနဲ့ သူတို့ရဲ့မူပေါ်မှာပဲ အစဉ်တစိုက်ရပ်တည်ခဲ့တဲ့ တောင်သူတွေ၊ ဒေသခံတွေ အများကြီးနစ်နာနေတယ်။ အလုပ်အကိုင်အခွင့်အလမ်းလည်း မရှိဘူး။ တခြားဘာမှလည်း လုပ်စရာမရှိဘူးဆိုတော့ ဒီရွာတွေကို လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ သွားတဲ့အခါမှာ တော်တော်ကို ဆင်းရဲနုံချာတဲ့ဘဝနဲ့ ရင်ဆိုင်နေရတယ်။ သောက်ရေဆိုလည်း Chemical တွေ ပါနေတဲ့ ရေတွေ၊ အိမ်လေးတွေကလည်း ဓနိမိုး၊ ထရံကာတွေနဲ့ ဘာမှအလုပ်အကိုင်မရှိတော့။ ဒါတစ်ခုခုတော့ ဒီမိုကရေစီအစိုးရခေတ်မှာ ဖြေရှင်းပေးဖို့လိုတယ်။ ပြတ်အောင်လုပ်ဖို့လိုတယ်ပေါ့။ အခု ရှစ်လ၊ ၁၀ လလောက်ပဲ ကျန်တော့တယ်။ ဒီအစိုးရသက်တမ်း။ ပြတ်အောင်လုပ်ဖို့လိုတယ်ဆိုပြီးတော့ မေးခဲ့တယ်။ ဒါပေမဲ့ အဲဒီမေးခွန်းကိုလည်း Negative ဖြေသွားတာတွေ့ရတယ်။ Negative ဆိုတာက ဆက်စပ်မေးခွန်းလည်း ဒါကြောင့်မေးတာပါ” ဟုပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ လယ်ယာမြေများ သိမ်းဆည်းခံခဲ့ရသည့် တောင်သူများသည် တစ်ဧကလျှင် သိန်း ၁၉၀ တောင်းဆိုနေသော်လည်း ယင်းပမာဏနီးပါးခန့်ရရှိပါက လက်ခံနိုင်ကြောင်းကို ဆွေးနွေးရာတွင် သိခဲ့ရကြောင်း၊ လျော်ကြေးပေးခဲ့သည့် ၂၀၁၃ မှ ၂၀၂၀ အထိ ခြောက်နှစ်ကျော်ကာလအတွင်း ကုန်စျေးနှုန်းတက်ခြင်း၊ ငွေတန်ဖိုးကျခြင်းများကြောင့် လက်ရှိကာလနှင့် ထိုက်တန်သော လျော်ကြေးကို လိုခြင်းကြခြင်းဖြစ်ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။

“တစ်ဧကကို သိန်း ၁၉၀ လျော်ကြေး မပေးနိုင်သည့်တိုင်အောင် မပေးနိုင်ဘူးဆိုတာလည်း သိတယ်။ သို့သော် မပေးနိုင်သည့်တိုင်အောင် ဘဏ်တိုးနှုန်း၊ ၂၀၁၃ တည်းက သူတို့ကို လျော်ကြေးပေးဖို့ငွေတွေကို ဝမ်ပေါင်ကနေပြီးတော့ ဘဏ်မှာ ထည့်ထားတယ်လို့ပြောတယ်။ ဆိုတော့ ဘဏ်တိုးနှုန်းတွေ တက်နေပြီ။ အဲဒီဘဏ်တိုးနှုန်းရယ်၊ ဘဏ်စာအုပ်ရယ်၊ ခုနက ၁၀ ဧက အထိကို ဒေါ်လာ ၇၀ ပေါ့၊ ၁၀ ဧကကျော်ရင် ဒေါ် လာ ၁၂၀၊ ဒီထက်ကျော်ရင် ၁၅၀ ပေါ့။ အဲဒီ ငွေတွေကို စုစုပေါင်းလိုက်ရင်၊ နောက်ကျန်တဲ့ မြေယာနစ်နာကြေး၊ သီးနှံနစ်နာကြေးပေါ့၊ စုစုပေါင်းလိုက်ရင် တကယ်ဖြေရှင်းချင်တယ်ဆိုရင် အဲဒါတွေ စုစုပေါင်းလိုက်ရင် တွက်ကြည့်။ အခု အချက်လေးချက်ကို နှုတ်နဲ့သဘောတူတာပေါ့” ဟု ဦးရဲထွဋ်က ပြောကြားသည်။

မူလက နှုတ်ဖြင့် သဘောတူထားသည့် ကိစ္စရပ်များရှိခြင်းကြောင့် အမှန်တကယ် ပြဿနာကို ဖြေရှင်းချင်ပါက တစ်ဧကလျော်ကြေးအပြင် အတိုးနှုန်းများ၊ ဘဏ်စာအုပ်များနှင့် သီးနှံနစ်နာကြေးအတွက် မည်မျှပေးမည်ဆိုပါက လက်ခံမည့်သဘောရှိပြီး တစ်ဧကလျော်ကြေး ကျပ်သိန်း ၁၉၀ မရသည့်တိုင် ယင်းပမာဏနီးပါးပေးနိုင်မည်ဆိုပါက လျော်ကြေးယူကြမည်ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးရဲထွဋ်၏ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ကြေးနီသတ္တုတွင်း(မုံရွာ)အား လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်း လုပ်ဆောင်ရန်အတွက် လယ်မြေနှင့် ယာမြေ၊ မြေငှားရမ်းခ နှုန်းထားများအား ပြင်ဆင်တိုးမြှင့် သတ်မှတ်ပေးရန်အစီအစဉ် ရှိ/ မရှိနှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပတောင်းတောင် ကြေးနီစီမံကိန်းအတွက် ယနေ့တိုင် မြေယာ၊ သီးနှံလျော်ကြေးထုတ်ယူခြင်းမရှိသေးသော တောင်သူများအား ယနေ့ဖြစ်ပေါ်နေသော ကာလပေါက်စျေးဖြင့် ပေးလျော်ရန် အစီ အစဉ် ရှိ^မရှိ တို့နှင့်စပ်လျဉ်းသည့် မေးမြန်း မှုများကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်၌ ပြန်လည်ဖြေကြားရာတွင် ၂၀၁၃ ခုနှစ်က မေ ၁၁ ရက်က ထုတ်ပြန်ခဲ့သည့် ပထမအ ကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် စုံစမ်းစစ်ဆေးရေးကော် မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြု ချက်များအတိုင်း မြေယာနစ်နာကြေး၊ မြေ ယာထောက်ပံ့ကြေးများကို ထပ်မံပေးလျော် လျက်ရှိကြောင်းနှင့် စီမံကိန်းအတွက် မြေ ငှားရမ်းခများကို နိုင်ငံတော်အစိုးရမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သတ်မှတ်ထားသော နှုန်းထားများအတိုင်း နှစ်စဉ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အတိအကျပေးသွင်းလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။  

 

 

Most Read

Most Recent